မြှင့်တင်စေချင် အမျိုးသမီးဂုဏ်အင်

ခိုင်ယဉ်မွန်သန့်

လူမှုဝန်းကျင်တွင် တန်ဖိုးထားရမည့် ဓလေ့ထုံးတမ်းအစဉ်အလာများ များစွာရှိသည်။ တန်ဖိုး ထားရမှန်းသိသော လူမျိုးသည် ကြီးပွားတိုးတက်၍ တန်ဖိုးမသိသော လူမျိုးတို့မှာ နိမ့်ပါးပျက်စီးရတတ်သည်။ လူ့ဝတ္တရား၌မရှိသောအရာကို ကြိုးစားရှာဖွေရသလို ရှိပြီးသားအရာများကိုလည်း တန်ဖိုးထားတတ်ရန်လိုသည်။ ကျွန်မတို့တိုင်းပြည်သည် လူ့အခွင့်အရေးကို ရှေးဦးသမိုင်းကတည်းက လေးစားလိုက်နာခဲ့သည့် တိုင်းပြည်ဖြစ်သည်။ အထူးသဖြင့် အမျိုးသမီးအခွင့်အရေးကို လေးစားတန်ဖိုးထားသည့် တိုင်းပြည်လည်းဖြစ်သည်။ အမျိုးသမီးများ၏ အခွင့်အရေးများဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ ကျား၊ မ တန်းတူအခွင့်အရေး စသည့်အခွင့်အရေးများ အပြည့်အဝခံစားရရှိစေနိုင်ရန်နှင့် အမျိုးသမီးများ၏ဘဝများကို ထိန်းသိမ်း စောင့်ရှောက်မြှင့်တင်ပေးရန် လိုအပ်သည်။

နယ်ပယ်အသီးသီး၌ အမျိုးသမီးပါဝင်နိုင်မှု ပမာဏပိုမိုတိုးတက်လာအောင်လည်း ဦးစားပေး ဆောင်ရွက်သင့်သည်။ ယနေ့ကမ္ဘာတွင် နိုင်ငံကို အုပ်ချုပ်ခေါင်းဆောင်မှုပြုနိုင်သော အမျိုးသမီးသမ္မတများ၊ ဝန်ကြီးချုပ်များ၊ အတိုင်ပင်ခံများလည်း ရှိပါသည်။ အုပ်ချုပ်မှုကအပြင် အခြားသော စီးပွားရေး၊ ပညာရေး၊ လူမှုရေးနယ်ပယ်များတွင်လည်း အမျိုးသမီးအသိပညာရှင်၊ အတတ်ပညာရှင် များ ပါဝင်ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတကာပညာတော်သင်များအဖြစ် ပြုစုပျိုးထောင်ခဲ့
မြန်မာ့သမိုင်းကို လေ့လာကြည့်လျှင်လည်း မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်တွင်ပင် ပညာရပ်နယ်ပယ်စုံမှ အမျိုးသမီးပညာရှင်များကို နိုင်ငံတကာပညာတော်သင်များအဖြစ် ပြုစုပျိုးထောင်ခဲ့သည်ကို တွေ့နိုင်သည်။ ထိုအကျိုးဆက်ကြောင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ရာထူးနေရာကြီးများတွင် တာဝန်ယူခဲ့သူ ပညာရှင်အမျိုးသမီးများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ထိုကာလတွင် ထူးခြားသည့် ဆောင်ရွက်မှုများအနေဖြင့် မြို့ပြသယ်ယူပို့ဆောင်ရေးစနစ်တွင် အမျိုးသမီး သီးသန့်ယာဉ်များ စီစဉ်ပေးခြင်းမျိုး ဆောင်ရွက်ခဲ့သလို အလုပ်အကိုင်အခွင့်အလမ်းများ အနေဖြင့်လည်း စီမံခန့်ခွဲမှုအလွှာမှစ၍ စက်ရုံဝန်ထမ်းများ၊ အလုပ်ရုံဝန်ထမ်းများ၊ အရောင်းဆိုင် ဝန်ထမ်းများ၊ အမျိုးသမီးယာဉ်နောက်လိုက်များအထိ အလုပ်အကိုင်များ ဖန်တီးပေးသည်ကို သမိုင်းမှတ်တမ်းများတွင် အလွယ်တကူလေ့လာတွေ့ရှိနိုင်သည်။ ခေတ်အဆက်ဆက် မြန်မာအမျိုးသမီးတို့သည် အမျိုးသားရေးလှုပ်ရှားမှုများတွင် လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများတွင်လည်းကောင်း၊ ဇွဲစိတ်သန်စွာ တိုင်းပြည်ချစ်စိတ်အပြည့်ဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့သည်မှာ ယုံမှားဖွယ်ရာမရှိသောကြောင့် မြန်မာအမျိုးသားတို့ကို အုတ်တစ်ချပ်ဟုဆိုလျှင် မြန်မာ အမျိုးသမီးတို့ကို သဲတစ်ပွင့်အဖြစ် တင်စားနိုင်သည်။
 
