မြန်မာနိုင်ငံနဲ့ World Bank’s Ease of Doing Business

အောင်ထူး

 

၂၀၂၀ ပြည့်နှစ်၊ ကမ္ဘာ့ဘဏ်ရဲ့ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရလွယ်ကူမှု အညွှန်းကိန်း (World Bank’s Ease of Doing Business Index)နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲမှုပြုလုပ်တဲ့ ထိပ်ဆုံးကနိုင်ငံ (၂၀) မှာ မြန်မာနိုင်ငံကို ထည့်သွင်း အသိအမှတ်ပြုထားကြောင်း ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ(၂၇)ရက်၊ သောကြာနေ့က ကမ္ဘာ့ဘဏ်အတိုင်ပင်ခံ မစ္စတာဂျိုဆေး ရီကာဒို ဆီးဗားက ပြောကြားခဲ့ပါတယ်။


ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ မကောင်းပြောနေကြတဲ့အချိန်မှာ ဒီလိုရှားပါး လှတဲ့ ချီးကျူးမှုလေးရရှိခဲ့တာဟာ ကျွန်တော်တို့အတွက် တော့ အလွန်ကို ဝမ်းမြောက်စရာပါ။ ဒီဝမ်းမြောက်စရာ သတင်းအပေါ်မှာလည်း ပြည်တွင်းကဝေဖန်မှုတွေ ပေါ်ပေါက်လာနိုင်တယ်ဆိုတာတော့ မျှော်လင့်ထားပြီးသားပါ။ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရ လွယ်ကူမှုနဲ့ ပတ်သက်လို့ ကမ္ဘာ့ဘဏ်ရဲ့ အညွှန်းကိန်းနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ သိသူနည်းခဲ့ပါတယ်။ မြန်မာ့စီးပွားရေးမှာ စျေးကွက်ကို ရှုပ်ထွေးစေတဲ့အချက်တွေ အများကြီးပါပဲ။ အဂတိလိုက်စားမှုတွေ၊ ကြိုးနီစနစ်တွေ၊ လုပ်ပိုင်ခွင့်ပေါ်မှာ အမြတ်ထုတ်မှုတွေ၊ ကန်ထရိုက် စာချုပ်များကို လိုက်နာမှု မရှိမှုတွေ၊ တရားဥပဒေ လိုက်နာမှုမရှိမှုတွေ၊ တရားမဝင် ကုန်သွယ်မှုတွေ၊ တရားမဝင်တဲ့ အခကြေးငွေကောက်ခံမှု စတာတွေ၊ စာရင်းလုပ်မယ်ဆိုရင် ဆုံးနိုင်မည်မထင်ပါ။ စျေးကွက် စီးပွားရေးကို တည့်မတ်ဖို့ ပထမဦးဆုံး လုပ်ရမယ့်အလုပ်က စျေးကွက်စီးပွားရေးစနစ်ရဲ့ အခြေခံ အုတ်မြစ်ဖြစ်တဲ့ ပုဂ္ဂလိကကဏ္ဍကို ပြန်လည်ထူထောင်မှုပင် ဖြစ်ပါတယ်။ ပုဂ္ဂလိကကဏ္ဍအများစုဟာ စာရင်းမဝင်ကဏ္ဍ တွင်ပဲရှိခဲ့တယ်။ ပုဂ္ဂလိကလုပ်ငန်းများသည် အသေးစား၊ အငယ်စားနဲ့ အလတ်စား လုပ်ငန်းများအဖြစ်သာ ဖြစ်တည်ခဲ့တယ်။ စာရင်းကိုင်စနစ် အားနည်းခဲ့တယ်။ စီးပွားရေးလုပ်ငန်းအစီအမံများလည်းမရှိ၊ အရင်းအနှီးနဲ့ စုဆောင်းငွေကို စုစည်းနိုင်တဲ့အနေအထားလည်းမရှိခဲ့၊ ကုမ္ပဏီလုပ်ငန်းတွေ ထူထောင် လုပ်ကိုင်ခွင့်ပြုချိန်မှာလည်း စာရင်းမဝင်တဲ့လုပ်ငန်းတွေဟာ တရားဝင်အခွန်ပေးဆောင် ထားတဲ့ ငွေဖြူတွေလည်း မရှိခဲ့ဘူး၊ ပြည်ပမှာ သွားရောက် အလုပ်လုပ်ကိုင်တဲ့ မြန်မာနိုင်ငံသားများရဲ့ ဝင်ငွေဟာ အမေရိကန်ဒေါ်လာ (၂) ဘီလီယံကနေ (၄)ဘီလီယံ လောက်ရှိမယ်လို့ဆိုပေမယ့် အားလုံးနီးပါးဟာ ဟွန်ဒီလို့ခေါ်တဲ့ စာရင်းမဝင် ငွေလွှဲပေးပို့ဝန်ဆောင်မှုတွေနဲ့ ဆောင်ရွက်နေကြတယ်။


