မှန်ကန်သော ပညာအမွေပေးဝေ

နေပြည်တော် ၁၂ သြဂုတ်

 

၂၀၁၄ ခုနှစ် လူဦးရေစာရင်းအရ မြန်မာနိုင်ငံတွင် လူဦးရေသန်းပေါင်း ၅၀ ကျော်ရှိသည်။ ထိုသန်းပေါင်း ၅၀ ကျော်တွင် လူများစု (၇၀ ရာခိုင်နှုန်း)မှာ ကျေးလက်ဒေသတွင် နေထိုင်လျက် ရှိသည်။ မြန်မာနိုင်ငံရှိ ပြည်သူလူထု၏ လူမှုဘဝအခြေအနေမှန်ကို ခြုံငုံသုံးသပ်မည်ဆိုလျှင် ကျေးလက်နေပြည်သူလူထု၏ ဘဝအမှန်ကို လေ့လာရမည်ဖြစ်သည်။

 

သို့မှသာ နိုင်ငံ၏အခြေအနေမှန်ကို သိရှိနိုင်မည်ဖြစ်သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဩဂုတ်လ ၁၀ ရက်နေ့က မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ် ညောင်ပင်ကျေးရွာ ကျေးလက် ခန်းမနှင့် စာဖတ်ခန်းကို တက်ရောက်ဖွင့်လှစ်ပေးပြီး ဒေသခံကျေးလက်ပြည်သူများနှင့် တွေ့ဆုံခဲ့ သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ယခုရက်ပိုင်းအတွင်း ကျေးလက်ဒေသများသို့ ကွင်းဆင်း၍ ပြည်သူ့စကားဝိုင်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ရာ ကျေးလက်နေပြည်သူများ၏ ဘဝအမှန်ကို မြင်တွေ့ခွင့်ရသဖြင့်ဝမ်းမြောက်မိသည်။

 

ကျေးလက်နေပြည်သူများ၏ဘဝတွင် အသိပညာ ဗဟုသုတမြင့်မားရေး၊ တိုးပွားရေးသည် ယနေ့ ကာလတွင် အထူးလိုအပ်နေသည်။ ယင်းအခြေအနေကို ဖြည့်ဆည်းပေးရန်အတွက် ညောင်ပင် ကျေးရွာတွင်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ကလေးတွေ စာဖတ်ချင်ဖို့၊ စာအုပ်ကို ချစ်ဖို့ဆိုရင် လူကြီးတွေက အားပေးမှဖြစ်မှာပါ”ဟု မှာကြားခဲ့သည်။ အနာဂတ်နိုင်ငံတော်ကို တည်ဆောက်ရာတွင် ကလေးသူငယ်များအားလုံးသည် သားကောင်းရတနာများ ဖြစ်ကြသည်။ အဆိုပါကလေးငယ်များအား မှန်ကန်သောလက်ဆင့်ကမ်းအမွေဖြစ်သည့် ပညာအမွေကိုပေးခဲ့မှသာလျှင် ကောင်းမွန်သည့် နိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ်သည်။

 

ယင်းနှင့်ပတ်သက်၍ “အမွေထားပစ်ခဲ့တဲ့နေရာမှာ အရေးအကြီးဆုံးက မှန်ကန်တဲ့စိတ်ဓာတ်နဲ့ပညာပဲ။ ဒါကိုထားခဲ့နိုင်ရင် ကျန်တာတွေကိုသိပ်ပြီးစိတ်ပူဖို့ မလိုပါဘူး။ ပိုက်ဆံတို့၊ အိမ်တို့ထားခဲ့ရင် ပျောက်ပျက်သွားနိုင်ပါတယ်။ ငယ်ငယ်ကသင်ခဲ့ရတဲ့ ဥစ္စာဟူသည် မျက်လှည့်မျိုး၊ ပညာဟူသည် မြတ်ရွှေအိုးဆိုတဲ့အတိုင်း ဘယ်သူကမှ မခိုးနိုင်တာ မြတ်ရွှေအိုးပါ” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဆက်လက်ပြောကြားခဲ့သည်။မျက်မှောက်ကာလ ကျေးလက်ဒေသများတွင် တန်ဖိုးမဖြတ်နိုင် သောပညာ၊ မပျောက်ပျက်နိုင်သော ပညာအမွေများကို ပေးဝေနိုင်ရန်အတွက် နိုင်ငံအနှံ့တွင် စာကြည့် တိုက်များ ဖွင့်လှစ်ပေးထားသည်။ စာကြည့်တိုက်များဖွင့်လှစ်ပေးခြင်းသည် ပညာရှာတတ်သည့် အလေ့အကျင့်များ၊ ပညာရှာချင်စိတ်များ တိုးပွားလာအောင် ပျိုးထောင်ပေးခြင်းဖြစ်သည်။

 

ပညာတတ်ဆိုသည်မှာ အတန်းပညာဘွဲ့များရရှိရုံဖြင့် ပညာတတ်ဟု မခေါ်ဆိုနိုင်ချေ။ ယခုကာလတွင် ဘွဲ့ရဂုဏ်ကိုသိမ်ငယ်စေသော ဘွဲ့ရအလုပ်လက်မဲ့၊ ဘွဲ့ရပြီးလည်း ဘာမျှနားမလည်ဆိုသည့် အနေ အထားများရှိလာသည်။ ပညာတတ်ဆိုသည်မှာ အတန်းပညာအောင်မြင်ပြီး မြောက်ရုံသာမက စာပေဗဟုသုတများကို ဖတ်မှတ်လေ့လာပြီး အသိဉာဏ်ဗဟုသုတ ကြွယ်ဝသူကို ဆိုလိုခြင်းဖြစ်သည်။ ထို့ကြောင့်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပညာအမွေများ လက်ဆင့်ကမ်းပေးနိုင်သော စာကြည့်တိုက်များဖွင့်လှစ်ပေးရေး၊ စာပေကိုချစ်မြတ်နိုးရေး၊ စာဖတ်လိုစိတ်မြင့်မားရေးအတွက် တွန်းအားပေးရေးတို့ကို ကျေးလက်ဒေသအရောက် ကွင်းဆင်းအသိပညာပေးခြင်းဖြစ်သည်။

 

မျက်မှောက်ကာလတွင် ပြည်သူအများစုနေထိုင်သော ကျေးလက်ဒေသများမှာ ဖွံ့ဖြိုးမှုနိမ့်ကျ လျက်ရှိပြီး အထူးသဖြင့် ပညာတတ်၊ ပညာအမွေနှင့် ကင်းဝေးနေသည်ကို တွေ့ရသည်။ ပညာတတ် များကလည်း ကျေးလက်ဒေသများတွင် အသိပညာတိုးပွားအောင် ဆောင်ရွက်ပေးနိုင်မှု အားနည်း နေသည်ကို တွေ့ရသည်။ ယင်းကွက်လပ်ကို ဖြည့်ဆည်းနိုင်ရေးအတွက် နိုင်ငံတော်နှင့် အဖွဲ့ အစည်းများက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေကြသည်ကို တွေ့ရသည်။

 

သို့ဖြစ်ရာ ပြည်သူလူထုအများစုအား မှန်ကန်သောစိတ်ဓာတ်နှင့် ပညာအမွေပေးဝေနိုင်ရေးအတွက် ပညာတတ်များက ဝိုင်းဝန်းဖြည့်ဆည်းဆောင်ရွက်ပေးဝေကြလိမ့်မည်ဟု ယုံကြည်ပါသည်။ ။

 

ကြေးမုံ