လူအိုရုံစတင်ထူထောင်သူ

မြန်မာနိုင်ငံတွင် လူအိုရုံ (ယခုဘိုးဘွားရိပ်သာ) ကို စတင်ထူထောင်သူမှာလည်း ဒေါ်ဦးဇွန်းဟူသည့် သူတော်ကောင်း မြန်မာအမျိုးသမီးကြီးပင်ဖြစ်သည်။ ၁၉၁၅ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ပထမဦးဆုံး မင်းကွန်းလူအိုရုံကို စတင်တည်ထောင်ခဲ့ပြီး  မြန်မာပြည်အတွင်း များစွာသောလူအိုရုံများ  တည်ထောင်နိုင်မှုကြောင့် အင်္ဂလိပ်အစိုးရက ဒေါ်ဦးဇွန်းကို အသိအမှတ်ပြု သည့်အနေဖြင့် တိုင်းကျိုးပြည်ကျိုး အကျိုးဆောင် ဘွဲ့ (T.P.S) ကို ချီးမြှင့်ခဲ့သည်။ ထို့ပြင် အကြောင်းအမျိုးမျိုးကြောင့် လေလွင့်နေရသည့် လမ်းပေါ်နေ ကလေးသူငယ်များကိုစုစည်း၍ မိဘမဲ့ဂေဟာကို စတင်ထူထောင်သူမှာလည်း မြန်မာ့လူမှုရေးမိခင် ဒေါ်တီတီလုစ်ဟုအမည်တွင်သည့် အမျိုးသမီးဖြစ်သည်။ နိုင်ငံတော်က ချီးမြှင့်သည့် သူရဘွဲ့ရရှိသူ သူရမချစ်ပိုမှာလည်း သူရသတ္တိနှင့်ပြည့်စုံသည့် အမျိုးသမီးအဖြစ် ယနေ့တိုင် ကမ္ပည်းတွင်ဆဲ ဖြစ်သည်။ 

ထို့အတူ ဖန်တီးမှုအနုပညာကဏ္ဍတွင်လည်း မြန်မာအမျိုးသမီးများ ထူးချွန်စွာရပ်တည်နိုင်ခဲ့သည်။ မြန်မာစာပေလောကတွင် ခေတ်အဆက်ဆက် ရောင်းအားအကောင်းဆုံးစာရင်း၌ မြန်မာအမျိုးသမီး စာရေးဆရာများ ပါဝင်နေဆဲဖြစ်သလို ဂီတအနုပညာနယ်ပယ်တွင်လည်း အမျိုးသမီး တေးသံရှင်များ ထိပ်တန်းစာရင်းမှ နေရာယူထားနိုင်သည်။ မြန်မာ့ရိုးရာ သဘင်ပညာဖြစ်သည့် အငြိမ့်ခန်းတွင် အမျိုးသမီးများ၏အခန်းကဏ္ဍကို အထူးအလေးပေးထားကြောင်း မြင်တွေ့ရမည် ဖြစ်သည်။ အငြိမ့်အဖွဲ့တွင် အမျိုးသမီးဖြစ်သည့် မင်းသမီးက ဦးဆောင်သူဖြစ်၍ အမျိုးသားလူရွှင်တော်များက ဝန်းရံရသည်ကို တွေ့နိုင်သည်။

မြန်မာအမျိုးသမီးများသည် စီးပွားရေးကဏ္ဍတွင် ကိုယ်ပိုင်အမည်တပ်၍ ဦးဆောင်ပိုင်ခွင့် ရှိသည်။ ဥပမာ မြင့်မြင့်ခင်ထိုးမုန့်၊ အရီးတောင်း လက်ဖက်၊ နဂါးဒေါ်ဦးဆေးလိပ်ခုံ၊ ကျားပျံမကောက် ဆေးပေါ့လိပ်၊ စံပြဒေါ်ကြည် မုန့်ဟင်းခါး၊ ဓနုဖြူ ‌ဒေါ်စောရီ မြန်မာထမင်းဆိုင် စသည့် မြန်မာအမျိုးသမီးစွမ်းဆောင်ရှင်တို့၏ လုပ်ငန်းများမှာ တိုင်းသိပြည်သိပင်ဖြစ်သည်။ နည်းပညာ ထွန်းကားလာသည့် ယနေ့အချိန်အခါတွင်လည်း အမျိုးသားများနှင့် ရင်ပေါင်တန်း၍ အမျိုးသမီးလေယာဉ်မှူး များလည်း ပေါ်ထွက်လာနေပြီဖြစ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ အသစ်ပြန်လည်ဖွဲ့စည်း

