ရန်ကုန်    မတ်    ၁၅

MNL 2 Promotion Amateur Club Tournament 2026 ပြိုင်ပွဲ  ဗိုလ်လုပွဲကို မတ် ၁၅ ရက်က သုဝဏ္ဏကွင်း၌ကျင်းပရာ Enjoy Brother အသင်းက  Happy Friendship အသင်းကို သုံးဂိုး-နှစ်ဂိုး ဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

Enjoy Brother အသင်းသည် အုပ်စုတွင်းတွေ့ဆုံခဲ့သည့်  Happy Friendship အသင်းကို ထပ်မံအနိုင်ယူကာ ချန်ပီယံဆု ဆွတ်ခူးခဲ့သည်။ ယခုပြန်လည်တွေ့ဆုံရာတွင်  Happy Friendship အသင်းသည် ပွဲအစ ၁၁ မိနစ်အတွင်း သွင်းယူသည့်နှစ်ဂိုးဖြင့်  ဦးဆောင်နိုင်သော်လည်း သုံးဂိုးပြန်ပေးရကာ ချေပဂိုးနှင့်ဝေးခဲ့ရခြင်းဖြစ် သည်။   Enjoy Brother   အသင်းသည် တစ်ယောက်လျော့အနေအထား မှ နိုင်ပွဲပြန်ယူကာ ချန်ပီယံဆု  ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။

Happy Friendship အသင်းအတွက် ဂိုးများကို လေးမိနစ်တွင် ဇော်မင်းသန့်၊ ၁၁ မိနစ်တွင် ဝေဖြိုးဇော်တို့က သွင်းယူပြီး  Enjoy Brother အသင်းအတွက် ၃၂ မိနစ်တွင် ရီဝေယံ၊ ၄၄ မိနစ်တွင် အံ့ကောင်းမွန်တို့က ချေပဂိုးများသွင်းယူကာ အနိုင်ဂိုးကို ၅၆ မိနစ်တွင် အောင်မြင့်မြတ်က သွင်းယူ ခဲ့သည်။

ယခုဗိုလ်လုပွဲရောက်ရှိသည့်  Enjoy Brother အသင်းနှင့်  Happy Friendship အသင်းတို့သည် ပြိုင်ပွဲစည်းမျဉ်းအရ လာမည့်ရာသီ MNL-2 ပြိုင်ပွဲသို့ တန်းတက်ကစားခွင့်ရမည်ဖြစ်သည်။

ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပရာ ဒုတိယဆုရ Happy Friendship အသင်းက ဆုကြေးငွေကျပ်သိန်း ၃၀၊ ပထမဆုရ  Enjoy Brother အသင်းက ဆုကြေးငွေကျပ် သိန်း ၅၀ နှင့် ချန်ပီယံဆုဖလားရရှိသည်။

သတင်း-ရှိုင်းထက်ဇော်

ဓာတ်ပုံ-MNL