Ease of Doing Business အဆင့်မြင့်မားရေး

ဒါကြောင့် လက်ရှိအစိုးရအနေနဲ့ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း(Myanmar Sustainable Develop-ment Plan)ကို ချမှတ်ဆောင်ရွက်ခြင်း၊ စီမံကိန်းဘဏ်၊ မြေဘဏ်၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများဘဏ် တို့ကို ထူထောင်သလို၊ အထူးစီးပွားရေးဇုန်များထူထောင်ခြင်း၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဆွဲဆောင်မှုတိုးမြှင့်ရေး ဆောင်ရွက်ခြင်းနဲ့ ခရီးသွားလုပ်ငန်းများကိုလည်း မြှင့်တင်ဆောင်ရွက်ခဲ့ပါတယ်။ ဒီလုပ်ငန်းတွေ အောင်မြင်အောင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရဲ့ ကြိုတင်လိုအပ်ချက် များဖြစ်တဲ့၊ လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက် အအုံများထူထောင်ခြင်း၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေခြင်း၊ အသေးစား၊ အငယ်စားနဲ့ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေခြင်း၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ခြင်း၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေခြင်း၊ အလုပ်အကိုင်ဖန်တီးမှုကို တိုးတက်စေခြင်း၊ အီလက် ထရွန်နစ် စီမံခန့်ခွဲမှုကို မြှင့်တင်ခြင်းတို့ဖြင့် Ease of Doing Business အဆင့်မြင့်မားရေးကို ဆောင်ရွက်ခဲ့ပါတယ်။


ထုတ်ဖော်ရေးဆွဲခဲ့

အစိုးရဝန်ဆောင်မှုလုပ်ငန်းများနဲ့ ပတ်သက်လို့ လုပ်ထုံးလုပ်နည်းများကို ထင်သာမြင်သာရှိအောင် ထုတ်ဖော်ရေးဆွဲခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရ လွယ်ကူမှုနဲ့ပတ်သက်လို့ လွှတ်တော်အနေနဲ့ လည်း စိတ်ဝင်စားမှုရှိလာခဲ့ပြီး လွှတ်တော်ရဲ့ အစီရင် ခံစာများမှာဖော်ပြလာပြီး လွှတ်တော်မှာလည်း ဆွေးနွေးလာခဲ့ကြပါတယ်။ ဒီနေရာမှာ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရ လွယ်ကူမှုနဲ့ ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ဆွေးနွေးမှုအပေါ် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၃၀)ရက်နေ့က ပြန်လည် ဆွေးနွေးချက်ကို သိရှိနိုင်ဖို့ တင်ပြလိုပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ကြီး ထောက်ပြဆွေးနွေးတဲ့အတိုင်း ကမ္ဘာ့ဘဏ်က Ease of Doing Business ဖွံဖြိုးတိုးတက်ရေးအတွက် တိုင်းတာရာတွင် အညွှန်းကိန်းမှာ မြန်မာနိုင်ငံရဲ့ အဆင့်အတန်းဟာ စိတ်ကျေနပ်ဖွယ်ကောင်းအောင် သိသာစွာတိုးတက်လာ ခြင်းမရှိတာကို တွေ့ရပါတယ်။


အထောက်အကူပြုအဖွဲ့(၁၀)ဖွဲ့ကို ထူထောင်

ဒီအညွှန်းကိန်းတွက်ချက်မှုမှာ မြန်မာနိုင်ငံအနေနဲ့ ၂၀၁၄ ခုနှစ်က ပါဝင်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်နောက်ပိုင်း ဆောင်ရွက်ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုများကြောင့် အညွှန်းကိန်းဟာ ၁၈၂ ကနေ ၁၇၁ အထိ တိုးတက်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်နောက်ပိုင်းမှာ အညွှန်းကိန်း တိုးတက်ရေးအတွက် ဒုတိယသမ္မတ ဦးမြင့်ဆွေက ဦးစီးဆောင်ရွက်ခဲ့ပြီး အညွှန်းကိန်းကို (၁၀၀)အောက်သို့ ရောက်ရှိစေရန် ပိုမိုတွန်းအားပေး ဆောင်ရွက်လျက်ရှိပါတယ်။ အညွှန်းကိန်း တိုးတက်ရေးအတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးခေါင်းဆောင်ပြီး ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ ပါဝင်တဲ့ အထောက်အကူပြုအဖွဲ့(၁၀)ဖွဲ့ကို ထူထောင်ဆောင်ရွက်ခဲ့ပါတယ်။