ကျွန်မတို့နည်းတူ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အတွင်း မှီတင်းနေထိုင်လျက်ရှိသည့် တိုင်းရင်းသားလူမျိုးများ၏ သမိုင်းများ၊ ဓလေ့ ထုံးတမ်းများကို လေ့လာကြည့်ပါက အမျိုးသမီး အခွင့်အရေးများ ထည့်သွင်းထားသည်ကို တွေ့နိုင်သည်။ သို့သော် မြန်မာအမျိုးသမီးများကို နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုများ ခံနေရခြင်းများရှိနေသည်။ မြန်မာနိုင်ငံသည် ၁၉၉၅ ခုနှစ်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံပေကျင်းမြို့၌ ကျင်းပခဲ့သည့် စတုတ္ထအကြိမ် ကမ္ဘာ့အမျိုးသမီး ညီလာခံသို့တက်ရောက်ခဲ့ပြီး ညီလာခံကချမှတ်ခဲ့သည့် ပေကျင်းကြေညာ စာတမ်းအရ ၁၉၉၆ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် နိုင်ငံတော်အဆင့်လုပ်ငန်းယန္တရားအဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ (Myanmar National Committee for Women’s Affairs-MNCWA)ကို ဖွဲ့စည်းခဲ့ပြီး မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်ရည်မြင့်မားရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် မူဝါဒများ၊ လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိသည်။ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလတွင် နိုင်ငံတော်အစိုးရ၏ မူဝါဒများနှင့် အညီ အဆိုပါကော်မတီအား မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအဖြစ် အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည်။

တက်ကြွစွာဆောင်ရွက်လျက်

မြန်မာနိုင်ငံသည် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ သဘော တူစာချုပ် (Convention on Elimination of all forms of Discrimination Against Women- CEDAW) ကို ၁၉၉၇ ခုနှစ်တွင် ပါဝင်လက်မှတ်ရေးထိုး ခဲ့သည်။ ထို့ပြင် ထောင်စုနှစ် ဖွံ့ဖြိုးရေးရည်မှန်းချက် များ (Millennium Development Goals - MDGs)၊ ပေကျင်းလုပ်ငန်းစီမံချက်များ (Beijing Platform For Action-BPFA)နှင့် အပြည်ပြည်ဆိုင်ရာ လူဦးရေ နှင့် ဖွံ့ဖြိုးမှုညီလာခံ (International Conference on Population and Development-ICDP) အပါအဝင် အမျိုးသမီးများဘဝတိုးတက်ရေးအတွက် အပြည်ပြည်ဆိုင်ရာ လုပ်ငန်းစဉ်မူဝါဒများကို အကောင်အထည်ဖော်ရာတွင်လည်း တက်ကြွစွာ ဆောင်ရွက်လျက်ရှိသည်။

အမျိုးသမီးများအား ခွဲခြားဖိနှိပ်မှု (Discrimi- nation)ဆိုသည့် အဓိပ္ပာယ်ကို အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားထားမှုပပျောက်ရေး သဘောတူ စာချုပ်(CEDAW)၏ အပိုဒ် (၁) တွင် အမျိုးသမီးများ၏ အိမ်ထောင်ရေးအခြေအနေ မည်သို့ပင်ရှိစေကာမူ အမျိုးသားနှင့် အမျိုးသမီးတန်းတူညီမျှမှုအပေါ် အခြေခံ၍ လူ့အခွင့်အရေးများနှင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ ပြည်သူ့ရေးရာ သို့မဟုတ် အခြားနယ်ပယ်တို့တွင် အမျိုးသမီးများအား အသိအမှတ်ပြုခြင်း၊ အမျိုးသမီးများခံစားခွင့် သို့မဟုတ် ကျင့်သုံးပိုင်ခွင့်ရှိခြင်းတို့ကို လိင်အပေါ် အခြေခံ၍ ယိုယွင်းစေရန် သို့မဟုတ် ပျက်သုဉ်းစေ ရန် ရည်ရွယ်ချက်ရှိသည့် မည်သည့်ခွဲခြားခြင်း၊ တားဆီးပိတ်ပင်ခြင်း သို့မဟုတ် ကန့်သတ်ခြင်းကိုမဆို ဆိုလိုသည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ 

