မြန်မာစကားသမိုင်းအတွက် (၃)

mdn

မောင်ခင်မင် (ဓနုဖြူ)

‘ အခုခေတ်နဲ့မတူတဲ့ ပုဂံခေတ်က သရသံတွေကို ကျောက်စာ၊ မင်စာအထောက်အထားအရ လေ့လာ ကြည့်ခဲ့သေးသလား”

“ ဟုတ်ကဲ့၊ လေ့လာခဲ့ပါတယ် ဆရာ။ အခုခေတ် ‘ ရွှေ၊ ငွေ ‘ ဆိုတဲ့ စကားလုံးတွေကို ပုဂံခေတ်က ‘ ရှုယ်၊ ငုယ် ‘ လို့ရေးတာ တွေ့ရပါတယ်။ အသံထွက်ကလည်း ‘ ရှုအယ် ‘၊ ‘ ငုအယ် ‘ ဆိုတဲ့ အသံမျိုးနဲ့ နီးမယ် ထင်ပါတယ် ဆရာ “

“ သမီးလည်း လေ့လာကြည့်ပါတယ်။ ‘ လွန် ‘ ကို ‘လောန်’၊ ကျွန်ကို ‘ကျောန်’၊ ‘ သွန်း ‘ကို ‘သောန် ‘ လို့ရေးတာတွေ့ရပါတယ်”

“ ဟုတ်ပါပြီ “

“ ပြီးတော့ ‘အထွတ်’ ကို ‘အထောတ်’၊ ‘လွှတ်’ ကို ‘ လှောတ် ‘ လို့ ရေးပါတယ်။ အသံထွက်ကြည့်တော့ ‘ အောန်’၊ ‘အောတ် ‘ဆိုတဲ့ ခပ်ဝဲဝဲအသံမျိုးဖြစ်နေပါတယ်ဆရာ။ ပုဂံခေတ်က အဲဒီသရသံတွေကို အဲဒီလို အသံမျိုး ထွက်ခဲ့လိမ့်မယ်လို့ ယူဆမိပါတယ် “

“ ဟုတ်ပါပြီကွယ်။ အဲဒီလိုပဲ ‘ချစ်’ကို ‘ ချတ် ‘၊ ‘ ခစ် ‘ ကို ‘ ခတ် ‘လို့ရေးတာ ‘ အစဉ် ‘ကို ‘ အစန် ‘ ၊ ‘ ယှဉ် ‘ကို ‘ ယှန် ‘လို့ ရေးတာတွေကိုကြည့်ပြီး အသံထွက်တော့လည်း အဲဒီလို ‘ အန် ‘ သရသံထွက်လိမ့်မယ်လို့ မှန်းဆရတာပေါ့ “

“ ဟုတ်ကဲ့ပါ “

“ ကဲ...သရသံအကြောင်း ဒီလောက်ပြောရင် လမ်းစရလောက်ပါပြီ။ ဗျည်းသံတွေအကြောင်း ဆက်ပြောရအောင်။ လွယ်လွယ်နဲ့မြင်သာတဲ့ ဗျည်းတွဲအကြောင်းကစပြောမယ်။ ဗျည်းတွဲဆိုတာ ခုခေတ်မှာ ယပင့်၊ ရရစ် ဗျည်းတွေပေါ့။ ယပင်းက ယအက္ခရာနဲ့ ဘေးကပင့်ထားတာ၊ ရရစ်က ရ အက္ခရာနဲ့ရစ်ထားတာ ဆိုတာ သိကြမှာပေါ့ “

“ ဟုတ်ကဲ့သိပါတယ် ဆရာ “

“ ဒီနေရာမှာ ယပင့်ရော၊ ရရစ်ရော ခုခေတ်မှာ ယ သံချည်းပဲထွက်တာကို သတိပြုမိမယ်ထင်တယ် ““ သတိပြုမိပါတယ် ဆရာ “

“ မကိုယပင့်ရင်လည်း /မျ/လို့အသံထွက်တယ် မကို ရရစ်ရင်လည်း/မျ/လို့ပဲ အသံထွက်တယ် မဟုတ်လား “