လုပ်ငန်းစဉ်အဆင့်များ လျှော့ချနိုင်ရေး

ကမ္ဘာ့ဘဏ်နဲ့ ပြည်တွင်းအတိုင်ပင်ခံများပါဝင်တဲ့ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်မှု လွယ်ကူရေးယူနစ်ကို ဖွဲ့စည်းထားရှိပြီး နှစ်ပတ်တစ်ကြိမ် အစည်းအဝေး များကျင်းပကာ သက်ဆိုင်ရာဝန်ကြီးဌာနများရဲ့ အများ ပြည်သူဝန်ဆောင်မှု လုပ်ငန်းများကို လုပ်ဆောင်ရတဲ့အချိန်၊ ကုန်ကျစရိတ်နဲ့ လုပ်ငန်းစဉ်အဆင့်များ လျှော့ချနိုင်ရေးနဲ့ ဝန်ဆောင်မှုအရည်အသွေး တိုးတက်ရေးတို့ကို ညှိနှိုင်း ဆောင်ရွက်ခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်မှုလွယ်ကူရေး အညွှန်းကိန်းကို ကမ္ဘာ့ဘဏ်က နှစ်စဉ် အောက်တိုဘာလမှ နောက်တစ်နှစ် မေလအထိ ကာလအတွက် တိုင်းတာတွက်ချက်လေ့ရှိပြီး နှစ်စဉ် အောက်တိုဘာလ (၃၁) ရက်နေ့မှာ ထုတ်ပြန်လေ့ရှိပါတယ်။ ၂၀၁၈ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံအနေနဲ့ စီးပွားရေး လုပ်ငန်းများ စတင်လုပ်ကိုင်ခွင့်ရရှိရေး၊ အဆောက်အဦ ဆောက်လုပ်ခွင့်ပါမစ်ရရှိရေး၊ စီးပွားရေးလုပ်ငန်းများရဲ့ လျှပ်စစ်သွယ်တန်းရရှိရေးအပိုင်းတွေမှာ တိုးတက်မှုတွေကို ရရှိခဲ့ပါတယ်။


ပြုပြင်ပြောင်းလဲမှု(၃)ခုစီ လုပ်ဆောင်

သို့သော်လည်း နိုင်ငံတကာနဲ့ ယှဉ်ရာမှာတော့ ၂၀၁၉ ခုနှစ် အညွှန်းကိန်းက ကျမသွားသော်လည်း တိုးတက်လာမှု မရှိတာကို တွေ့ရပါတယ်။ ၂၀၁၈-၂၀၁၉ ခုနှစ် အတွင်းမှာတော့ အထောက်အကူပြုအဖွဲ့များကို ပြုပြင်ပြောင်းလဲမှုများ တိုးတက် လုပ်ဆောင်ရန်နဲ့ အဖွဲ့တစ်ဖွဲ့လျှင် အနည်းဆုံး ပြုပြင်ပြောင်းလဲမှု(၃)ခုစီ အနည်းဆုံး လုပ်ဆောင်ရန် တိုက်တွန်းခဲ့ပါတယ်။ ဒီလို တိုက်တွန်းခဲ့ရာမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ပြုပြင်ပြောင်းလဲမှု (၄)ခု၊ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီက (၇)ခု၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဌာနက(၃)ခု၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာနက (၃)ခု၊ အကောက်ခွန်ဦးစီးဌာနနဲ့ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက (၃) ခုနဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က (၂) ခုတို့ကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။

 

