မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း တရုတ်ဖိတ်ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင်မည်

၂၄ ဩဂုတ် 


၂၀၁၉ အာဆီယံ ဖူဆယ်ပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် စက်တင်ဘာလဆန်းတွင် ကျင်းပမည့် တရုတ်ဖိတ်ခေါ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။


မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် အာဆီယံပြိုင်ပွဲအတွက် ဇူလိုင်နောက်ဆုံးပတ်တွင် စတင်လေ့ကျင့်ခဲ့ပြီး ကစားသမား ၂၉ ဦးဖြင့် စတင်လေ့ကျင့်ခဲ့သော်လည်း ယခုလအတွင်း ကစားသမားများ လျှော့ချခဲ့ရာ ၂၂ ဦးသာ ကျန်ရှိတော့သည်။ မြန်မာဖူဆယ်အသင်းသည် တရုတ်ဖိတ်ခေါ်ပြိုင်ပွဲကိုလည်း အာဆီယံပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် ယှဉ်ပြိုင်ခြင်းဖြစ်ပြီး အောင်မြင်မှုရရန် အချိန်ယူပြင်ဆင်လျက်ရှိသည်။ တရုတ်ဖိတ်ခေါ်ပြိုင်ပွဲကို စက်တင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်းအားလုံး အတည်မပြုနိုင်သေးသော်လည်း အိမ်ရှင်တရုတ်နှင့် မြန်မာအသင်းအပါအဝင် လက်ရွေးစင်အသင်း လေးသင်းဖြင့် ကျင်းပမည်ဖြစ်သည်။ 


မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းကို နည်းပြချုပ်အဖြစ် ဦးဌေးမြင့်က ကိုင်တွယ်လျက်ရှိသည်။ လက်ရှိလေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းတွင် အုပ်ချုပ်သူ- ဦးကြည်မင်းသိန်း၊ အသင်းအတွင်းရေးမှူး- ဦးအောင်မော်သိန်း၊ နည်းပြချုပ်- ဦးဌေးမြင့်၊ လက်ထောက်နည်းပြ- ဦးကျော်ဇင်ညွန့်၊ ဂိုးနည်းပြ- ဦးထွန်းထွန်းလတ်၊ ဂိုး- ရန်ပိုင်ဟိန်း၊ ကျော်ထက်အောင် (MIU)၊ ဇွဲပြည့်စုံ (GV Athletic)၊ ကစားသမား- ကိုကိုလွင်၊ ခင်ဇော်လင်း၊ ကျော်စိုးမိုး၊ နိုင်ရဲကျော်၊ လှိုင်မင်းထွန်း၊  ပြည့်ဖြိုးမောင်-၂၊ ပြည့်ဖြိုးမောင်-၃၊ ကျော်ကျော်ထွန်း၊ စိုင်းပြုံးအောင် (MIU)၊ မျိုးမြင့်စိုး၊ ငြိမ်းမင်းစိုး၊ အောင်ဇင်ဦး၊  နိုင်လင်းထွန်းကျော်၊ ဝေဇင်ဦး၊ ရဲရင့်ဦး (VUC)၊ ကောင်းချစ်သူ၊ မျိုးသက်အောင် (GV Athletic)၊ ထွဋ်ပြည့်ရှိုင်းနှင့်  သီဟသူ (မြို့မ YTD) တို့ ပါဝင်ကြသည်။


သတင်း-ရဲရင့်ရှိုင်း