မြင့်မြတ်၊ ဆန်းထွဋ်နှင့် ဝတ်မှုံရွှေရည်တို့ ပါဝင်ထားသည့် ‘ခရေ’ ရုပ်ရှင်ဇာတ်ကား ရုံတင်ပြသတော့မည်

ဂါးမင်းရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ထားပြီး ဒါရိုက်တာဝိုင်း ဇာတ်ညွှန်းရေးသား ဖန်တီးရိုက်ကူးသည့် ‘ခရေ’ ဟု အမည် ပေးထားသော ရုပ်ရှင်ဇာတ်ကားကြီးကို စက်တင်ဘာ ၅ ရက်တွင် စတင်ရုံတင် ပြသသွားမည်ဖြစ်ပြီး မြင့်မြတ်၊ ဆန်းထွဋ် နှင့် ဝတ်မှုံရွှေရည်တို့အပြင် အခြားသော အနုပညာရှင်များစွာလည်း ပါဝင်ထားသော ဒရာမာဇာတ်ကားအမျိုးအစားဖြစ် ကြောင်းသိရသည်။

“ဒီကားက အချစ်၊ ဒရာမာ ဇာတ်လမ်း အမျိုးအစားလေးပါပဲ၊ ပရိသတ်အကြိုက် တစ်မျိုးစီ ခံစားနိုင်မယ့် ဇာတ်ကားလေး တစ်ကားပါ၊ အခုနောက်ပိုင်း ကားတွေမှာ ဟာသကားနဲ့ အက်ရှင်ကားတွေလောက်သာ တွေ့နေရပြီး ဒရာမာကားတွေက ခပ်ရှားရှား ဖြစ်နေသလိုမျိုးဆိုတော့ ဒရာမာကြိုက်တဲ့ ပရိသတ်အတွက်တော့ အကြိုက်တွေ့စေမှာပါ၊ လောကမှာ အချို့လူတွေက ပေးမှန်းသိရင် တောင်းတတ်တယ်၊ လုပ်ပေးမှန်းသိရင် ခိုင်းတတ်တယ်၊ ခံနေမှန်းသိရင် ပိုနင်းတတ်တယ်ဆိုတဲ့ စကားစုလေးအတိုင်းပေါ့နော်၊ လူငယ်လေးတစ်ယောက်က သူချစ်တဲ့ ကောင်မလေးအတွက်ဆိုရင် သူ့ဘဝကိုတောင် စတေးရဲတယ်ဆိုတာကို ပြသထားတဲ့ ကားလေးတစ်ကားပါ”ဟု နဂါးမင်း ရုပ်ရှင်ထုတ်လုပ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ငယ်ဘဝကတည်းက ငွေကြေးမပြည့်စုံခဲ့သော လူငယ်ကောင်လေးတစ်ယောက် နှင့် ကောင်မလေးတစ်ယောက်တို့တွင် ကိုယ်စီမက်ခဲ့ကြသည့် အိပ်မက်များစွာ ရှိခဲ့ကြသည်။ မပြည့်စုံခြင်းများကြောင့် အရာရာနဲ့ယှဉ်လျှင် နောက်ကျနေသောဘဝတွင် ကိုယ်ချစ်ရသည့် ချစ်သူကို အကောင်းဆုံးတွေသာ ပေးချင်ခဲ့သူ၊ ကိုယ့်ချစ်သူ၏ဘဝ အဆင်ပြေအောင် ကိုယ့်ဘဝနှင့်ရင်းပြီး ဖန်တီးပေးချင်သူ၊ ကိုယ်ငယ်စဉ်ကတည်းက တစ်ဖက်သတ် ချစ်ရသူအတွက် ကိုယ့်ဘဝတစ်ခုလုံးကို စတေးနိုင်သည့် မိုက်ရူးရဲဆန်သည့်အချစ်မျိုးနှင့် ချစ်ပြမည့် ကောင်လေးတစ်ယောက်အကြောင်း စသည်တို့ကို ခရေရုပ်ရှင် ဇာတ်ကားကြီးတွင် ကြည့်ရှုခံစားနိုင်မည် ဖြစ်သည်။

ကိုလင်း