“ဟုတ်ပါတယ် ဆရာ “

“ လေ့လာကြည့်ရင် ‘ယ’ နဲ့ ‘ ရ ‘ ဟာ မူလတုန်းက အသံ မတူတာတွေ့မှာပေါ့။ ပါဠိစကားမှာ ရကို လျှာလိပ် သံထွက်တယ် မဟုတ်လား။ ယကိုသာ ယသံထွက်တာလေ။ မွန်စကားမှာလည်း အဲဒီလိုပဲ ‘ရ’သံနဲ့ ‘ယ’သံခွဲပြီး ထွက်တယ်။ အဲဒီတော့ မွန်အက္ခရာကို အခြေခံပြီး မြန်မာစာစရေးတုန်းက အဲဒီ ‘ရ’သံနဲ့ ‘ယ’ သံခွဲပြီးထွက်ခဲ့မယ်လို့ ယူဆရတယ် “

“ ဟုတ်ကဲ့ပါ “

“ အခုခေတ်မှာ ‘ ရက်’ လို့ရေးတာကို ပုဂံခေတ် တုန်းက ‘ ရျက်’လို့ ယပင်းနဲ့ရေးတယ်။ ‘ ဆရာ ‘ ကျတော့ ‘ ဆြ ျာ’လို့ ရရစ်နဲ့ ရေးတာရှိတယ်။ အသံထွက်ကြည့်ရင် ‘ရျက်’ မှာ ရကိုလျှာလိပ်သံနဲ့ ထွက်ပြီးမှ တွဲထားတဲ့ ယပင့်ကို ယသံထွက် ရတာပေါ့။ အဲဒီလိုပဲ ဆြ ျာမှာလည်း ဆမှာပါတဲ့ ရရစ်ကိုလျှာလိပ် သံထွက်ပြီး ယပင်းကို ယသံထွက်ရတယ်။ ဒါကြောင့် ဗျည်းသံ နှစ်ခုတွဲတဲ့ ဗျည်းတွဲတွေမှာ နောက်ကတွဲတဲ့ ‘ရ’ နဲ့ ‘ယ’ဟာ အသံတူ မဟုတ်ဘဲ ‘ရ’ကို လျှာလိပ်သံ၊ ‘ယ’ကို’ယ’သံထွက် ရတယ်ဆိုတာ သိရတာပေါ့။ ဒါစာ အရေးအသားကို အထောက် အထားပြုပြီး ပြောရတာလေ “

“ ဟုတ်ကဲ့ပါ “

“ နောက်တစ်ချက်က ပုဂံခေတ်တုန်းက ဗျည်းတွဲတွေမှာ မူလဗျည်းရဲ့နောက်က လဗျည်းတွဲတာလည်း ရှိတယ်။ ကျောင်းကို ‘က္လောင်’ လို့ရေးတာ၊ မြေကို ‘မ္လိလယ်’ လို့ရေးတာတွေ့မှာ ပေါ့ “

“ တွေ့ပါတယ် ဆရာ။ ချင်ကို ‘ခ္လင်’၊ ဖြစ်ကို ‘ ဖ္လစ် ‘ လို့ ရေးတာတွေလည်း တွေ့ပါတယ် “

“စာအရေးအသားအနေနဲ့ ပြောရင်တော့ ‘လဆွဲ’ လို့ ပြောရမှာပေါ့။ အခုခေတ်မှာတော့ အဲဒီလဆွဲသံ မသုံးတော့သလောက်ပဲ။ အဲဒီလိုပြောရတာက ထားဝယ်ဒေသမှာတော့ လဆွဲသံရှိနေသေးတာက လေ့လာကြည့်နိုင်တယ်။ ဒါဘာပြသလဲဆိုရင် ရှေးတုန်းက မြန်မာစကားမှာ လဆွဲသံသုံးတယ်။ နောက်ပိုင်းမှာ ပျောက်ကုန်ပြီ။ ထားဝယ်မှာတော့ အဲဒီရှေးမြန်မာ စကားသံကို ခုအထိ ထိန်းသိမ်းထားတယ်ဆိုတဲ့ အချက်ပဲ”

