မြန်မာနှစ်ဆန်းနှင့် မြန်မာ့ရုပ်ရှင်လုပ်ငန်း

မတ် ၂၅၊ ၂၀၂၂

မြန်မာနှစ်ဆန်းတစ်ရက်နေ့ (၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက်) တွင် ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ် ပြသသွားတော့မည်ဆိုသော သတင်းက ရုပ်ရှင်ချစ်ပရိသတ်များနှင့် ရုပ်ရှင်လောကသား အားလုံးတို့အတွက် မင်္ဂလာသတင်းပင်ဖြစ်သည်။ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါနှင့် နိုင်ငံရေး အပြောင်းအလဲတို့တွင် လုပ်ငန်းများ ရပ်တန့်သွားခဲ့ရသည့် မြန်မာ့ရုပ်ရှင်မှာ ဒဏ်ရာအနာတရ များစွာနှင့် အထိနာခဲ့ရသည်။ ရုပ်ရှင်ထုတ်လုပ်မှုလုပ်ငန်း (Film Industry) ၏ အလွှာ အသီးသီးတွင် အသက်မွေးဝမ်းကျောင်း ပြုနေသူများနှင့် ၎င်းတို့ကို မှီခိုနေသူမိသားစုများ များစွာရှိကြရာ ရုပ်ရှင် လုပ်ငန်းကြီးတစ်ခုလုံး ရပ်တန့်သွားခဲ့ရသည့် အချိန် ကြာမြင့်လာသည် နှင့်အမျှ စားဝတ်နေရေးအတွက် အခက်အခဲ များစွာဖြစ်ပေါ်နေကြကြောင်းကိုလည်း စိတ်မကောင်းစွာ ကြားသိနေကြရသည်။

မြန်မာနိုင်ငံတွင် မြန်မာ့ရုပ်ရှင် ရိုက်ကူးထုတ်လုပ်မှုကို ၁၉၂၀ ပြည့်နှစ်တွင် စတင်ခဲ့ရာ နှစ်ပေါင်း ၁၀၂ နှစ် ရှိပြီဖြစ်သော်လည်း နိုင်ငံခြားမှတင်သွင်းလာသည့်ရုပ်ရှင်များကို ပြသသည့်လုပ်ငန်း များမှာမူ ယင်းထက်စောသည်။ သက်တမ်း နှစ်ပေါင်းရာကျော် ခဲ့ပြီဖြစ်သည့် မြန်မာ့ရုပ်ရှင်ရိုက်ကူး ထုတ်လုပ်သည့် လုပ်ငန်းနှင့် ရုံတင်ပြသသည့်လုပ်ငန်းတို့မှာ လက်ရှိအခြေအနေထက်များစွာ ဖွံ့ဖြိုးတိုးတက်မြင့်မား နေသင့်သော်လည်း အကြောင်း အမျိုးမျိုး ဖြင့် ဖွံ့ဖြိုးခွင့်မရခဲ့။ မြန်မာ့အိမ်နီးချင်းနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံတွင် ရုပ်ရှင်လုပ်ငန်းများ စဉ်ဆက်မပြတ် အောင်မြင်ခဲ့ရာ ယခုအခါ ကမ္ဘာပေါ်တွင် ရုပ်ရှင်ရိုက်ကူး ထုတ်လုပ်မှု အများဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုး တိုးတက်ရန်မှာ ခေတ်မီနည်းပညာ၊ စက်ကိရိယာ၊ ရင်းနှီးမြှုပ်နှံမှုများကို ပံ့ပိုးကူညီ ပေးပြီး ပြည်ပဈေးကွက်သို့ပါ နိုင်ငံတကာ အဆင့်အတန်းမီမီ တင်ပို့နိုင်ရန်လိုအပ်သည်။ လက်ရှိ ပြည်တွင်း ဈေးကွက်များကိုသာ ရည်ရွယ်ပြီး ရိုက်ကူးထုတ်လုပ်နေပါက ဖွံ့ဖြိုးမှု အားဖြင့်လည်း အကန့်အသတ် ရှိနေမည်ဖြစ်သည်။

“ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးသည့် ကဏ္ဍ တစ်ရပ်ဖြစ်ပါကြောင်း၊ တိုင်းပြည် လူမျိုးတို့၏ ယဉ်ကျေးမှုစရိုက် လက္ခဏာများကို နိုင်ငံတကာသို့ အနုပညာနှင့် ထိုးဖောက် ဝင်ရောက်မှု သည် အောင်မြင်သည့် နည်းလမ်းတစ်ရပ်ဖြစ်ပါကြောင်း၊ ယနေ့ နိုင်ငံတကာ ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူး ပြသမှု ရုပ်သံဇာတ်လမ်းတွဲများတွင် ပါရှိသည့် ဖော်ပြချက်များ အရ ငြင်းပယ်၍မရသည့် အချက်ဖြစ်ပါကြောင်း” ဖြင့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ရုပ်ရှင်လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ပြသရေး ညှိနှိုင်းအစည်း အဝေးတွင် ပြောကြားခဲ့ရာ ရုပ်ရှင်လောကသားတို့ အားထုတ် ကြိုးပမ်းကြရမည့် အချက်ပင်ဖြစ်သည်။ ရုပ်ရှင်သည် soft power ခေါ် သိမ်မွေ့သောစွမ်းအားရှိသည့် မီဒီယာတစ်ခုဖြစ်သည့်  အလျောက် ကမ္ဘာ့ အင်အားကြီးနိုင်ငံတို့က ကောင်းစွာအသုံးချ လေ့ရှိသည်။ Korean Wave ဟုခေါ်သော K-pop နှင့် K-drama  တို့၏ ကမ္ဘာတစ်ခွင် အောင်မြင်မှုကြောင့် ကိုရီးယား၏ ယဉ်ကျေးမှု စရိုက်လက္ခဏာတို့ကို ကမ္ဘာကသိခဲ့သလို ကိုရီးယားအတွက်လည်း ဝင်ငွေရရှိသည့်အတွက် အကျိုးအမြတ်နှစ်ခုရရှိခြင်းပင် ဖြစ်သည်။ ယင်းသို့အောင်မြင်မှု ရရှိနိုင်ရန်အတွက် နိုင်ငံတော် အဆင့်ဖြင့် ပံ့ပိုးကူညီအားပေးမြှင့် တင်ပေးခဲ့သလိုကုမ္ပဏီများနှင့် အနုပညာလောကအသိုင်းအဝိုင်းတို့ကလည်း များစွာအားထုတ် ကြိုးပမ်းခဲ့ကြရခြင်းဖြစ်သည်ဟုလည်း သိရသည်။

မြန်မာနှစ်သစ်နှင့်အတူ မြန်မာ့ရုပ်ရှင်လုပ်ငန်း ပြန်လည် သက်ဝင်နိုးထလာခြင်းက အနာဂတ်အတွက် ခြေလှမ်းသစ်တစ်ခု စတင်ခြင်းဖြစ်ပြီး ထိခိုက်ခဲ့ရသည်တို့ကို ပြန်လည်ကုစား  ကာ ဖွံ့ဖြိုးတိုးတက်မှုဆီသို့ ဦးတည်ကြရမည်ဖြစ်သည်။ အနုပညာသည် နိုင်ငံနှင့် ပြည်သူအတွက်၊ အနုပညာသည် အနုပညာ အတွက်ဟူသော ယုံကြည်ချက်၊ ခံယူချက်များဖြင့် မြန်မာ့ရုပ်ရှင်လောကကို လှသည်ထက်လှအောင် ဖန်တီးတည်ဆောက်နိုင် ကြပါစေကြောင်း။ ။

မြန်မာ့အလင်း