မြန်မာနိုင်ငံ အနာကြီးရောဂါတိုက်ဖျက်ရေး ညီလာခံ အထိမ်းအမှတ် စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ၁၅ ဒီဇင်ဘာ 

 

 

မြန်မာနိုင်ငံ အနာကြီးရောဂါ တိုက်ဖျက်ရေးညီလာခံ အထိမ်းအမှတ် စကားဝိုင်းဆွေးနွေးပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ရိုက်ကူးထုတ်လွှင့်ခဲ့ရာ  အဆိုပါ စကားဝိုင်း ဆွေးနွေးပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(အငြိမ်းစား) ဒေါက်တာ တင်ရွှေ၊ ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား) ဒေါက်တာ ကျော်ညွန့်စိန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး အနာကြီးရောဂါ တိုက်ဖျက်ရေးဌာန စီမံချက်မန်နေဂျာ ဒေါက်တာ ချန်ထွန်းအောင်တို့ ပါဝင်ဆွေးနွေး ခဲ့ကြသည်။

 

 

အစီအစဉ်မှူး။ စီအစဉ်မှူး ။ ယခုတင်ဆက်ပေးမယ့် အစီအစဉ်ကတော့ ကူးစက်ရောဂါတွေထဲမှာ လူဖြစ်ရှုံးစေတဲ့ ကူးစက်ရောဂါတစ်မျိုးဖြစ်တဲ့ အနာကြီး ရောဂါတိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နဲ့ ၁၃ ရက်မှာ ကျင်းပမယ့် “မြန်မာ နိုင်ငံ အနာကြီးရောဂါတိုက်ဖျက်ရေးညီလာခံ”အထိမ်း အမှတ် စကားဝိုင်း ဆွေးနွေးပွဲအစီအစဉ် ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ ဆရာကြီး ဒေါက်တာတင်ရွှေ တာဝန်ယူခဲ့တဲ့အချိန်က မြန်မာနိုင်ငံ အနာကြီးရောဂါ ဖြစ်ပွားမှုအခြေအနေကို ပြောပြပေးစေလိုပါတယ်။

 

 

ဒေါက်တာတင်ရွှေ ဒုတိယညွှန်ကြားရေးမှူး (အငြိမ်းစား) ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ အနာကြီးရောဂါ တိုက်ဖျက်ရေးစီမံချက်မန်နေဂျာ American Leprosy Mission ဌာနေကိုယ်စားလှယ်။   ။ ကျွန်တော် တာဝန်ထမ်းဆောင်တဲ့ အချိန်ကာလမတိုင်ခင်က သမိုင်းစဉ်လေးကို နည်းနည်းလေးပြောခွင့်ပြုပါ။ မြန်မာနိုင်ငံ အနာကြီးရောဂါတိုက်ဖျက်ရေးရဲ့ နောက်ကြောင်းကိုကြည့်လိုက်ရင် မြန်မာနိုင်ငံမှာ အနာကြီး ရောဂါနဲ့ပတ်သက်ပြီး ပထမဦးဆုံး သိရှိရတဲ့ သတင်းက ၁၈၉၁ ခုနှစ်က အခြေအနေလေး ဖြစ်ပါတယ်။ အဲဒီတုန်း က လူဦးရေ တစ်သောင်းမှာ ၈ ဒသမ ၆ ဦးခန့် ရှိမယ်လို့ ခန့်မှန်းခဲ့ပြီး ၁၉၃၂ ခုနှစ်မှာတော့ လူဦးရေစာရင်းကောက် လိုက်တဲ့အချိန်မှာ အနာကြီးရောဂါဖြစ်နေတဲ့ လူ ၁၁၁၂၇ ယောက်ရှိတယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ၁၉၅၁ ခုနှစ်မှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပါရဂူတွေက ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အနာကြီးရောဂါလူနာ တစ်သိန်းခန့်ရှိမယ်လို့ ခန့်မှန်းခဲ့ပါတယ်။ အဲဒီလိုပဲ ၁၉၉၃ ခုနှစ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရော ကျွန်တော်တို့ မြန်မာနိုင်ငံ အနာကြီးရောဂါ တိုက်ဖျက်ရေးစီမံကိန်းကပါ အနာကြီးရောဂါ လူနာဘယ်လောက်ရှိမလဲ သုတေသနလုပ်ငန်း လုပ်တာ လူဦးရေ တစ်သောင်းမှာ ၂၄၂ ယောက်လောက် ရှိမယ်လို့ ကျွန်တော်တို့ ခန့်မှန်းလို့ရပါတယ်။

 

 