“ပုဂံကျောက်စာနဲ့၊ ထားဝယ်စကားနဲ့ အခုလို ဆက်စပ်ပြောပြတာ သမီးတို့အတွက် အသိတိုးပါတယ်ဆရာ။ ကျေးဇူး တင်ပါတယ်”

“စိတ်ဝင်စားစရာကောင်းတာက ဆရာပြောခဲ့သလိုပဲ၊ ပုဂံခေတ်တုန်းက ဗျည်းတွဲတွေမှာ အရင်းခံ ဗျည်းနောက်ကတွဲတဲ့ အသံသုံးမျိုးရှိတယ်မဟုတ်လား။ ယ သံရယ်၊ ရ သံရယ်၊ လ သံရယ်ပေါ့။ ဒီအသံတွေကို ယပင့်၊ ရရစ်၊ လဆွဲ ဆိုတဲ့ ရေးထုံးတွေအရ သိရတာလေ။ ဒါပေမယ့် ခုခေတ်မှာ ရရစ်လို့ ခေါ်တဲ့ ရ လျှာလိပ် သံရော၊ လဆွဲလို့ခေါ်တဲ့ လ သံရော ယပင့် သံလို့ခေါ်တဲ့ ယ သံအဖြစ် ပြောင်းသွားပြီဆိုတဲ့အချက်ပဲ”

“ဆရာ၊ လဆွဲ မရှိတော့ပေမယ့် ရရစ်တော့ ရှိသေးတယ် မဟုတ်လား”

“အရေးအနေနဲ့တော့ ရှိသေးတယ်လေ။ အသံက လျှာလိပ်သံမှ မထွက်တော့တာ။ ယ သံဖြစ်နေပြီ မဟုတ်လား”

“သြော်... ဟုတ်ကဲ့ပါဆရာ၊ သမီးရောသွားလို့ပါ”

“ဒီတော့ မြန်မာစာပေါ်ပေါက်ခါစ ဗျည်းတွဲသံတွေ မှာ လဆွဲသံကလည်း ယပင့်သံကို ပြောင်းတယ်။ ရရစ်သံကလည်း ယပင့်သံကို ပြောင်းတယ်။ မူလကရှိနေတဲ့ ယပင့်သံလည်းရှိတယ်။ အသံသုံးမျိုးဟာ တစ်မျိုးတည်းပေါင်းဖွဲ့သွားတဲ့ သဘောပေါ့ကွယ်”

“နားလည်ပါပြီ ဆရာ”

“ကဲ... အရင်းခံဗျည်းတွေကရော ဘယ်လိုသဘော ရှိသလဲ။ ဆက်ကြည့်ရအောင်။ ဗျည်းတွေကတော့ အရေးအက္ခရာတွေက ခုခေတ်နဲ့အတူတူပါပဲ။ ‘က’ က ‘အ’ အထိ ၃၃ လုံးပေါ့။ ‘အ’ ကတော့ သရထဲလည်း ပါတယ်။ ဗျည်းထဲလည်းပါတယ်မဟုတ်လား။ ဗျည်းသံကျတော့ ပြောစရာရှိလာတယ်။ ဒါအရေးလည်းကြီးတယ်။ လိုရင်းကိုပြောရရင် ပုဂံခေတ်မှာ ဂ၊ ဃ၊ ဇ၊ ဈ၊ ဒ၊ ဓ၊ ဗ၊ ဘ ဆိုတဲ့ သံပြင်းဗျည်းတွေကို က၊ ခ၊ စ၊ ဆ၊ တ၊ ထ၊ ပ၊ ဖ ဆိုတဲ့ သံညင်းဗျည်းတွေနဲ့ ပြောင်းပြီးရေးတာ တစ်သမတ်တည်း တွေ့ရတယ်ကွဲ့”

“သြော်... ဟုတ်ကဲ့ပါ”

“ ပိုပြီးရှင်းအောင်ပြောရရင် ဂကို ကနဲ့ ပြောင်းရေး တယ်။ ဃ ကို ခနဲ့ ပြောင်းရေးတယ်။ အဲဒီလိုပဲ အစဉ် အတိုင်း သံပြင်းကို သံညင်းနဲ့ ပြောင်းရေးတာတွေ့ရ တယ်”

