မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ လစဉ်ပုံမှန် သတင်းစာရှင်းလင်းပွဲကျင်းပ

ရန်ကုန်  ၉  သြဂုတ်

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ လစဉ်ပုံမှန် သတင်းစာရှင်းလင်းပွဲကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့  ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်း၊ အမှတ် (၃၉၂-၃၉၆) ရှိ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီရုံးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဒုတိယ ဥက္ကဋ္ဌ (၁) ဒေါက်တာ မျိုးသန့်တင်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် အငြင်းပွားမှုနှင့် တိုင်ကြားမှုများ ညှိနှိုင်းဖြေရှင်းရေးကော်တီ အတွင်းရေးမှူး ဦးကျော်စွာမင်းက မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ ဇူလိုင်လအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ကော်မတီ၏ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားရာတွင် လာမည့်သြဂုတ် ၂၂၊ ၂၃ ရက်တို့တွင် မန္တလေးတိုင်းဒေသကြီး၌ မဏ္ဍိုင်လေးရပ် တွေ့ဆုံပွဲပြုလုပ်သွားရန် စီစဉ်ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ သတင်းအချက်အလက်များ ပိုမိုရရှိရေး အတွက်ရည်ရွယ်ကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲအတွက် သတင်းသမားများ ရွေးကောက်ပွဲဆိုင်ရာလက်စွဲ စာအုပ်အတွက်ကိုလည်း ရွေးကောက်ပွဲကော်မရှင်နှင့် မိမိတို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်ကြောင်း၊ အငြင်းပွားမှုနှင့် တိုင်ကြားမှုများ ညှိနှိုင်းဖြေရှင်းရေး ကော်တီအနေဖြင့် ပြီးခဲ့သည့်လအတွင်း ဖြေရှင်းပေးသည့် တိုင်ကြားစာ (ဆောင်ရွက်ဆဲ) ၇ စောင်ရှိကြောင်း၊ ယင်းတို့အနက် အကြောင်းပြန်စာပေးပို့သည့် တိုင်ကြားစာ သုံးစောင်၊ ရုံးလက်ခံအဖြစ်ထားရှိသောစာ နှစ်စောင်၊ ရုပ်သိမ်းသွားသော တိုင်စာ နှစ်စောင်ရှိကြောင်း၊ ထို့အပြင် ပုဂ္ဂလိက အဖွဲ့အစည်းများက ပေးပို့သည့် တိုင်စာ ၁၄ စောင်ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် သတင်းမီဒီယာ ကျင့်ဝတ်နှင့် သတင်းမီဒီယာဖွံ့ဖြိုးရေးကော်မတီ အတွင်းရေးမှူး ဦးဇေယျာလှိုင်ကလည်းကောင်း၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ အဖွဲ့ခေါင်းဆောင် ဒေါက်တာ မျိုးသန့်တင်က လည်းကောင်း၊ ဥပဒေရေးရာကော်မတီ အဖွဲ့ခေါင်းဆောင် ဦးကျော်ဇေယျ ကလည်းကောင်း သက်ဆိုင်ရာကော်မတီအလိုက် ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော သတင်းမီဒီယာသမားများ၏ သိရှိလိုသည့်မေးမြန်းမှုများအပေါ် ပြန်လည်ရှင်းလင်းဖြေကြားကြသည်။

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်