ထို့အတူ မြန်မာနိုင်ငံ၏ (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အမျိုးသမီးများအတွက် ပုဒ်မ ၃၅၀ တွင် အမျိုးသမီးများသည် တူညီသောအလုပ်အတွက် အမျိုးသားများခံစားခွင့်ရှိသော အခွင့်အရေးနှင့် လစာတို့ကို ခံစားခွင့်ရှိသည်ဟူ၍ လည်းကောင်း၊ ပုဒ်မ ၃၅၁ တွင် မိခင်များ၊ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ဥပဒေအရ သတ်မှတ်ထားသော သက်ဆိုင်ရာ အခွင့်အရေးများကို အညီအမျှခံစားခွင့်ရှိစေရမည် ဟူ၍လည်းကောင်း၊ ပုဒ်မ ၃၅၂ တွင် နိုင်ငံတော်သည် အလုပ်အကိုင်ခန့်ထားရာတွင်ဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်း ရွေးချယ်ရာတွင် အမျိုးသား၊ အမျိုးသမီးများကို ခွဲခြားမှု မပြုရဟူ၍လည်းကောင်း ပြဋ္ဌာန်းထား သည်။

အသက်မွေးဝမ်းကျောင်းလုပ်ငန်းများတွင် ကူညီဆောင်ရွက်
ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် (Sustainable Development Goals) ၁၇ ရပ်အနက် ပန်းတိုင် ၅ တွင် ကျား/မ တန်းတူ ရရှိရေးနှင့် အမျိုးသမီးများအားလုံး စွမ်းပကား တိုးမြှင့်ရေး (Goal 5- Achieve gender equality and empower all women and girls) ဟူသော အချက်အရ အမျိုးသမီးများ၏ စွမ်းဆောင်ရည် မြင့်မားရေးအတွက်  မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီက နိုင်ငံရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးစသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများတွင် ဘက်ပေါင်းစုံမှ ကူညီဆောင်ရွက် ပေးလျက်ရှိသည်။ ထို့ပြင် အမျိုးသမီးဖြစ်ခြင်း အပေါ်မူတည်ပြီး ခွဲခြားဆက်ဆံခံရခြင်းများ၊ အမျိုးသမီးနှင့်ပတ်သက်သည့် အခွင့်အလမ်းရပိုင်ခွင့်များကို လုပ်ဆောင်ပေးသည်။ ထိုအထဲမှ မသန်စွမ်း အမျိုးသမီးများက ပိုမို၍ ခွဲခြားဆက်ဆံခံရခြင်းများကြောင့် မသန်စွမ်းအမျိုးသမီး အခွင့်အရေးများ တန်းတူရရှိနိုင်အောင်ရည်ရွယ်ပြီး မသန်စွမ်းအမျိုး သမီးများ အခွင့်အရေးများဆိုင်ရာကော်မတီကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် ထပ်မံဖွဲ့စည်းခဲ့သည်။ 

ကျား/မ အကြား အခွင့်အရေးဆိုင်ရာမညီမျှမှုများက ကမ္ဘာတစ်ဝန်းလုံးရှိ အမျိုးသမီးများ၏ ဘဝအခြေအနေကို မီးမောင်းထိုးပြလျက်ရှိသည်။ အဆိုပါမညီမျှမှုများက အမျိုးသမီးများ၏ ပွင့်လင်းမြင်သာသည့် နည်းပညာဖြင့် သတင်းအချက်အလက် လက်လှမ်းမီရယူပိုင်ခွင့်များအပေါ် သက်ရောက် လျက်ရှိသည်ကို လေ့လာတွေ့ရှိရသည်။ အမျိုးသမီးများသည် တူညီသောအဟန့်အတားများနှင့် ရင်ဆိုင် ကြုံတွေ့ရလျက်ရှိကြသည်။ ၎င်းအဟန့်အတားများမှာ သတင်းအချက်အလက်များ လက်လှမ်းမီရယူ ပိုင်ခွင့်ကို မြှင့်တင်ပေးရန်အတွက် လိုအပ်သည့် အဖွဲ့အစည်းဆိုင်ရာ ကူညီပံ့ပိုးမှုများ အားနည်းနေခြင်းနှင့် နက်ရှိုင်းစွာအမြစ်တွယ်လျက်ရှိပြီး ဖြေရှင်း ခြင်းမပြုနိုင်သေးသည့် ကျား/မ ဆိုင်ရာယဉ်ကျေးမှု စံနှုန်းများစသည်တို့ဖြစ်သည်။ အမျိုးသမီးများအနေ ဖြင့် နည်းပညာသိရှိနားလည်ခြင်း၊ သုံးစွဲခြင်းဖြင့် လူ့အဖွဲ့အစည်းနှင့် ပတ်ဝန်းကျင်ကို ပိုမိုဖွံ့ဖြိုးသော နည်းလမ်းများစွာဖြင့် အမျိုးသမီးများ၏ အခွင့် အရေးများရရှိရေးအတွက် တစ်ဖက်တစ်လမ်းမှ ပိုမိုအထောက်အကူပြုနိုင်မည်ဖြစ်သည်။ ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့၏ ဆောင်ပုဒ်မှာလည်း “ကျား၊ မ တန်းတူညီမျှဖို့ နည်းပညာနဲ့ ဆန်းသစ်စို့” ဟူ၍ဖြစ်သည်။

