မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေကြေးစီမံခန့်ခွဲမှုဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်တို့နှင့် တွေ့ဆုံမေးမြန်း

နေပြည်တော် ၂၃ ဒီဇင်ဘာ 

 

ပြည်သူများအနေဖြင့် ငွေစက္ကူအတုများ ထွက်ပေါ်ခဲ့သည့် အခြေအနေကြောင့် စိုးရိမ်ပူပန်များ ဖြစ်ပေါ်ခဲ့သည်။ ငွေစက္ကူအတုများသည် ပြည်သူများအတွက် နစ်နာမှု ဖြစ်ပေါ်စေနိုင်သည့်အပြင် နိုင်ငံတော်အပေါ်  ယုံကြည်မှု လျော့ကျမှုကိုလည်း ဖြစ်ပေါ်စေနိုင်ပါသည်။ 

 

ထို့ကြောင့် ပြည်သူများအနေဖြင့် ငွေစက္ကူနှင့် ပတ်သက်၍ သိရှိစေရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေကြေးစီမံခန့်ခွဲမှုဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်တို့နှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

 

မေး။ ။ငွေစက္ကူအတုနဲ့ ပတ်သက်ပြီး ပြည်သူတွေအနေနဲ့ စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။ ဒီလို စိုးရိမ်ပူပန်မှုတွေ ပြေပျောက်စေဖို့ ရှင်းလင်းပြောကြားပေးစေလိုပါတယ်။ ပြီးတော့ ငွေစက္ကူနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေမှာ ဘယ်လိုပြဋ္ဌာန်းထားတယ်ဆိုတာ သိပါရစေ။

 

ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်း။ ။ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၁ မှာတော့ ဘယ်သူမှ ဗဟိုဘဏ်က ထုတ်ပေးတဲ့ ငွေစက္ကူနဲ့ ဒင်္ဂါးတွေကို အတုဖန်တီး သုံးစွဲခြင်းမပြုရလို့ သတ်မှတ်ထားတာရှိပါတယ်။ အဲဒီသတ်မှတ်ချက်ကို ဖောက်ဖျက် ကျူးလွန်တယ်ဆိုရင် ဖောက်ဖျက်ကျူးလွန်သူကို ငွေဒဏ်ဖြစ်စေ၊ သုံးနှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်ရမှာဖြစ်ပါတယ်။ ပုဒ်မ ၁၀၂ မှာတော့ ဘယ်သူမှ ငွေစက္ကူနဲ့ ဒင်္ဂါးအတုတွေကို ပြည်ပကနေ တင်သွင်းခြင်း၊ တင်ပို့ခြင်း မပြုရဘူးလို့ တားမြစ်ထားပါတယ်။ အဲဒီတားမြစ်ချက်ကို ဖောက်ဖျက်တယ်ဆိုရင် အနည်းဆုံး ထောင်ဒဏ် ဆယ်နှစ်ကနေ အများဆုံး ထောင်ဒဏ်နှစ် ၂၀ အထိ ချမှတ်ရပါမယ်။ အဲဒီပြစ်မှုနဲ့ သက်ဆိုင်တဲ့ သက်သေခံပစ္စည်းတွေကိုလည်း သိမ်းဆည်းရမယ်လို့ ဗဟိုဘဏ်ဥပဒေမှာ အတိအကျ ပြဋ္ဌာန်းထားပါတယ်။ 

 

ပြည်သူများအနေဖြင့် ငွေစက္ကူအတုများ ထွက်ပေါ်ခဲ့သည့် အခြေအနေကြောင့် စိုးရိမ်ပူပန်များ ဖြစ်ပေါ်ခဲ့သည်။ 

 

ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ။ ။ တကယ်တမ်းကျတော့ ငွေစက္ကူအတု လက်ဝယ်တွေ့ရှိခြင်း ဆိုတဲ့ အချက်တစ်ခု၊ ကိစ္စတစ်ခုတည်းနဲ့တော့ ပြစ်မှုမြောက်တယ်လို့ ဆုံးဖြတ်လို့မရပါ ဘူး။ ဒါပေမယ့် လက်ဝယ်လက်တွေ့ရှိမှုဟာ သဘောရိုးနဲ့လား၊ ဒါမှမဟုတ် မရိုးမဖြောင့် တဲ့ သဘောနဲ့လား၊ အတုလုပ်လို့ လက်ဝယ်တွေ့ရှိတာလား၊ အတုမှန်းသိရက်နဲ့ သုံးစွဲ တာလားဆိုတာတွေအပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ အတုတွေ့ ရှိတဲ့ အခြေအနေနဲ့ ရည်ရွယ်ချက်ကို သေချာသုံးသပ်ဖို့လိုပါတယ်။ ဒီအခြေအနေနဲ့ ရည်ရွယ်ချက်ကို သုံးသပ်စစ်ဆေးတယ်ဆိုတာကလည်း တရားဥပဒေစိုးမိုးရေး အဖွဲ့တွေကနေ စုံစမ်းပြီးစစ်းဆေးရမှာ ဖြစ်ပါတယ်။ 

