"မင်္ဂလာရက်မြတ်" ရုပ်ရှင် ဇာတ်ကား နိုဝင်ဘာ ၂၃ ရက်မှ စတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်

ရန်ကုန် ၂၀  နိုဝင်ဘာ 

 

ရွှေစည်တော် ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်) ရိုက်ကူးထားသည့် "မင်္ဂလာရက်မြတ်" ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်း အကြိုမိတ်ဆက်ပွဲအဖြစ် နိုဝင်ဘာ ၁၈ ရက် ညနေ ၆ နာရီခွဲက ရန်ကုန်မြို့၊ Junction City ရှိ  JCGV ရုပ်ရှင်ရုံ၌ ပြသခဲ့ပြီး နိုဝင်ဘာ ၂၃ ရက်မှ စတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

 

သရုပ်ဆောင် ထွန်းထွန်းက "ဒီကားက ၂၀၁၆ ခုနှစ်က ကြိုးစားထားတဲ့ ကားလေးပါ။ ဟာသကား ဆိုပေမယ့် ဒဿနလေးတွေလည်းပါတယ်။ သူငယ်ချင်း သံယောဇဉ်တွေနဲ့ ပျော်ရွှင်ဖွယ်ရသလေးတွေကိုလည်း ပေးထားပါတယ်။ ဒီကားကို ရိုက်တဲ့အချိန်မှာ ဒါရိုက်တာက အဓိက လိုအပ်တာတွေ သင်ပေးတယ်။ ကျွန်တော်နဲ့ ကိုပြေတီဦးတွဲပြီး သရုပ်ဆောင်တဲ့ အခါမှာ သဟဇာတ ဖြစ်အောင်၊ ကိုယ်တိုင်လည်း လိုက်နိုင်အောင်၊ မကျန်ခဲ့အောင်ကြိုးစားထားတယ်။ ရုပ်ရှင်ဇာတ်ကားတွေမှာ ဇာက်ကောင်စရိုက်အပိုင်းက အမြဲတမ်း စိန်ခေါ်မှုလေးတွေရှိနေတဲ့အတွက် အမြဲတမ်း ကြိုးစားနေပါတယ်" ဟုပြောသည်။

 

 

အဆိုပါ ဇာတ်ကားတွင် ပြေတီဦး၊ ထွန်းထွန်း၊ မိုးဟေကို၊ မိုးပြည့်ပြည့်မောင်၊ ယွန်းရွှေရည်၊ အရိုင်း၊ ညောင်ညောင်၊ ကင်းကောင်၊ ငှက်ပျောကြော်၊ ဟိန်းမင်း၊ ဇင်မျိုး၊ နန္ဒကျော်စွာ၊ နေလင်း၊ တင်ဇာဝင်းပြည့်၊ ရဲလေး၊ ထက်ကိုလင်း၊ အေးအေးခိုင်၊ အေးသီတာ၊ မျိုးမျိူးခိုင်၊ ဝေယံမောင်နှင့် အနုပညာရှင်များ ပါဝင်ထားကာ မိသားစု မေတ္တာဖွဲ့ ဟာသဇာတ်လမ်း ဖြစ်သည်။

 

 

သရုပ်ဆောင် မိုးပြည့်ပြည့်မောင်က "ကိုယ်ချစ်တဲ့သူကို မိဘတွေက သဘောမတူတဲ့အတွက် သူနဲ့ဘယ်တော့ မင်္ဂလာရက်မြတ် နီးရပါ့မလဲဆိုတဲ့ ချစ်သူရဲ့ ကြိုးစားမှုကို မကျေနပ်တဲ့ ဟာသဇာတ်ကောင်စရိုက်မျိုး ပါဝင်ထားတာတယ်။ ပျော်ရွှင်စရာ အချစ်ဟာသ ဇာတ်ကားလေးပါ။ ပရိတ်သတ်တွေရဲ့ စိတ်ဖိစီးမှုတွေအတွက် ခဏတာ ပျော်ရှင်မှုကို ဒီဇာတ်ကားလေးက အာခံပါတယ်" ဟုပြောသည်။

 

 

သရုပ်ဆောင် ဇင်မျိုးက "ဒီကားက ရိုက်ထားတာ နည်းနည်းကြာပြီ ဆိုပေမယ့် ပရိသတ်တွေအတွက် ရသမြောက်ပြီး လတ်ဆတ်နေမှာပါ။ ဇာတ်ကောင်စရိုက်ကတော့ ထွန်းထွန်းရဲ့ သူငယ်ချင်းတစ်ယောက်အနေနဲ့ ပါဝင်ထားပါတယ်။ ပျော်စရာဇာတ် ကားလေးပါ။ ရိုက်နေတုန်းက ပျော်စရာလည်းကောင်းတယ်။ ရီလည်းရီရတယ်" ဟု ပြောသည်။

 

အဆိုပါဇာတ်ကားကိုရိုက်ကူးခဲ့သည်မှာ နှစ်နှစ်ကျော်ခန့်ရှိပြီဖြစ်ကြောင်း၊ မြန်မာ့ရုပ်ရှင် ဇာတ်လမ်းများ တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာသည့်အပြင် ပရိသတ်များအနေဖြင့် ဇာတ်ပို့၊ ဇာတ်ရန်များကို အဓိကထား အားပေးမှုများ ရှိလာသည် ကိုတွေ့ရကြောင်း သရုပ်ဆောင် ဟိန်းမင်းကဆိုသည်။

 

လူငယ်အချင်းချင်း ဖေးမကူညီမှုကိုပြသခြင်း၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုများအား ပြကွက်အချို့ဖြင့် ပြသခြင်း၊ လူငယ်သဘာဝ ချစ်ခြင်းမေတ္တာတရားကို မိဘတို့မှ မိဘဝတ္တရားရှိသည့်အတိုင်း သားသမီးတို့အပေါ် တာဝန်ကျေပွန်စွာ ထိမ်းမြားလက်ထပ်ပေးခြင်းတို့အပြင် လူငယ်တို့၏ ရပ်ရွာအကျိုးသယ်ပိုးပုံတို့ကို ပေါ်လွင်စေရန် ရည်ရွယ်ရိုက်ကူးထားခြင်းဖြစ်သည်။

 

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်