မြန်မာနိုင်ငံမှ ရုပ်ရှင်ဇာတ်ကားတိုများနှင့် မှတ်တမ်းရုပ်ရှင်များအား GLOCAL HORNBILL INTERNATIONAL FILM FESTIVAL 2018 တွင် သွားရောက်ပြသမည်

ရန်ကုန် ၂၅ နိုဝင်ဘာ 

 

Glocal Hornbill International Film Festival 2018 တွင် မြန်မာနိုင်ငံမှ ရုပ်ရှင်နှင့် မှတ်တမ်း ဇာတ်ကားတို(၁၂)ကား သွားရောက်ပြသမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါရုပ်ရှင်ပွဲတော်ကို အိန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်း Nagaland ပြည်နယ်၏မြို့တော် Kohima တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၆)ရက်နေ့မှ (၈)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။ 

 

 

ရုပ်ရှင်ပွဲတော်တွင် အမေရိကန်နိုင်ငံ၊ လက်ဗီးယားနိုင်ငံ၊ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသများမှ ရုပ်ရှင်များပါဝင်ပြသမည်ဖြစ်ပြီး ဒေသတွင်းတစ်ခုတည်းသော အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်ဖြစ်သောကြောင့် နိုင်ငံ တကာမှ ရုပ်ရှင်ပညာရှင်များနှင့် ရုပ်ရှင်ပညာရပ်ဆိုင်ရာ ဆွေးနွေးဟောပြောပွဲများလည်း ပါဝင်မည်ဖြစ်သည်။ 

 

မြန်မာနိုင်ငံကိုယ်စားပြုကာ အဆိုပါပွဲတော်သို့ တက်ရောက်မည့် Miracle Post Media Production ၏ အုပ်ချုပ်မှုဒါရိုက်တာ ကိုဝဏ္ဏကျော် က “ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လူငယ်တွေလွတ်လပ်စွာ ဖန်တီးထားတဲ့ ဇာတ်ကားကောင်းတွေ အများကြီးရှိပါတယ်။ အခုလိုမျိုး မြန်မာနိုင်ငံက ရုပ်ရှင်ကားတွေကို လာရောက်ပြသဖို့အတွက် ဖိတ်ခေါ်ခြင်းခံရတဲ့ အတွက်လည်း အတိုင်းမသိဝမ်းသာပါတယ်။ အခုလို ရုပ်ရှင်ပွဲတော်တွေကနေကျွန်တော်တို့မြန်မာရုပ်ရှင် ဒါရိုက်တာတွေရဲ့ ဖန်တီးနိုင်မှုတွေကို အိန္ဒိယနိုင်ငံ တောင်ပိုင်းနယ်မြေတွေထဲမှာ ကမ္ဘာတစ်ဝှမ်းကသိတဲ့ Hornbill Festival ရဲ့  အစိတ်အပိုင်းတစ်ခုအဖြစ် ပြသမှာဖြစ်ပြီး ရုပ်ရှင်တွေ ကနေတဆင့် အတွေးအခေါ်နဲ့ ယဉ်ကျေးမှုတွေကို ဖလှယ်သွားနိုင်မှာဖြစ်လို့ စိတ်လှုပ်ရှားမိပါတယ်ဟု ပြောသည်။

 

 

မြန်မာနိုင်ငံမှ ဒါရိုက်တာ အောင်မြင့်မြတ်ချို၏ Traces ၊ဒါရိုက်တာ ကိုဂျက်၏ Supposes၊ ဒါရိုက်တာ Mနိုး ၏ Insomniacs၊ ဒါရိုက်တာလဲ့လဲ့အေး၏ My Mother is Single၊ ဒါရိုက်တာမိုင်းအိုက်နွေ၏ Buffalo Boy၊ ဒါရိုက်တာကောင်းမြတ်သူကျော်နှင့် မြတ်အိမွန်တို့၏ Buffalo Boat၊ ဒါရိုက်တာ မိုမို(ရူပါ)နှင့် မေရီဆယဲတို့၏ Woman With A Gun ၊ ဒါရိုက်တာဉာဏ်ကျယ်စေ၏ My life I don't want၊ ဒါရိုက်တာမိုးစက်စငြိမ်းချမ်းသာ၏ 528၊ ဒါရိုက်တာကောင်းဆင့်၏ Home၊ ဒါရိုက်တာဝဏ္ဏကျော်နှင့် Barry Pousman တို့၏  My Hidden City၊ ဒါရိုက်တာ အာခီးချယ်၏ Better Late Than Never ရုပ်ရှင်ဇာတ်ကားတိုများပါဝင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

 

MDN