မြန်မာ့မီးရထား၏ (၁၄၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ


နေပြည်တော် မေ ၄ 
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား၏ (၁၄၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြန်မာ့မီးရထားရုံးချုပ် နေပြည်တော်ဘူတာကြီးဝန်းအတွင်းရှိ ဘဝသံသရာခန်းမ၌ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဝန်ကြီးဌာနလက်အောက်ရှိ ဌာနအကြီးအမှူးများ၊ မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဌာနအကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက မြန်မာ့မီးရထား၏ (၁၄၇) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြု အမှာစကား ပြောကြားသည်။
ဆက်လက်၍ မြန်မာ့မီးရထား၊ ဦးဆောင်ညွှန်ကြားရေးမှူးက ဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဏာရေးနှစ် တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြ၍ (၁၄၇) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုကို ဖွင့်လစ်ပြသသည်။ 
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဦးဆောင်ညွှန်ကြားရေးမှူးတို့က မြန်မာ့မီးရထား၏ ၂၀၂၃-၂၀၂၄ ဘဏ္ဏာရေးနှစ် တစ်နှစ်တာကာလအတွင်း မီးရထားတိုင်းနယ်မြေ၊ စက်ရုံ၊ ဆေးရုံများအလိုက် စွမ်းဆောင်ရည်အကောင်းဆုံးဆုများ၊ တစ်နှစ်တာ ကာလအတွင်း မိမိ၏လုပ်ငန်းတာဝန်ကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့်ဝန်ထမ်းများနှင့် သင်တန်းဆင်းထူးချွန်ဆုရရှိခဲ့ကြသည့် အရာထမ်း၊ အမှုထမ်းများကို ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး ဆုရရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်