“ဟုတ်ကဲ့ ကျောက်စာမှာ ‘င်္သံဃာ ကို သင်္ခါ’ လို့ ရေးတာ သမီးတွေ့ဖူးပါတယ် ဆရာ”

“ကျွန်တော်ကတော့ ‘ဓမ္မ’ ကို ‘ထမ္မ’ လို့ ရေးတာ သတိထားမိပါတယ်ဆရာ”

“ဟုတ်တာပေါ့။ အဲဒီအတိုင်းပဲ။ ‘ဂူ’ ကို ‘ကူ’ လို့ ရေးတယ်။ မာဃကို မာခ လို့ရေးတယ်။ ‘ဇယ’ ကို ‘စယ’၊ ဒဏ်ကိုတန်၊ ဇာတ်တော်ကို ထတ်တစ်၊ ဗေဒင်ကို ပေတင်၊ ဘေးကို ဖိယ်လို့ ရေးတာ တွေ့ရတယ်။ ဒါက နမူနာပြတာပါ”

“ဟုတ်ကဲ့ပါ”

“အထူးသဖြင့် သံပြင်းလို့ခေါ်တဲ့အသံတွေက ပါဠိ သက္ကတ စကားလုံးတွေမှာ အသုံးများတယ်။ အဲဒီစကားလုံးတွေကို ပုဂံသားတွေက သံညင်းလို့ခေါ်တဲ့ အသံပျော့တဲ့ စာလုံးတွေနဲ့ ပြောင်းပြီးရေးတာကိုကြည့်ရင် အဲဒီတုန်းက မြန်မာတွေဟာ သံပြင်းဗျည်းတွေကို ရွတ်ဆိုလေ့ မရှိဘူး။ သံညင်းနဲ့ ပြောင်းပြီး အသံထွက် လေ့ရှိတယ်လို့ ယူဆရတာ ပေါ့ကွယ်”

“ဟုတ်ကဲ့ပါ”

“နောက်ခေတ်ပညာရှင်တွေကလည်း အဲဒီ ပြဿနာကို သတိပြုမိကြတယ်။ မှော်ဘီဆရာ သိန်းကြီးက ပေါရာဏဒီပနီ ကျမ်းမှာ မြန်မာဗျည်း ၃၃ လုံးမှာ ဂ၊ ဃ၊ ဇ၊ ဈ၊ ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ၊ ဒ၊ ဓ၊ ဗ၊ ဘ၊ ဠ ဆိုတဲ့ ၁၄ လုံးဟာ ပါဠိသက္ကတစကားတွေနဲ့ ဆိုင်တယ်။ မြန်မာစကားစစ်စစ်မှာ က၊ ခ၊ င၊ စ၊ ဆ၊ ည၊ တ၊ ထ၊ န၊ ပ၊ ဖ၊ မ၊ ယ၊ ရ၊ လ၊ ဝ၊ သ၊ ဟ၊ အ ဆိုတဲ့ ၁၉ လုံးက မြန်မာစကားလုံး စစ်စစ်တွေမှာ သုံးတယ်လို့ ခွဲခြားပြဖူးတယ်။ ဒီတော့ မြန်မာဗျည်းသံတွေမှာ ပုဂံခေတ်တုန်းက သံညင်းတွေက ပဓာနကျတယ်။ သံပြင်းတွေကတော့ မြန်မာတွေ ရွတ်ဆိုလေ့မရှိတဲ့ အသံတွေဖြစ်တယ်လို့ နားလည်နိုင်ပါတယ်။ ဒါဟာ ပုဂံခေတ်က မြန်မာ သရသံ၊ ဗျည်းသံ တွေအကြောင်း စာအရေးအသားကို အထောက်အထားပြု ပြီး စူးစမ်းလေ့လာကြည့်တာပါပဲကွယ်။ ကဲ... ဒီလောက်ပဲ နားကြစို့”

မြန်မာ့အလင်း