ကျွန်တော်တို့က အဲဒီလိုခန့်မှန်းခြေတွေ အဆင့်ဆင့် လုပ်ခဲ့ပေမယ့် ၁၉၅၂ ခုနှစ်မှာ အနာကြီးရောဂါတိုက်ဖျက် ရေးလုပ်ငန်းကို အဲဒီတုန်းက တစ်ကမ္ဘာလုံးမှာ ခေတ်စားနေတဲ့ DDS  လို့ခေါ်တဲ့ဆေးနဲ့ အနာကြီးရောဂါ လူနာတွေကို ရောဂါပျောက်ကင်းအောင် ကုသခဲ့ပါတယ်။ ၁၉၆၄ ခုနှစ်မှာတော့ တစ်တိုင်းပြည်လုံး တိုးချဲ့ ဆောင်ရွက်ပြီး အနာကြီးရောဂါတိုက်ဖျက်ရေးလုပ်ငန်းကို အနာကြီးရောဂါတိုက်ဖျက်ရေး စီမံကိန်းတစ်ခုတည်းနဲ့ မဟုတ်ဘဲ အခြေခံကျန်းမာရေးဌာနနဲ့ ပူးပေါင်းဆောင်ရွက်ပြီး သုတေသန လုပ်ငန်းတွေကိုလည်း လုပ်ခဲ့ပါတယ်။ အဲဒီလို လုပ်ခဲ့တဲ့အတွက် ၁၉၇၈ ခုနှစ် ပထမအကြိမ် ပြည်သူ့ ကျန်းမာရေးစီမံကိန်းမှာတော့ အနာကြီးရောဂါတိုက်ဖျက်ရေးကို အခြေခံကျန်းမာရေး ဝန်ထမ်းတွေနဲ့ ပေါင်းစည်းပြီး ကျွန်တော်တို့ ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့ အချိန်မှာ ၁၉၈၁ ခုနှစ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အနာကြီးရောဂါကို ကုလို့ပျောက်တဲ့ MDT ဆိုတဲ့ ဆေးကို ကြော်ငြာခဲ့ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့နိုင်ငံမှာ ၁၉၈၇ ခုနှစ်မှာ MDT ဆေးကို အဖြစ်များတဲ့ ဒေသတွေမှာ စတင်ပြီး အနာကြီးရောဂါ တိုက်ဖျက်ရေးစီမံကိန်း ဝန်ထမ်းများနဲ့ စတင်ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီဆေးတိုက်ကျွေးတာဟာ ကောင်းမွန်အောင်မြင်တဲ့အတွက် အနာကြီး ရောဂါတိုက်ဖျက်ရေးစီမံကိန်း ဝန်ထမ်းများအပြင် အခြေခံ ကျန်းမာရေးဌာန ဝန်ထမ်းတွေနဲ့လည်း ပေါင်းပြီးတော့ လူနာများကို MDT ဆေးတိုက်ကျွေးခဲ့ပါတယ်။

 

 

၁၉၉၁ ခုနှစ်မှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အနာကြီးရောဂါကို ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ်မှ ကင်းဝေးအောင် ဆောင်ရွက်သင့်တယ်လို့ ဆုံးဖြတ်ချက်ချခဲ့ပြီးတော့ ကျွန်တော်တို့ မြန်မာနိုင်ငံ အပါအဝင် အနာကြီးရောဂါ ဖြစ်နေတဲ့ နိုင်ငံတိုင်းမှာ MDT  ဆေးကိုတိုက်ကျွေးဖို့ တွန်းအားပေးခဲ့ပါတယ်။ အဲဒီအတွက် ၁၉၉၄ ခုနှစ်မှာတော့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ဟနွိုင်းကွန်ဖရင့်လို့ခေါ်တဲ့ ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပပြီးတော့ အနာကြီးရောဂါ ပြဿနာကို ၂၀ဝဝ ပြည့်နှစ်မှာ တစ်ကမ္ဘာလုံးရဲ့ ပြည်သူ့ ကျန်းမာရေးပြဿနာအဖြစ်က ဖယ်ရှားနိုင်ရေးအတွက် တွန်းအားပေး ဆောင်ရွက်ခဲ့ပါတယ်။ အဲဒါဟာ ကျွန်တော်တို့ ပါဝင်ဆောင်ရွက်ခဲ့တဲ့ ပဏာမ အခြေအနေဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်ပြီးတော့ ၁၉၉၄ ခုနှစ် ဟနွိုင်း ကွန်ဖရင့်အပြီးမှာတော့ မြန်မာနိုင်ငံ အနာကြီးရောဂါ တိုက်ဖျက်ရေးစီမံကိန်းကို WHO  လို့ခေါ်တဲ့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ရော ပံ့ပိုးလိုတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေပါ စိတ်ဝင်စားလာတဲ့အတွက် ၁၉၉၅ ခုနှစ်မှာ ပထမဆုံး အကြိမ် First Donar Meeting ကို မြန်မာနိုင်ငံ ရန်ကုန် မြို့ ကျန်းမာရေးဦးစီးဌာနမှာ ကျွန်တော်တို့ ဆောင်ရွက်ခဲ့ပါတယ်။ ဆောင်ရွက်ခဲ့တဲ့အတွက် အဲဒီမိတ်ဖက်အဖွဲ့အစည်းများရဲ့ ပံ့ပိုးကူညီမှု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အကြံဉာဏ် ပေးမှုနဲ့ ၁၉၉၆ ခုနှစ်မှာ မြန်မာတစ်နိုင်ငံလုံးကို အနာကြီး ရောဂါနဲ့ပတ်သက်တဲ့ MDT ဆေးတိုက်ကျွေးမှု လွှမ်းခြုံနိုင်အောင် ကျွန်တော်တို့ဆောင်ရွက်ခဲ့ပြီး ဆေးများကို တိုက်ကျွေးခဲ့ပါတယ်။