အမျိုးသမီးများ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ

မြန်မာနိုင်ငံသည်လည်း အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ် (CEDAW) ကို ပါဝင်ချုပ်ဆိုထားသည့် နိုင်ငံဖြစ်သောကြောင့် ယင်းစာချုပ်နှင့် လိုက်လျော ညီထွေမှုရှိပြီး ပိုမိုကျယ်ပြန့်ထိရောက်မှုရှိစေမည့် ပြည်တွင်းဥပဒေတစ်ရပ်ဖြစ်သည့် အမျိုးသမီးများ အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေကိုရေးဆွဲလျက်ရှိရာ ဆောလျင်စွာ အတည်ပြုနိုင်ရေး များစွာလိုအပ်လှသည်။ 

အမျိုးသမီးများသည် ပင်ကိုအားဖြင့်  ထိခိုက်လွယ်သောအုပ်စု (vulnerable group) တွင် ပါဝင်ကြပြီး အများအားဖြင့် အားနွဲ့သူ၊ အားနည်းသူများဟု ထင်မြင်ကြသောကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ၊ အန္တရာယ်ရှိသော ရိုးရာ အလေ့အထများ၊ လူကုန်ကူးခံရမှု စသည့်ပုံစံမျိုးစုံဖြင့် အကြမ်းဖက်ခြင်းခံကြရသည်။ အထူးသဖြင့်ကျောင်း၊ လုပ်ငန်းခွင်၊ အများပြည်သူဆိုင်ရာ နေရာများ၊ စစ်ဘေးရှောင်စခန်းများ၊ ဒုက္ခသည်စခန်းများ၊ မိမိနေအိမ်(အိမ်တွင်းအကြမ်းဖက်မှု) များနှင့် ဆိုရှယ်မီဒီယာများမှတစ်ဆင့် စသည်ဖြင့် နေရာမျိုးစုံတွင် အကြမ်းဖက်ခံရခြင်းများ တွေ့ရသည်။ အမျိုးသမီးများကို ခွဲခြားမှုပြုခြင်းမခံရဘဲ ပိုမိုတိုးတက် ကောင်းမွန်အောင် ကြိုးစားကြရန်မှာ မြန်မာတစ်မျိုး သားလုံး၏ သမိုင်းပေးတာဝန်ပင်ဖြစ်သည်။

ယနေ့ခေတ် မြန်မာအမျိုးသမီးများသည် ခေတ်အဆက်ဆက်က မြန်မာအမျိုးသမီးများ၏ ထွန်းပြောင်ခဲ့သည့် သမိုင်းအစဉ်အလာကို ဂုဏ်ယူလက်ဆင့်ကမ်းကာ ရှိနှင့်ပြီးသားတန်ဖိုးများကို ရေရှည်တည်တံ့ခိုင်မြဲအောင် ကြိုးစားကြရမည် ဖြစ်သည်။ မြန်မာအမျိုးသမီးများ စွမ်းဆောင်ရည် မြင့်မားလာပြီး ၎င်းတို့၏ အခွင့်အရေးရပိုင်ခွင့်များ ကို အပြည့်အဝခံစားရရှိနိုင်စေရန်နှင့် အမျိုးသမီးတို့၏ ဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ကျား၊ မ ရေးရာ တန်းတူညီမျှရေးနှင့် အမျိုးသမီးများ၏ အခွင့်အရေးများကို အသိအမှတ်ပြု နားလည်လက်ခံနိုင်စေမည့် လူ့ဘောင်တစ်ရပ် ပေါ်ထွန်းလာစေရန် အားလုံးပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ ။