မြန်မာအမျိုးသမီးလူ့စွမ်းအားအရင်းအမြစ်များ

ရေနံ့သာမောင်ကျော်ညွန့်

မြန်မာအမျိုးသမီးများသည် “ဟီရိဩတ္တပ္ပ” တရားနှင့် ကြီးပြင်းလာခဲ့သူများ ဖြစ်ပါသည်။ “ဟီရိဩတ္တပ္ပ” တရားသည် “ဟီရိ” နှင့် “ဩတ္တပ္ပ” ကို တွဲဖက်ထားခြင်း ဖြစ်သည်။ ဟီရိသည် “မကောင်းမှုကျူးလွန်ရန်ရှက်ခြင်း” ဖြစ်ပြီး ဩတ္တပ္ပသည် “မကောင်းမှု ကျူးလွန်ရန်ကြောက်ခြင်း” ဖြစ်ပါသည်။ ထို“ဟီရိဩတ္တပ္ပ” တရားကို “လောက ပါလတရား” ဟု ဆိုပါသည်။ “လောကပါလတရား” သည် လောကကို  စောင့်ရှောက်နေသော တရားပင်ဖြစ်ပါသည်။လောကကို စောင့်ရှောက်နေသော လောကပါလတရားဖြစ်သည့် “ဟီရိဩတ္တပ္ပ” တရားနှင့် ကြီးပြင်းလာခဲ့ရသော မြန်မာအမျိုးသမီးများသည် လောကကိုစောင့်ရှောက်နေကြသူများပင်ဖြစ်ပါသည်။
မြန်မာအမျိုးသမီးများသည် မကောင်းမှုဟူသမျှကို မကျူးလွန်မိစေရန် အရှက်အကြောက်တရားနှင့် ထိန်းကျောင်းနိုင်ခဲ့ကြသူများဖြစ်သလို ကောင်းမှုဟူသမျှကို ပြုဆောင်ရန်ဝန်မလေး၊ လက်မနှေးကြသူများလည်း ဖြစ်သည်။ ပထမမြန်မာနိုင်ငံတော်ကြီးဟူ၍ အထင်အရှားရှိခဲ့သော ပုဂံခေတ်မှသည် ယနေ့မျက်မှောက်ကာလအထိ မြန်မာအမျိုးသမီးတို့၏ ရဲရဲဝံ့ဝံ့၊ စွန့်စွန့်စားစား၊ တည်တည်ကြည်ကြည်၊ ဖြောင့်ဖြောင့်မတ်မတ်၊ ရွပ်ရွပ်ချွံချွံ၊ အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့သည်များကို မြန်မာရာဇဝင်နှင့်မြန်မာ့သမိုင်းတို့တွင် အထင်အရှားရှိခဲ့သည်။

ကနဦးမိသားစုထမင်းဝိုင်း

မြန်မာ့လူနေမှုစနစ်တွင် မြန်မာအမျိုးသားတို့သည် အရေးပါသကဲ့သို့ မြန်မာအမျိုးသမီးတို့သည်လည်း အရာရောက်သူများဖြစ်ကြပေသည်။ မြန်မာ အိမ်ထောင်စုတစ်စုကို စတင်တည် ဆောက်ရာ၌ ယောက်ျားဖြစ်သူ အမျိုးသားက ဆန်ဖွပ်မောင်းထောင်းပေးရင် ဇနီးမယားဖြစ်သူ အမျိုးသမီးက  မောင်းဦးမှာနေပြီး ဆန်ပြာပေးရသည်။ သို့နှင့် ထမင်းချက်ရန် ဆန်ဖြစ်လာသည်။ ယောက်ျားဖြစ်သူအမျိုးသား သယ်ယူပေးထားသော သောက်သုံးရေဖြင့် မိန်းမဖြစ်သူ အမျိုးသမီးက ထမင်းချက်သည်၊ ဟင်းချက်သည်။ သို့နှင့် ကနဦးမိသားစုထမင်းဝိုင်း ဖြစ်လာသည်။ ထို့ကြောင့် မြန်မာ့လူနေမှုစနစ်သည် ကနဦးမိသားစု ထမင်းဝိုင်းကို အခြေပြုပြီးဖြစ်တည်လာသည်ဟု ဆိုရပေမည်။