 

 

အစီအစဉ်မှူး ။ ။ စီအစဉ်မှူး ဆရာကြီးလက်ထက်မှာ အနာကြီးရောဂါ တိုက်ဖျက်ရေးအတွက် ဆောင်ရွက်ခဲ့တာတွေကိုလည်း ရှင်းပြပေးပါ။

 

 

ဒေါက်တာတင်ရွှေ။ ။ နောက်ထပ် ကျွန်တော်တို့ ဆောင်ရွက်ခဲ့တာတွေက WHO နဲ့ မိတ်ဖက် အဖွဲ့အစည်းတွေနဲ့အတူ ပေါင်းပြီးတော့ ကျွန်တော်တို့ လူနာအသစ်ရှာဖွေရေးကို ကျေးရွာ အရောက်ရှာဖွေတဲ့ LEC လို့ခေါ်တဲ့ Leprosy Elimination Campaign  တွေဖြစ်ပါတယ်။ အဲဒီမှာ အနာကြီးရောဂါနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေကို ပညာပေးတယ်၊ လူနာတွေကို မိမိကိုယ်တိုင်လာပြီးပြနိုင်ရေး အတွက် ဆောင်ရွက်တဲ့လုပ်ငန်း  LEC  ကို ခရိုင်အဆင့်မှာ ကျွန်တော်တို့စပြီး ဆောင်ရွက်နိုင်ခဲ့တယ်။ ဒါ့အပြင် အင်မတန် ဝေးလံခေါင်းပါးပြီး သွားလာရခက်ခဲတဲ့ဒေသ တွေကို  SAPEL လို့ခေါ်တဲ့ Special Action Programme for Elimination of Leprosy  အနာကြီး ရောဂါကင်းဝေးရေးအတွက် အထူးစီမံကိန်းတွေနဲ့ ကျွန်တော်တို့ ဆောင်ရွက်ခဲ့ပါတယ်။

 

 

အစီအစဉ်မှူး ။ ။ UNDP HDI Project နဲ့ ပြည်သူလူထုအခြေပြု အနာကြီးရောဂါဝေဒနာရှင်များ ပြန်လည်ထူထောင်ရေး စီမံချက်ဆိုတဲ့ ဒီ CBR  ကို ၁၉၉၄ ခုနှစ်မှာ ဆောင်ရွက်ခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီ CBR Project မှာရော ဘာတွေ ဆောင်ရွက်ခဲ့ရပါသလဲ။

 

 

ဒေါက်တာတင်ရွှေ။ ။ ကျွန်တော်တို့ အနာကြီးရောဂါ  တိုက်ဖျက်ရေး စီမံကိန်းကို MDT နဲ့ တိုက်ကျွေးတယ်၊ လူနာရှာဖွေရေးလုပ်ငန်းက လုပ်နေရင်းနဲ့ပဲ အနာကြီးရောဂါလူနာများမှာ ဖြစ်ပေါ်နေတဲ့ နောက်ဆက်တွဲ အခက်အခဲတွေကိုလည်း ကျွန်တော်တို့ တစ်ဖက်တစ်လမ်းက စဉ်းစားခဲ့ပြီး UNDP က HDI Project ဆိုပြီးတော့ Community Based Rehabilitation  ပြည်သူလူထုအခြေပြု ပြန်လည် ထူထောင်ရေးလုပ်ငန်းကို ကျွန်တော်တို့ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီ ပြည်သူလူထုအခြေပြု ကျန်းမာရေးစီမံကိန်းမှာ အဓိက ကျွန်တော်တို့ဆောင်ရွက်တာက ပြည်သူလူထု ကြားထဲမှာရှိတဲ့ အနာကြီးရောဂါလူနာတွေကို ပြည်သူလူထု ထဲကပါဝင်တဲ့ ကျေးလက်ကျန်းမာရေး၊ လူထုကျန်းမာရေး လုပ်သားများနဲ့ ဖော်ထုတ်ခြင်းတွေ ရှိပြီးတော့ အနာကြီး ရောဂါကြောင့် ဖြစ်ပေါ်နေတဲ့ ကိုယ်လက်အင်္ဂါမသန်စွမ်းမှုများအတွက် လိုအပ်သောပံ့ပိုးမှုဖြစ်တဲ့ သူတို့လုပ်ရမယ့် လေ့ကျင့်ခန်းတွေ၊ သူတို့ရဲ့ လူမှုစီးပွားရေးပြန်လည် ထူထောင်ရေးအတွက် မြို့နယ်တွေမှာ (TTEFC -Township Training Equipment Fund Committee) လို့ခေါ်တဲ့ ပြည်သူလူထု အခြေပြုကော်မတီတွေ ဖွဲ့ပြီးတော့ လူနာများ ပစ္စည်းပံ့ပိုးမှုရရှိရေး၊ ချေးငွေရရှိရေးစတဲ့ စီးပွားရေး နာလန်ထူရေး လုပ်ငန်းတွေကို လုပ်ပေးတဲ့အပြင် သင်တန်းတွေလည်း ပို့ချပြီးတော့ အဲဒီ CBR  လုပ်ငန်းမှာ လုပ်ခဲ့ပါတယ်။ အဲဒါကို မြန်မာတစ်နိုင်ငံလုံးက မြို့နယ် ပေါင်း ၄၀ မှာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။

 

 

အစီအစဉ်မှူး ။ ။ First Donor Meeting  မှာရော ဘာတွေ ဆောင်ရွက်ခဲ့ပါသေးသလဲ။

 

 

ဒေါက်တာတင်ရွှေ။ ။ First Donor Meeting  ကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံ အနာကြီးရောဂါ တိုက်ဖျက်ရေး စီမံကိန်းက တစ်ချိန်ကဆိုရင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ တစ်ခုတည်းရဲ့ ပံ့ပိုးမှုနဲ့ ဆောင်ရွက်ခဲ့ရပြီး အဲဒီအချိန်မှာတော့ ကျွန်တော်တို့နိုင်ငံရဲ့ အနာကြီးရောဂါတိုက်ဖျက်ရေး စီမံကိန်းကို စိတ်ဝင်စားတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ ပါဝင်လာတဲ့အတွက် ကျွန်တော်တို့လိုအပ်တဲ့ သင်တန်းနဲ့ ပတ်သက်တဲ့ကိစ္စ၊ ပစ္စည်းကိရိယာကိစ္စတွေ တင်ပြလိုက်တဲ့ အခါမှာ American Leprosy Mission ၊ Netherlands Leprosy Relief ၊ Sasakawa Health Memorial Foundation  နဲ့ The Leprosy Mission International အဲဒီအဖွဲ့လေးဖွဲ့က စိတ်ဝင်စားပြီး ကျွန်တော်တို့ အနာကြီး ရောဂါ တိုက်ဖျက်ရေးစီမံကိန်းအတွက် လိုအပ်တဲ့သွားလာမှုဆိုင်ရာယာဉ်တွေ၊ သင်တန်းနဲ့ပတ်သက်တဲ့ပံ့ပိုးမှု၊ ငွေကြေးပံ့ပိုးမှုတွေ၊ ကျွမ်းကျင်မှုသင်တန်းတွေ အားလုံးကို ပံ့ပိုး ဆောင်ရွက်ပေးခဲ့ပါတယ်။

 

 

အစီအစဉ်မှူး ။ ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ပံ့ပိုးမှုနဲ့ အနာကြီးရောဂါ ကင်းဝေးရေးလုပ်ငန်း (LEC) ကို ဆောင်ရွက်ခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီအကြောင်းအရာလေးကိုလည်း ပြောပြပေးစေ လိုပါတယ်။

 

 

ဒေါက်တာတင်ရွှေ။ ။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့နဲ့ မြန်မာနိုင်ငံ အနာကြီးရောဂါ တိုက်ဖျက်ရေးစီမံကိန်းအဖွဲ့တို့ ပေါင်းစည်းပြီးတော့ ကျေးရွာလူထု ပြည်သူထဲမှာရှိတဲ့ လူနာတွေကို ပြည်သူ့အင်အားနဲ့ ပါဝင်ပြီး ဖော်ထုတ်ရင်ကောင်းမယ်လို့ ကျွန်တော်တို့ သိရှိနားလည်လာတဲ့အတွက် ကျေးရွာအရောက်ကို ကျွန်တော်တို့ အနာကြီးရောဂါ တိုက်ဖျက်ရေးစီမံကိန်း ဝန်ထမ်းတွေနဲ့ အခြေခံကျန်းမာရေး ဝန်ထမ်းတွေက သွားရောက်ပြီး ပညာပေးတယ်။ နောက်ပြီး အဲဒီကျေးရွာ၊ ရပ်ကွက်ထဲမှာရှိ တဲ့ ကိုယ့်ကိုယ်ကိုယ် မသင်္ကာတဲ့ လူနာတွေရှိရင်လည်း လာရောက်ပြသပြီး လိုအပ်ရင်ဆေးဝါးကုသပေးတဲ့  LEC  လုပ်ငန်းဆိုပြီး ကျွန်တော်တို့ ဆောင်ရွက်ခဲ့ ပါတယ်။

 

 

အစီအစဉ်မှူး ။ SAPEL Projectကို ဆောင်ရွက်ခဲ့တယ်လို့လည်း သိရပါတယ်။ ဘယ်လိုတွေ ဆောင်ရွက်ခဲ့လဲဆိုတာ သိပါရစေ။

 

 

ဒေါက်တာတင်ရွှေ။ ။ SAPEL  ဆိုတာ Special Action Programme for Elimination of Leprosy လို့ခေါ်ပါတယ်။ အထူးသဖြင့် အနာကြီးရောဂါကို ပြည်သူ့ကျန်းမာရေး ပြဿနာအဖြစ်က ဖယ်ရှားရေးအတွက် အထူးဆောင်ရွက်ရတဲ့ လုပ်ငန်းလို့ နာမည်တပ်ပါတယ်။ အဲဒါကိုတော့ အဓိကအားဖြင့် ဘယ်မှာလုပ်လဲဆိုရင် ဝေးလံခေါင်းပါးတဲ့ အရပ်တွေ၊ သွားလာမှု ခက်ခဲတဲ့ နေရာတွေမှာရှိတဲ့ လူနာတွေကို ကျွန်တော်တို့ အနာကြီးရောဂါ တိုက်ဖျက်ရေးစီမံကိန်းအဖွဲ့က သွားပြီးတော့ လူနာရှာဖွေရေး၊ မှတ်ပုံတင်ပြီးသား လူနာတွေကို ဆေးဝါးကုသရေး၊ နောက်ထပ်တွေ့ရှိတဲ့ လူနာတွေကိုလည်း ဆေးဝါးကုသရေး လုပ်ငန်းတွေကို ကျွန်တော်တို့ တစ်နှစ်မှာ တစ်ကြိမ်တည်း သွားပြီးတော့ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ အဲဒါကို Special Action Programme လို့ ခေါ်ပါတယ်။ အဲဒီလို ဆောင်ရွက်ပြီးတော့ လုပ်ငန်းတိုးတက်လာတာနဲ့အမျှ ၁၉၉၈ ခုနှစ်မှာ ကျွန်တော် လုပ်သက်ပြည့် ပင်စင်ယူပြီးတော့ ကျွန်တော့်ရဲ့ မိတ်ဆွေ ဖြစ်တဲ့ ဒေါက်တာကျော်ညွန့်စိန်ကို ကျွန်တော့်ရဲ့တာဝန်တွေ ကို လွှဲပြောင်းပေးခဲ့ပါတယ်။

 

 

အစီအစဉ်မှူး။ ။ အနာကြီးရောဂါကင်းဝေးရေးအတွက် စီအစဉ်မှူး အခြေခံအကျဆုံး လုပ်ငန်းတွေကိုလည်း အောင်မြင်ဖို့အတွက် လိုအပ်ချက်တွေက ဘာတွေလဲ ဆိုတာ ဆရာကြီးဒေါက်တာ ကျော်ညွန့်စိန်က ရှင်းပြ ပေးစေလိုပါတယ်။

 

 

ဒေါက်တာကျော်ညွန့်စိန် ဒုတိယညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား)၊ ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန။ ။ အနာကြီးရောဂါကင်းဝေးရေး ရည်မှန်းချက် အောင်မြင်ဖို့အတွက် အဓိကအခြေခံအကျဆုံးကတော့ အနာကြီးရောဂါ ရှိတဲ့လူတွေကို များများရှာဖွေပြီးတော့ ရောဂါပျောက်ကင်းအောင် ကုသပေးဖို့၊ အဲဒီ အနာကြီးရောဂါဖြစ်တဲ့လူတွေ ခန္ဓာကိုယ်မသန်မစွမ်း မဖြစ်အောင် ကာကွယ်ဖို့နဲ့ ပြန်လည်ထူထောင်ပေးဖို့ဟာ အခြေခံအကျဆုံး ဖြစ်ပါတယ်။ ဒါပေမယ့် ဆရာကြီး ဦးတင်ရွှေ အမိန့်ရှိသွားသလိုပဲ အဲဒီအချိန်က အနာကြီး ရောဂါဖြစ်ပွားမှုနှုန်းဟာ တော်တော့်ကိုများပါတယ်။ လွယ်ကူအောင် ဥပမာပေးမယ်ဆိုရင် ဘတ်စ်ကားတစ်စီး ဆိုက်လာတဲ့အချိန်၊ ရထားတစ်စင်းဆိုက်လာလို့ တွဲတစ်တွဲ က လူတွေဆင်းလာတဲ့အချိန် အနာကြီးရောဂါလူနာ တစ်ယောက်ရှိတယ်လို့ ပြောစမှတ်ရှိခဲ့ပါတယ်။ ဆိုလိုချင် တာကတော့ လူ ၅၀ ရှိရင် တစ်ယောက်လောက်က အနာကြီးရောဂါ လူနာရှိတတ်ပါတယ်။ အဲဒီတော့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ကျေးရွာပေါင်း ခြောက်သောင်း၊ ရှစ်သောင်းလောက်မှာ အနာကြီးရောဂါလူနာတွေ ဖော်ထုတ် ရှာဖွေဖို့ဆိုတာ အင်မတန်ခက်ခဲပါတယ်။

 

 

အဓိကကတော့ အနာကြီးရောဂါရှိတဲ့လူကလည်း သူ့မှာအနာကြီးရောဂါရှိမှန်း မသိဘူး။ ပြည်သူလူထုကလည်း အနာကြီးရောဂါဆိုတာ ဘာကြောင့် ဖြစ်တာလဲဆိုတာ မသိဘူး။ ဝဋ်နာ၊ ကံနာ ဖြစ်တယ်၊ မျိုးရိုးလိုက်တယ် စသဖြင့် သူတို့မှာ အမြင်မှားတွေ၊ အသိမှားတွေရှိပါတယ်။ နောက်တစ်ခုက အနာကြီး ရောဂါရှိမှန်းသိတယ်။ ပျောက်ကင်းအောင်ကုသတဲ့ ဆေးရှိတယ်ဆိုတာမသိဘူး။ ဆေးကုသတဲ့ နေရာမှာလည်း ငွေကြေးအကုန်အကျမရှိဘူး (Free of Charge) ဆိုတာ မသိဘူး။ သိတဲ့အခါမှာလည်း ပတ်ဝန်းကျင်က အထင်မှား၊ အမြင်မှားပါ။ လူနာကိုယ်တိုင်ရဲ့ သိမ်ငယ်စိတ်ကလည်း ဒီရောဂါကိုပြသပြီး ကုသဖို့ထက် ရှက်ရွံ့ပြီးတော့ ဖုံးကွယ်ထားကြတယ်။ သိပ်ပြချင်စိတ်မရှိဘူး။ နောက်တစ်ခုကတော့ ပြချင်စိတ်ရှိတယ် ကုသချင်စိတ် ရှိတာတောင်မှ လက်လှမ်းမီဖို့ ဘယ်မှာသွားပြီးတော့ ပြရမလဲဆိုတာ မသိဘူး။ ဒီလိုမသိခြင်း လေးမျိုးဟာ အနာကြီးရောဂါ လူနာတွေထွက်လာပြီး ဆေးကုသခံဖို့ အခက်အခဲ အနှောင့်အယှက် ဖြစ်ပါတယ်။ ဒီလေးချက်ကို ဖယ်ရှားပစ်ဖို့လိုပါတယ်။

 

 

အစီအစဉ်မှူး ။ ။ စီအစဉ်မှူး ဒါဆိုရင် အဲဒီ “မ” လေးလုံးနဲ့ ပတ်သက်ပြီး အနာကြီးရောဂါ ကင်းဝေးရေး ရည်မှန်းချက်ရဖို့ ဆောင်ရွက်တဲ့အခါမှာ ဘယ်လိုနည်းဗျူဟာတွေကို ချမှတ်ခဲ့သလဲဆိုတာ ရှင်းပြပေးစေလိုပါတယ်။

 

 

ဒေါက်တာကျော်ညွန့်စိန်။ ။ ဆရာကြီး ဦးတင်ရွှေနဲ့တကွ အရင့်အရင် ဆရာကြီးတွေ ၁၉၅၂ ခုနှစ်လောက်ကတည်းက စလာခဲ့တဲ့ စီမံချက်နဲ့ ဆရာကြီးတွေရဲ့ချပေးတဲ့ ရေခံ၊ မြေခံကောင်းတွေ ပေါ်မှာ အခြေပြုပြီးတော့ ကျွန်တော်တို့ အရှိန်အဟုန်မြှင့် ဆက်လျှောက်ပါတယ်။ ပထမတစ်ခုကတော့ စောစောတုန်း က ပြောခဲ့တဲ့အတိုင်းပဲ လူနာရှာဖွေဖို့၊ ရောဂါပျောက်ကင်း အောင်ကုသဖို့၊ ခန္ဓာကိုယ်မချို့ယွင်းအောင် ကာကွယ်ဖို့ကို ဗဟိုပြုပါတယ်။ အဲဒီလိုဗဟိုပြုပြီးတော့မှ အနာကြီးရောဂါ တိုက်ဖျက်ရေးဌာနနဲ့ အခြေခံကျန်းမာရေးဝန်ထမ်းတွေနဲ့ ပေါင်းပြီးတော့ ဆောင်ရွက်ခဲ့တယ်ဆိုတာ ဆရာကြီး ဦးတင်ရွှေ အရှေ့ပိုင်းမှာ ပြောခဲ့ပါတယ်။ အဲဒီထက်တစ်ဆင့် အရှိန်အဟုန်မြှင့်တဲ့အနေနဲ့ အနာကြီးရောဂါကင်းဝေးရေး လုပ်ငန်းကို ဆောင်ရွက်ရာမှာ ပိုပြီးတော့ ထိထိရောက်ရောက်နဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ဖို့ National Leprosy Elimination Steering Committee အမျိုးသားအဆင့် အနာကြီးရောဂါကင်းဝေးရေး ဦးဆောင် ကော်မတီကို ဖွဲ့ပါတယ်။ ကျန်းမာရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်ကိုယ်တိုင် ဦးဆောင်ပြီးတော့ သက်ဆိုင်ရာ ဌာနတွေ၊ သက်ဆိုင်ရာဝန်ကြီးဌာနတွေပါ ပါပါတယ်။ အဲဒီအုပ်ချုပ်မှုပုံစံကို ကျယ်ပြန့်အောင် လုပ်ပါတယ်။

 

 

နောက်တစ်ခုက အနာကြီးရောဂါအတွက် Task Force လုပ်ငန်းအဖွဲ့ပါ။ အဲဒီ လုပ်ငန်းအဖွဲ့မှာ သုတေသန နဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းလုပ်ဖို့ အနာကြီးရောဂါကင်းဝေးရေး လမ်းကြောင်းက လမ်းကြောင်းပေါ်မှာ ရှိသလားဆိုတာကို Monitor  လုပ်ဖို့၊ စောင့်ထိန်းဖို့ အဲဒီလိုမျိုး Task Force တွေဖွဲ့ပါတယ်။ နောက်ထပ် First Donar Meeting ကနေ အခြေခံပြီးတော့ အပြည်ပြည်ဆိုင်ရာ အလှူရှင် မိတ်ဖက်အဖွဲ့တွေရှိတယ်။ ကမ္ဘာ့ကျန်းမာရေးတို့လို နည်းပညာဆိုင်ရာ အဖွဲ့တွေလည်းရှိတယ်။ နောက် မြန်မာနိုင်ငံအတွင်းမှာ လုပ်နေကြတဲ့ NGO အဖွဲ့တွေလည်း ရှိတယ်။ 

 

 

နှီးနွှယ်ဆက်စပ်နေကြတဲ့ဝန်ကြီးဌာနတွေလည်း ရှိတဲ့အတွက် မိတ်ဖက်ဖွဲ့စည်းမှု လုပ်ငန်း ပိုကောင်းအောင်၊ နောက်ပြီး ဒီ  resource  ပါ။ ဆရာကြီးပြောသွားတဲ့ LEC တို့ ှ SAPEL တို့ ဒီလုပ်ငန်းတွေလုပ်တဲ့နေရာမှာ ငွေကြေး အရင်းအမြစ်တွေလိုပါတယ်။ လိုအပ်တဲ့ ငွေကြေးအရင်း အမြစ်တွေ ရှာဖွေပြီးတော့မှ Plan တစ်ခုတည်းအောက်မှာ ဟာကွက်မရှိဘဲနဲ့ ထည့်သွင်းနိုင်အောင် ကျွန်တော်တို့က Leprosy Elimination Cooperation Committee ဆိုတာကို ၂၀ဝဝ ပြည့်နှစ် ဧပြီလမှာ ဖွဲ့စည်းပါတယ်။ အဲဒီလို အုပ်ချုပ်မှုပုံစံကို ကျွန်တော်တို့ တည်ပါတယ်။ တည်ပြီးတဲ့ အခါကျတော့ ‘မ’ လေးလုံးပါ။ အသိဗဟုသုတမသိတာ၊ မှန်ကန်တဲ့ ဗဟုသုတမရှိတာ၊ နောက်ပြီး ဘယ်မှာကုသလို့ ပျောက်ကင်းမှန်းမသိတာ၊ ဘယ်မှာ ကုသရမှန်းမသိတာ၊ ကုသဖို့ ရှက်ကြောက်နေတာတွေကို ချေဖျက်နိုင်တဲ့ ရည်ရွယ်ချက် Specific Objectives  ၁၀ ချက်နဲ့ နည်းဗျူဟာ ၁၄ ချက် ဒါတွေကို လွှမ်းခြုံတဲ့ နည်းဗျူဟာတွေ ကို ချမှတ်ပြီးတော့ ဆောင်ရွက်ပါတယ်။

