ရန်ကုန် ဇူလိုင် ၂၆

 

မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်အနာဂတ်၊ AI နည်းပညာ အသုံးချမှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများအတွက် အင်ဂျင်နီယာ၊ ICT နှင့် စီးပွားရေးကဏ္ဍအသီးသီးမှ ပြည်တွင်း ပြည်ပ တာဝန်ရှိသူများ ပါဝင်ဆွေးနွေးသည့် “iCEEt 2026” ဆွေးနွေးပွဲကို  ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ချက်ထရီယံ ဟိုတယ်၌ ကျင်းပရာ မြန်မာနိုင်ငံ၏ AI အသင့်ဖြစ်မှု အင်ဂျင်နီယာဆိုင်ရာ ဂေဟစနစ်တည်ဆောက်ခြင်း၊ ဆန်းသစ် တီထွင်မှု၊ တိုးတက်မှုနှင့် လွှမ်းခြုံမှုပါသော ဒီဂျစ်တယ်စီးပွားရေးကို မောင်းနှင်ခြင်း၊ မြန်မာဒီဂျစ်တယ် အပြောင်းအလဲ စုပေါင်းမျှော်မှန်းချက်နှင့် ကြိုးပမ်းအားထုတ်မှု ခေါင်းစဉ်အောက်တွင် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းချုပ်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၊ စီးပွားရေးလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးစွန့်ဦးတီထွင် ကွန်ရက်မှ တာဝန်ရှိသူတို့က AI စက်မှုလုပ်ငန်းအသင့်ဖြစ်မှု၊ ဒီဂျစ်တယ် လုပ်သားအင်အား မျိုးဆက် တည်ဆောက်ရေးနှင့် ကျွမ်းကျင်မှုဆိုင်ရာ စုစည်းထားသော ICT ကဏ္ဍ၏ အမြင်၊ အင်ဂျင်နီယာ လုပ်သားအင်အား တည်ဆောက်ရေးနှင့် AI ခေတ်တွင် သိပ္ပံနှင့် နည်းပညာစွမ်းဆောင် ရည်မြှင့်တင်ရေး၊ AI အထောက် အကူပြုမူဝါဒနှင့် ဒီဂျစ်တယ် ဆန်းသစ်တီထွင်မှု ဖွံ့ဖြိုးရေးတွင် အစိုးရ၏ အခန်းကဏ္ဍ၊ မြန်မာ ပုဂ္ဂလိကကဏ္ဍတွင် AI အသုံးပြုမှု၊ ဒီဂျစ်တယ်အပြောင်းအလဲဆိုင်ရာ စိန်ခေါ်မှုများနှင့် ဒီဂျစ်တယ်စီးပွားရေးတွင် စီးပွားရေးအသိုက်အဝန်း၏ အခန်းကဏ္ဍ၊ လူငယ်များဦးဆောင်သော ဒီဂျစ်တယ်ဆန်းသစ်မှု၊ Startup ဂေဟစနစ်ဖွံ့ဖြိုးတက်မှုဖြင့် မြန်မာ့ AI အပြောင်းအလဲတွင် နောက်မျိုးဆက်များ၏ အခန်းကဏ္ဍ၊ MSME ဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်နှင့် အမျိုးသမီးစီးပွားရေး လုပ်ငန်းရှင်များ၏ ဒီဂျစ်တယ် နည်းပညာကဏ္ဍတွင် ပါဝင်ဆောင်ရွက်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာများကို ဒီဂျစ်တယ်အသွင် ကူးပြောင်းရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။

 

ဆွေးနွေးပွဲတွင်  မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ် ဥက္ကဋ္ဌ ဦးခင်မောင်ဋ္ဌေးက အစိုးရ၊ တက္ကသိုလ်၊ စက်မှုလုပ်ငန်း၊ အသက်မွေးဝမ်းကျောင်း အဖွဲ့အစည်းများအကြား ပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုခိုင်မာစေကြမည်ဖြစ်ပြီး AI ခေတ်နှင့် ကိုက်ညီသော အင်ဂျင်နီယာများကို ခေတ်မီ ပညာရေး၊ အသက်မွေးဝမ်းကျောင်း လေ့ကျင့်ရေးနှင့် တစ်သက်တာ သင်ယူမှုမှတစ်ဆင့် ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ကြောင်း၊ လူငယ် အင်ဂျင်နီယာများနှင့် စွန့်ဦး တီထွင်သူများကို အားပေးကာ Innovation နှင့် Entrepreneur- ship ကို မြှင့်တင်၍ Artificial Intelligence ကို ကျင့်ဝတ်၊ လုံခြုံမှု နှင့် လူမှုအကျိုးပြု ရည်ရွယ်ချက်ကို အသုံးချပြီး WFEO၊ FEIAP နှင့် နိုင်ငံတကာ မိတ်ဖက်များနှင့်အတူ မြန်မာနိုင်ငံ၏ Digital Economy Roadmap 2030 ကို အကောင်အထည်ဖော်ရာတွင်  ဆောင်ရွက်ကြမည်ဖြစ်ကြောင်း ပြောကြားသည်။ 

 

ထို့ပြင် FEIAP ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ အောင်ကျော်မြတ်၊ အင်ဂျင်နီယာပညာရေးကော်မတီ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ဇော်မင်းအောင်နှင့် တာဝန်ရှိသူများက အာရှ-ပစိဖိတ် အင်ဂျင်နီယာ ကဏ္ဍအခြေအနေ၊ ဒေသတွင်း AI စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် FEIAP ၏ မျှော်မှန်းချက်၊ ရပ်ဝန်းနှင့် လမ်းကြောင်း တစ်လျှောက် AI ဖွံ့ဖြိုးတိုးတက်မှု၊ ဒေသတွင်း ဒီဂျစ်တယ်ချိတ်ဆက်မှုနှင့် မြန်မာနိုင်ငံအတွက် ပူးပေါင်း ဆောင်ရွက်ခွင့်ဆိုင်ရာများကို ဆွေးနွေးပြောကြားကြသည်။ 

 

ဆွေးနွေးပွဲတွင် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းမှ ပေးပို့သည့် ဗီဒီယို မိန့်ခွန်းကလစ်ကို ဖွင့်လှစ်ပြသခြင်း၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ နေခြည်လဲ့လဲ့သိန်းက ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ ကမ္ဘာ့အင်ဂျင်နီယာအဖွဲ့ အစည်းများ အဖွဲ့ချုပ်မှ ပေးပို့လာသည့် ကမ္ဘာ့အင်ဂျင်နီယာဆိုင်ရာဦးဆောင်မှု၊ နိုင်ငံတကာ AI အုပ်ချုပ်မှုနှင့် ဒီဂျစ်တယ်အနာဂတ်ကို ပုံဖော်ရာတွင် အင်ဂျင်နီယာ အသိုက်အဝန်း၏ အခန်းကဏ္ဍကို ဖွင့်လှစ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်