ဒိုးတူပေါင်ဖက်

မြန်မာမိသားစုတစ်စုကို ကနဦး တည်ဆောက်ရာတွင် ယောက်ျားဖြစ်သူ မြန်မာအမျိုးသားက စွမ်းရာဝန်ကို အင်တိုက်အားတိုက် သယ်ပိုးပေးနေသကဲ့သို့ ဇနီးမယားဖြစ်သူ မြန်မာအမျိုးသမီးကလည်း နိုင်ရာဝန်ကို ထမ်းဆောင်ပေးနေသည်မှာ အထင်အရှားဖြစ်ပါသည်။ အိမ်ထောင်စုတာဝန်ကို မခိုမကပ်ဘဲ ယောက်ျားရော ဇနီးမယားဖြစ်သူပါ ဒိုးတူပေါင်ဖက် ထမ်းဆောင်လာခဲ့သဖြင့် ကြီးပွားတိုးတက်လာပြီး ပျော်ရွှင်စရာ မိသားစုဖြစ်လာပါသည်။ ထိုသို့ ပျော်ရွှင်စရာမိသားစုဖြစ်လာရခြင်း၏ အကြောင်းရင်းမှာ ယောက်ျားဖြစ်သူ မြန်မာအမျိုး သားက ဇနီးမယားဖြစ်သူ မြန်မာအမျိုး သမီးကို တန်ဖိုးထားလေးစားနေသလို ဇနီးမယားဖြစ်သူ မြန်မာအမျိုးသမီးကလည်း လင်ယောက်ျားဖြစ်သူ မြန်မာအမျိုးသားကို တန်ဖိုးထားလေးစားနေ သောကြောင့်ဖြစ်ပါသည်။

မြန်မာ့လူနေမှုစနစ်ကိုအခြေပြုပြီး “မောင်တစ်ထမ်း မယ်တစ်ရွက်” ဟူသော မြန်မာဆိုရိုးစကားရှိပါသည်။ ထိုဆိုရိုး စကား၏အဓိပ္ပာယ်မှာ “အိမ်ထောင်ရှင် များဖြစ်လာပါက လင်ရောမယားပါ တက်ညီလက်ညီ မခိုမကတ်စတမ်းလုပ်ကြရ သည်” ဟူ၍ဖြစ်ပါသည်။ တက်ညီလက်ညီ ပေါင်းစည်းဆောင်ရွက်ကြရခြင်းသည် တန်းတူအခွင့်အရေးရရှိခြင်းဖြစ်ပြီး ဖြစ်ပေါ်လာသော အကျိုးစီးပွားကိုလည်း အတူ တကွခံစားကြရခြင်းပင် ဖြစ်ပေသည်။  ထို့ပြင် “စီးတဲ့ရေ ဆည်တဲ့ကန်သင်း” ဟူသော မြန်မာစကားပုံကလည်းအထင် အရှားရှိနေပါသည်။ ထိုစကားပုံ၏ အဓိပ္ပာယ်မှာ “စီးဝင်လာသောရေကို လယ်ကွင်းထဲ၌တည်နေအောင် ကန်သင်း ဆည်၍ပိတ်ထားရသကဲ့သို့ အိမ်ထောင်တစ်ခုတွင် လင်ယောက်ျားရှာဖွေ၍ရသော စီးပွားဥစ္စာကို မလေမလွင့်ရအောင်  အိမ်ရှင်မဖြစ်သူကထိန်းသိမ်းရသည် ” ဟူ၍ ဖြစ်ပါသည်။ ယောက်ျားဖြစ်သူ အမျိုးသား၏စွမ်းဆောင်နိုင်ရည်ကို မြင်တွေ့နေရပြီး အိမ်ရှင်မဖြစ်သူအမျိုးသမီး၏  စွမ်းဆောင်နိုင်ရည်ကိုလည်း မြင်တွေ့နေရပါသည်။

ကိုယ်ပိုင်စွမ်းရည်အပြည့်ရှိ

“မောင်တစ်ထမ်း မယ်တစ်ရွက်” ဟူသောမြန်မာဆိုရိုးစကားနှင့် “စီးတဲ့ရေ ဆည်တဲ့ကန်သင်း” ဟူသော မြန်မာ စကားပုံတို့သည် မြန်မာမှုအိမ်ထောင်တစ်စုတွင် ယောက်ျားဖြစ်သူအမျိုးသားရော ဇနီးဖြစ်သူ အမျိုးသမီးပါ နှစ်ဦးစလုံး၊ သူ့နေရာနှင့်သူ အရေးပါအရာရောက်နေကြောင်းနှင့် နှစ်ဦးစလုံးတွင် ကိုယ်ပိုင် စွမ်းရည်အပြည့်ရှိနေကြောင်းကို ဖော်ညွှန်း နေခြင်းဖြစ်ပါသည်။

ကျွန်ုပ်တို့မွေးဖွားရာ၊ နေထိုင်ရာ၊ ပျော်မွေ့ရာ၊ မှီခိုအားထားရာ၊ အချုပ်အခြာ အာဏာတည်ရာ နိုင်ငံတော်ကြီးသည် မြန်မာမိသားစု တစ်စုချင်းစီကို စုပေါင်းထားသည့် မြန်မာ့လူနေမှုစနစ်နှင့်အညီ ဖြစ်တည်နေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံတော်ကြီးတွင် ပြည်ထောင်စု ဖွားများဖြစ်ကြသည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းတိုင်းရင်း သားအိမ်ထောင်စုများ နေထိုင်ကြပါသည်။ အိမ်ထောင်စုတစ်စု၏  အရေးကိစ္စ ဟူသမျှကို အိမ်ထောင်စုသားများက  ယောက်ျားမိန်းမဟူ၍ မခွဲခြားဘဲ တစုတစည်းတည်းဖြင့် တက်ညီလက်ညီ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေကြသကဲ့သို့ ပြည်ထောင်စုအရေးကိစ္စ ဟူသမျှကိုလည်း ပြည်ထောင်စုဖွား   တိုင်းရင်းသားအားလုံးက ယောက်ျား မိန်းမဟူ၍မခွဲခြားဘဲ တစုတစည်းတည်းဖြင့် တက်ညီလက်ညီ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပေသည်။

ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြ

အင်္ဂလိပ်နယ်ချဲ့ လက်အောက်မှ  လွတ်မြောက်အောင် ရုန်းထွက်ခဲ့ရသည့် မြန်မာ့လွပ်လပ်ရေးကြိုးပမ်းမှုတွင် လည်းကောင်း၊ လွတ်လပ်ရေးရပြီးစ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း၊ အမိပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ကြီး ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး  ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးနှင့် နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းများ၊  ပြည်ထောင်စုတစ်ဝန်း စည်သာဝပြောရေး လုပ်ငန်းများ ဆောင်ရွက်ကြရာတွင်လည်းကောင်း ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကို မောင်နှမအားလုံးသည် “တစ်နွယ်ငင်တစ်စင်ပါ” ဆိုသကဲ့သို့  ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပေသည်။

ယနေ့ကာလ၌ ပြည်ထောင်စု တစ်ဝန်းလုံး ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်ကြရာတွင် ပြည်ထောင်စုဖွားတိုင်းရင်းသား မြန်မာအမျိုးသမီးထု စွမ်းအားစုကြီးကို မြင်တွေ့နေရသကဲ့သို့  နိုင်ငံတော်ကာကွယ်ရေး လုပ်ငန်းများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ပေးနေကြသည့် ပြည်ထောင်စုဖွားတိုင်းရင်းသား မြန်မာအမျိုးသမီးထု စွမ်းအားစုကြီးကိုလည်း မြင်တွေ့နေရပြီဖြစ်ပါသည်။ အမိနိုင်ငံတော်အတွက် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ၊ နယ်ပယ်အသီးသီးတွင် ကာယအား၊ ဉာဏအားဖြင့် စွမ်းစွမ်းတမံ သယ်ပိုး ဆောင်ရွက်နေကြသော  ပြည်ထောင်စုဖွားတိုင်းရင်းသား မြန်မာ အမျိုးသမီးများ၏ အခန်းကဏ္ဍသည်ကား ကြီးမားလှပေသည်။ ထို့ကြောင့် ဇူလိုင်လ ၃ ရက်နေ့ကို “မြန်မာအမျိုး သမီးများနေ့” ဟု သတ်မှတ်ကာ  ပြည်ထောင်စုဖွားတိုင်းရင်းသားမြန်မာ အမျိုးသမီးများအား ဂုဏ်ပြုပေးနေခြင်း ဖြစ်ပါသည်။