 

 

ခြုံပြီးတော့ပြောရင် ဒီနည်းဗျူဟာတွေမှာ Commitment ကတိကဝတ်တွေ၊ ထောက်ခံမှုတွေ အပြည့်အဝရရှိအောင် ဆောင်ရွက်တဲ့ နည်းဗျူဟာတွေရှိတယ်။ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ အကျိုးတူ ပူးပေါင်းပြီး တစ်ဦးချင်း တစ်ဦးချင်း၊ တစ်ဖွဲ့ချင်း တစ်ဖွဲ့ချင်း၊ Ownership လို့ခေါ်တဲ့ တာဝန်ခံမှု၊ တာဝန်ယူမှုလုပ်တဲ့ Ownership ဒါကို ကျွန်တော်တို့ လုပ်တယ်။ နောက်ပြီးမှ ပြည်သူလူထုအမြင်မှာ အနာကြီးရောဂါဆိုတဲ့ ပုံရိပ်က မကောင်းတဲ့ပုံရိပ်ကနေ သင့်တော်မှန်ကန်တဲ့ ပုံရိပ်ဖြစ်အောင်၊ အနာကြီးရောဂါနဲ့ပတ်သက်လို့ ရောဂါလက္ခဏာတွေ၊ ကုသရင် ပျောက်ကင်းတယ်ဆိုတာတွေ စသဖြင့် အသိပညာတွေ ဖြစ်အောင်လုပ်တဲ့ နည်းဗျူဟာတွေ ပါပါတယ်။ နောက်ပြီးတော့မှ ကျွန်တော်တို့ ရောဂါကို စဉ်ဆက်မပြတ် ထောက်လှမ်းပြီးတော့မှ Plan သေချာလုပ်နိုင်အောင် Monitoring & Surveillance လုပ်ငန်းတွေ လုပ်ပါတယ်။ နောက်ပြီးတော့မှ ကျွန်တော်တို့ MDT Service လို့ခေါ်တဲ့ အနာကြီးရောဂါကို ရှာဖွေပြီး MDT ဆေးပေါင်းနဲ့ ပျောက်ကင်းအောင်ကုသတဲ့နေရာမှာ ပြည်သူလူထုနဲ့အနီးဆုံး တစ်နိုင်ငံလုံး လွှမ်းခြုံမှုမှာ ဆေးဝါးကအစ စဉ်ဆက်မပြတ် ထောက်ပံ့ပေးတဲ့ အထူးသဖြင့် သားဖွားဆရာမတွေပေါ့။ သားဖွားဆရာမတွေက ဒီရောဂါကို စမ်းသပ်၊ ကုသ၊ ဆုံးဖြတ်ပြီးတော့ ပျောက်ကင်းအောင် ကုသနိုင်အောင် ကျွမ်းကျင်မှုတွေ တည်ဆောက်ပေးတယ်။ ကျွန်တော်တို့ရဲ့ စီမံချက်လုပ်ငန်းမှာ ပြန်ပြီး အသုံးချဖို့အတွက် ကျွန်တော်တို့မှာ ဟာနေတဲ့ မသိတဲ့ နေရာတွေကို သုတေသနတွေပြုလုပ်ပြီး အဲဒီမှာထည့် တယ်။ ပြီးတော့မှ ကျွန်တော်တို့ ခန္ဓာကိုယ်မသန်မစွမ်း ကာကွယ်ရေးလုပ်ငန်းတွေ လုပ်တယ်။ နည်းဗျူဟာတွေ ကိုတော့ ကျွန်တော်တို့ ခြုံငုံပြီး ဆောင်ရွက်ခဲ့ပါတယ်။ 

 

 

(ဆက်လက်ဖော်ပြပါမည်)

 

 

နန္ဒာဝင်း၊ မီမီဖြိုး

ဓာတ်ပုံ-လှမိုး