မြန်မာ ယူ-၂၂ အသင်း စက်တင်ဘာမှစတင်ကာ နိုင်ငံတကာခြေစမ်းပွဲများ ကစားမည်

ရန်ကုန် ၁၀ သြဂုတ်

ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်းသည် စက်တင်ဘာမှစတင်ကာ နိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲအတွက် သြဂုတ် ၁၉ ရက်တွင် စခန်းဝင်လေ့ကျင့်မှုစတင်ပြုလုပ် မည်ဖြစ်ပြီး ကစားသမား ၃၀ ဝန်းကျင်ဖြင့် လေ့ကျင့်မည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် စက်တင်ဘာမှစတင်ကာ နိုင်ငံတကာခြေစမ်းပွဲများ ကစားမည်ဖြစ်ပြီး စက်တင်ဘာတွင် နှစ်ပွဲ၊ အောက်တိုဘာတွင် တစ်ပွဲ၊ နိုဝင်ဘာတွင် နှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 

ထို့ပြင် အောက်တိုဘာတတိယပတ်တွင် ကာတာနိုင်ငံသို့ တစ်ပတ်ကျော်ကြာ သွားရောက်လေ့ကျင့်မည်ဖြစ်ပြီး ခြေစမ်းပွဲသုံးပွဲ ကစားမည်ဖြစ်ရာ မြန်မာ ယူ-၂၂ အသင်းအနေဖြင့် ဆီးဂိမ်းစ်ပြိုင်ပွဲမတိုင်မီ အနည်းဆုံး နိုင်ငံတကာခြေစမ်းပွဲရှစ်ပွဲအထက် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းကို နည်းပြချုပ်အဖြစ် ပိုပေါ့ဗ်က ကိုင်တွယ်လျက်ရှိပြီး ကစားသမားသစ်များထွက်ပေါ်လာရန် ဇူလိုင်လမှစတင်ကာ အပတ်စဉ် ဗုဒ္ဓဟူးနေ့များတွင် စမ်းသပ်လေ့ကျင့်မှုများ ပြုလုပ်ပေးလျက်ရှိကာ အလားအလာရှိသူများကို ပဏာမလူစာရင်း ရွေးချယ်ရာတွင် ထည့်သွင်းမည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ယခုနှစ်ဆန်းပိုင်းကတည်းက ဖွဲ့စည်းထားသည့်အသင်းဖြစ်ပြီး ဖေဖော်ဝါရီက ယှဉ်ပြိုင်ခဲ့သည့် အာဆီယံ ယူ-၂၂ ပြိုင်ပွဲ၊ မတ်လက ယှဉ်ပြိုင်ခဲ့သည့် အာရှ ယူ-၂၃ ခြေစစ်ပွဲတို့တွင် ရလဒ်ကောင်းရယူနိုင်ခြင်း မရှိခဲ့ပေ။

ဆီးဂိမ်းဘောလုံးပြိုင်ပွဲ အုပ်စုမဲခွဲပွဲအခမ်းအနားကို အောက်တိုဘာ ၃ ရက်တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းအနေဖြင့် နိုဝင်ဘာတွင်ကစားမည့် ခြေစမ်းပွဲများကို အခြားအုပ်စုတွင် ပါဝင်သည့်အသင်းများအား ဦးစားပေး ဖိတ်ကြားမည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲတွင် အနိမ့်ဆုံး ဆီမီးဖိုင်နယ် တက်ရောက်နိုင်ရန် မျှော်မှန်းထားသည်။ 

သတင်း - ညီမြတ်သော်တာ
ဓာတ်ပုံ - စိုးညွန့်