မြင်းခြံဒေသရှိ ပြောင်းစိုက်တောင်သူများ ပြောင်းဈေးကောင်းသော်လည်း အထွက်နှုန်းမကောင်း၍ အဆင်မပြေ

မြင်းခြံ   ၁၅  ဇန်နဝါရီ

 

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်ရှိ ပြောင်းစိုက်ခင်းများ ခုတ်သိမ်းလျက်ရှိပြီး ပြောင်းဈေးကောင်းသော်လည်း အထွက်နှုန်းမကောင်း၍ ပြောင်းစိုက်တောင်သူများ အဆင်မပြေကြောင်း မြင်းခြံမြို့နယ် ဖက်ရင်းကျေးရွာမှ ပြောင်းစိုက်တောင်သူများထံမှ သိရသည်။

 

“ကျွန်တော်တို့ဒေသမှာ ရွှေနီပြောင်းနဲ့ ရိုးရိုးပြောင်း နှစ်မျိုးစိုက်ကြတယ်၊ ကျွန်တော်ကတော့ ရွှေနီပြောင်း သုံးဧကခွဲ စိုက်ထားတာကို တင်း(၂၀)လောက်ပဲ ထွက်တယ်၊ မနှစ်က ပြောင်းတစ်ဧကကို ၁၅ တင်း၊ ၂၀ တင်းခန့် ထွက်တယ်၊ ဒီနှစ်က ပြောင်းဈေးကောင်းပေမယ့် အထွက်နှုန်းမကောင်းတော့ အဆင်မပြေဘူး၊ မြေငှားရမ်းခနဲ့တွက်ရင် အရင်းတောင်ရှုံးတယ်၊ ကျွန်တော်က ကိုယ်ပိုင်မြေမို့ အိတ်ထဲက မစိုက်ရတာ၊ ဒီနှစ်တော့ ကျွန်တော်တို့ ဒေသက ကျေးရွာတွေဖြစ်တဲ့ ရသာ၊ ဖက်ရင်း၊ လေးတန်း၊ လယ်ကျဉ်းဦး၊ တိုက်ရွာ၊ သသျှစ်ကန်၊ ကတတ်ပင် အစရှိတဲ့ ကျေးရွာက တောင်သူတွေ အဆင်မပြေဘူး” ဟု ဖက်ရင်းကျေးရွာမှ ပြောင်းစိုက်တောင်သူ ဦးငွေကြိုင်က ပြောသည်။

 

လက်ရှိတွင် မြင်းခြံမြို့ပေါ်၌ ပြောင်းတစ်တင်းလျှင် ငွေကျပ် ၁၂၀ဝ၀ ကျော် ပေါက်ဈေးရှိကာ ပြောင်းစိုက် တောင်သူများသည် နွားစာဖူလုံရေးအတွက် အဓိကထားစိုက်ပျိုးသော်လည်း ပြောင်းဈေးနှုန်းကောင်းပြီး ပြောင်းအထွက်နှုန်းမကောင်း၍ ပြောင်းစိုက်တောင်သူများ အဆင်မပြေကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)