ဘေဂျင်းကြေညာစာတမ်း

၁၉၉၅ ခုနှစ်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဘေဂျင်းမြို့၌ ကျင်းပခဲ့သည့် စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံက ချမှတ်လိုက်သော ဘေဂျင်းကြေညာစာတမ်းသည် မြန်မာအမျိုးသမီးများနေ့ကို ဖြစ်ပေါ်လာစေရန် စေ့ဆော်ပေးလိုက်သည့် တွန်းအားတစ်ခုဖြစ်သည်ဟု ဆိုရပါမည်။ ဘေဂျင်း ကြေညာစာတမ်းအရ နိုင်ငံတော်အစိုးရ က မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အမျိုး သမီးများအားလုံး အမျိုးသားများနှင့် တန်းတူ ကဏ္ဍစုံလုပ်ငန်းနယ်ပယ် အသီးသီးတွင် တန်းတူညီမျှပါဝင်ခွင့်ရရှိစေရန်နှင့် အမျိုးသမီးများ၏စွမ်းဆောင် ရည်မြင့်မားရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျားမတန်းတူညီမျှရေး၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံနှင့် အကြမ်းဖက် မှုများအား တားဆီးကာကွယ်ရေး  လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံအဆင့် ဦးစီးဦးဆောင် လှုပ်ရှားမှုဖော်ဆောင် နိုင်မည့်အဖွဲ့အစည်းအဖြစ် “မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ” ကို ၁၉၉၆ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့ တွင်ဖွဲ့စည်းခဲ့ပါသည်။ “မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ” ဖွဲ့စည်း ခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့ကို နိုင်ငံတော်က “မြန်မာအမျိုးသမီးများနေ့” အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။

နိုင်ငံတော်အနေဖြင့် “မြန်မာအမျိုး သမီးများနေ့” သတ်မှတ်ဂုဏ်ပြုပေးသည့်နည်းတူ “အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီး တည်ဆောက်ရာတွင် အမျိုးသမီးများ၏အခန်းကဏ္ဍကို မြှင့်တင်ပေးခြင်း၊ အမျိုးသမီးများ၏ အခွင့်အရေး များကို ကာကွယ်စောင့်ရှောက်ပေးခြင်း၊ အမျိုးသမီးများ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အမျိုးသမီးများ၏ဘဝလုံခြုံရေးကို ကာကွယ်စောင့်ရှောက်ပေးခြင်း၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုဓလေ့ ထုံးစံများကို ပိုမိုမြတ်နိုးတန်ဖိုးထားသည့် စိတ်ဓာတ်မြှင့်တင်ရေးအတွက် အမျိုးသမီးများကို လေ့ကျင့်ပျိုးထောင်ပေးခြင်း၊ အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စနစ်တကျ အကောင် အထည်ဖော်ဆောင်ရွက်ပေးခြင်း၊ အမျိုးသမီးများနှင့် ကလေးသူငယ်များအား လူကုန်ကူးမှု လျော့နည်းပပျောက်ရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ် အသွင်ဖြင့် ဆောင်ရွက်ပေးခြင်းနှင့် အမျိုးသမီးများ၏ အခွင့်အရေးများကို တိုင်းရင်းသားယဉ်ကျေးမှု ဓလေ့ထုံးစံ များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့ အစည်းများ၊ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် ပေးခြင်း” တို့ကိုလည်း စနစ်တကျ စီမံ ဆောင်ရွက်ပေးလျက်ရှိသည်။

မြန်မာအမျိုးသမီးများ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် ဂုဏ်ရည် အပေါင်းတို့သည် ခေတ်အဆက်ဆက် ထွန်းလင်းတောက်ပခဲ့သည်။ ခေတ် အဆက်ဆက်က ထွန်းလင်းတောက်ပခဲ့သည့် မြန်မာအမျိုးသမီးတို့၏ ဂုဏ်ရည် အပေါင်းတို့ကို အလေးအမြတ်ပြုကာ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သည့်  နိုင်ငံတော်ကြီး တည်ဆောက်ရာတွင် မြန်မာအမျိုးသမီး တစ်ရပ်လုံးအနေဖြင့်  အင်တိုက် အားတိုက် ပူးပေါင်းဆောင်ရွက်ကြပါစို့ဟူ၍ တိုက်တွန်းနှိုးဆော်ရင်း မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုအပ်ပါသတည်း။ ။