ရမှတ်များတက်လာနိုင်မှာဖြစ်

ဒီလိုဆောင်ရွက်ရာမှာ ဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများမှာ အချိန်ယူ ဆောင်ရွက်ရတဲ့ ကိစ္စရပ်များ ဖြစ်ပါတယ်။ ဥပမာအားဖြင့် လူမွဲခံယူခြင်းဆိုင်ရာဥပဒေ (Insolvency Law)နဲ့ Secured Transactions Law များ ပြဋ္ဌာန်းနိုင်ရေးတို့ ဖြစ်ပါတယ်။ ယင်းဥပဒေ များကို ပြဋ္ဌာန်းနိုင်လျှင် Ease of Doing Business တွက်ချက်မှုပါ ချေးငွေရရှိနိုင်မှု အညွှန်းကိန်းနဲ့ စီးပွားရေးလုပ်ငန်းများ ငွေကြေး အကျပ်အတည်းဖြစ်မှုကို ဖြေရှင်းခြင်း အညွှန်းကိန်းတို့အတွက် ရမှတ်များတက်လာနိုင်မှာ ဖြစ်ပါတယ်။ လုပ်ထုံး လုပ်နည်းများရဲ့ လုပ်ငန်းစဉ်အပိုင်း ဖြေလျှော့ပေးနိုင်ရေးအတွက် ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက ဆောင်ရွက်လျက် ရှိပြီး စီးပွားရေးလုပ်ငန်းရှင်များနဲ့ တွေ့ဆုံဆွေးနွေးပွဲကို (၂၉) ကြိမ်မြောက်အထိ ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။


ညှိနှိုင်းဖြေရှင်းပေးခဲ့
(၂၉) ကြိမ်မြောက်အထိ စီးပွားရေးလုပ်ငန်းရှင်များရဲ့ အခက်အခဲနှင့် အကြံပြုတင်ပြချက်ပေါင်း (၃၅၈)ချက်ရှိပြီး အဆိုပါတင်ပြချက် များကို ညှိနှိုင်းဖြေရှင်းပေးခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် အညွှန်းကိန်းအတွက် ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ထားမှုများနဲ့ ပတ်သက်ပြီး ဝါရှင်တန်မြို့၊ ကမ္ဘာ့ဘဏ်(ရုံးချုပ်)ရှိ Doing Business Unit သို့ ၃၀-၆-၂၀၁၉ ရက်နေ့တွင် ပေးပို့ခဲ့ပြီးဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်အတွက် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရ လွယ်ကူမှုအညွှန်းကိန်းကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၃၁)ရက်နေ့မှာ ထုတ်ပြန်မှာဖြစ်ပါတယ်။ ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေကို ပြဋ္ဌာန်း၍ အွန်လိုင်းမှတ်ပုံတင်စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း၊ ကုမ္ပဏီများမှတ်ပုံတင်မှု ကုန်ကျစရိတ် လျှော့ချနိုင်ခြင်း၊ အစိုးရဝန်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သက်၍ ပိုမိုမြင်သာထင်သာရှိစေခြင်း၊ စီးပွားရေး ဆိုင်ရာ ခွင့်ပြုမိန့်များ လျှောက်ထားရာတွင် အထောက် အထား စာရွက်စာတမ်းများ လိုအပ်ချက်ကိုလျှော့ချခြင်း၊ လုပ်ငန်းစဉ်အဆင့်များကိုလျှော့ချခြင်း စသည့်ပြုပြင် ပြောင်းလဲမှုလုပ်ငန်းများကြောင့် မြန်မာနိုင်ငံအတွက် ၂၀၂၀ ခုနှစ် အညွှန်းကိန်းမှာ စုစုပေါင်းရမှတ် တိုးတက် လာမှာဖြစ်ပါတယ်။ ဒီကတစ်ဆင့် အညွှန်းကိန်းအပိုင်း တွင်လည်း တိုးတက်မှုရရှိမှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ e-Government စနစ်ကို တိုးတက်ဆောင်ရွက်နိုင်ရေး ကိုလည်း ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။


ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်ရန်စီစဉ်ထား

စီးပွားရေးလုပ်ငန်းများလုပ်ကိုင်မှု လွယ်ကူရန်အတွက် လက်ရှိအစိုးရအနေနဲ့ မမှိတ်မသုန် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် အညွှန်းကိန်း အတွက်လည်း စဉ်ဆက်မပြတ် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်ရန်စီစဉ်ထားရှိပြီး ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်နိုင်တဲ့ အရေအတွက် စုစုပေါင်း(၄၀)ကို ဖော်ထုတ်ထားရှိပါတယ်။ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရ လွယ်ကူမှု အညွှန်းကိန်းတိုးတက်ရေးတွင် အထောက်အကူပြုနိုင်တဲ့အချက်မှာ e-Government စနစ်ကို ကျင့်သုံးဆောင်ရွက်ရေး ဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ e-Government စနစ်ကို တိုးတက်ဆောင်ရွက် နိုင်ရေးကိုလည်း ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း တင်ပြအပ်ပါတယ်။    ။