မင်္ဂလာဒုံမြို့နယ် သန့်ရှင်းသာယာလှပရေးနှင့် မြို့တွင်းလမ်းများကောင်းမွန်ရေး ရန်ကုန်မြို့တော်ဝန်နှင့် ဒုတိယမြို့တော်ဝန် ကွင်းဆင်းစစ်ဆေး


ရန်ကုန် မေ ၆
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် အတူယနေ့နံနက်ပိုင်းက  မင်္ဂလာဒုံမြို့နယ်၊ လမ်းဆုံပိုင်းရပ်ကွက်နှင့် စျေးပိုင်းရပ်ကွက်အကြား ထောက်ကြန့်လမ်းဆုံသို့သွားရောက်၍ စည်ပင်သာယာ ဝန်ထမ်းအင်အားဖြင့် လမ်းမပေါ်သန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လမ်းရေဆေးကြောခြင်းကို မြို့ပတ်လမ်းဆုံအထိ ဆက်လက်ဆောင်ရွက်ရန်နှင့် ဂျိုးဖြူရေပိုက် လိုင်း ဝဲ/ယာ နယ်နိမိတ်အတွင်း ကျူးကျော် တည်ဆောက်မှုများ ဖယ်ရှားရှင်းလင်း၍ သန့်ရှင်းသာယာလှပရေးဆောင်ရွက်ရန်မှာကြားသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် စျေးများနှင့် ကုန်စည်ပွဲရုံများဌာန ထောက်ကြန့် ရတနာစျေးသို့ သွားရောက်၍ ကုန်စျေးနှုန်းတည်ငြိမ်စေရေး၊ ရောင်းချလျက်ရှိသည့် ဟင်းသီးဟင်းရွက်နှင့် သားငါးများ သန့်ရှင်းလတ်ဆတ်မှု ရှိ/မရှိ အစားအစာများတွင် ဓာတုဆိုးဆေးများ သုံးဆွဲထားမှု ရှိ/မရှိနှင့် အလေးချိန်ခွင် မှန်ကန်စွာ ရောင်းချမှုရှိစေရေး ဆောင်ရွက်မှုအခြေအနေများကို ကြပ်မတ်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
ထိုမှတစ်ဆင့် မြို့တော်ဝန်နှင့်အဖွဲ့သည် ဧကရာဇ်ရပ်ကွက်၊ ရန်ကုန် - ပဲခူးလမ်းရှိ စျေးများနှင့် ကုန်စည်ပွဲရုံများဌာန၊ ရတနာသီရိစျေးသို့ သွားရောက်၍ ခြံစည်းရိုးကာရံမှု၊ လွတ်လပ်ရေး ကျောက်တိုင် စိုက်ထူထားရှိမှု၊ ရေစီးရေလာ ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်ချက်များကို မှာကြားသည်။    
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ရန်ကုန်-ပဲခူးလမ်းနှင့် မြို့ပတ်လမ်းထောင့်ရှိ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန၊ မြနန္ဒာ ပန်းခြံသို့သွားရောက်၍ ပန်းခြံအတွင်း စိမ်းလန်းစိုပြည်စေရေးအတွက် မြက်ခင်းများဖြတ်ညှိ၍ မြေယာရှုခင်း ဆောင်ရွက်နေမှု၊ ပန်းအလှပင်များ စိုက်ပျိုးထားရှိမှု၊ ရန်ကုန်-ပဲခူးလမ်းနှင့် မြနန္ဒာပန်းခြံအကြား အရှည် ၅၀၀ ပေ၊ အုတ်ရေမြောင်း တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာစံပြကျေးရွာ၊ ပုလဲ (၂) ရပ်ကွက်၊ ဇလပ်လမ်းအား ကွန်ကရိခင်းကျင်း ပြီးစီးမှု၊ တောင်ဥက္ကလာပမြို့နယ်၊ ၅ ရပ်ကွက်၊ ပါရမီလမ်းတွင် တကောင်းမြောင်းသို့ စီးဆင်းသည့် ပါရမီလမ်း အုတ်ရေမြောင်း တည်ဆောက်နေမှု၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ စက်မှု (၃) လမ်းတွင် ခုနှစ်ပင်လိမ်ချောင်းနှင့် စက်မှုရတနာလမ်းအကြား ကွန်ကရိခင်းကျင်း လမ်းအဆင့်မြှင့်တင်နေမှု၊ သာကေတမြို့နယ်၊  ၇/ အရှေ့ရပ်ကွက်၊ ပိတောက်ရွှေဝါလမ်းနှင့် သာကေတအဝိုင်းအကြား လမ်းသားတိုးချဲ့ ကွန်ကရိခင်းကျင်းနေမှု၊ ယာဉ်ရပ်နားရန်နေရာ တည်ဆောက်နေမှုနှင့် အုတ်ရေမြောင်း တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်