 

မေး။ ။ဘယ်လိုငွေစက္ကူအမျိုးအစားတွေကို အတုအဖြစ် အများဆုံးတွေ့ရပါသလဲ။

 

ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်။ ။ ကမ္ဘာမှာဆိုရင် များသောအားဖြင့် တန်ဖိုးအကြီးဆုံးငွေစက္ကူတွေကို အတုလုပ်ကြတာများပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း တန်ဖိုးအမြင့်ဆုံးဖြစ်တဲ့ တစ်သောင်းကျပ်တန်၊ ငါးထောင်ကျပ်တန်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာရှိတဲ့ တစ်သောင်းကျပ်နဲ့ ငါးထောင်ကျပ်တန်က ပုံစံနှစ်မျိုးနဲ့ ထုတ်ထားတာဖြစ်ပါတယ်။ ပုံစံအဟောင်းကို အတုလုပ်ကြတာဖြစ်ပါတယ်။ ပုံစံအသစ် မှာကျတော့ လုံခြုံရေးမြှင့်ထားတဲ့အတွက် အတုလုပ်ကိုင်နိုင်ခြင်း မရှိသေးပါဘူး။ 

 

မေး။ ။တွေ့ရှိခဲ့ရတဲ့ ငွေစက္ကူအတုတွေနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။

 

ဒုတိယညွှန်ကြားရေးမှူးချုပ်။ ။အရင်တုန်းက အတုတွေကို ကာလာပရင်တာ၊ ကာလာကော်ပီယာတွေနဲ့ လုပ်တာများပါတယ်။ အခုတွေ့တာတွေကတော့ တစ်ဦးချင်း စီကနေစုပြီး ပြည်ပကနေ ဝင်လာတာတွေလည်း တွေ့ပါတယ်။ ဘယ်လို တုပထားတယ်ဆိုတာကိုတော့ မထုတ်ပြန်သေးပါဘူး။ ပြည်ပအဖွဲ့အစည်းတွေကလည်း ဆက်စပ် ကွင်းဆက်တွေကို စစ်ဆေးနေတာဖြစ်ပါတယ်။ အရင်းအမြစ်တွေကို ဖော်ထုတ်ပြီးတော့မှ အရေးယူနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အရင်းအမြစ်တွေကို ဖော်ထုတ်မှလည်း ပြည်သူတွေ စိုးရိမ်မှုတွေ လျော့ပါးသွားမယ်လို့ ထင်ပါတယ်။ 

 

မေး။ ။ငွေစက္ကူ အတုအစစ် ခွဲခြားတဲ့ နည်းကို ပြည်သူတွေအနေနဲ့ သိရှိဖို့ လိုအပ်နေပါပြီ။ ဒါကြောင့် ဗဟိုဘဏ်အနေနဲ့ အစစ်နဲ့ အတု ကွာခြားချက်တွေကို ဆွေးနွေးပေးစေလိုပါတယ်။

 

ဒုတိယညွှန်ကြားရေးမှူးချုပ်။ ။ အစစ်နဲ့ အတု အလွယ်တကူ ခွဲခြားနိုင်တဲ့အချက် တွေရှိပါတယ်။ ငါးထောင်ကျပ်တန် ပုံစံအဟောင်းနဲ့ ပုံစံအသစ်ရှိရာမှာ ပုံစံအဟောင်းမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဆိုတဲ့ စာသားနဲ့ ငွေတန်ဖိုးရှိတဲ့ စာလုံးနဲ့ ဖိဆွဲစမ်းသပ်မယ် ဆိုရင် ကြမ်းရှရှဖြစ်နေတာကို ခံစားရမှာဖြစ်ပါတယ်။ ငွေစက္ကူကို ထောင်ကြည့်မယ် ဆိုရင် ဆင်ဖြူတော်ရုပ် ရေစာနဲ့ ငွေကျပ် ငါးထောင်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ ပြီးရင် ငွေစက္ကူရဲ့ ဘယ်ဘက်ကို တိမ်းစောင်းကြည့်မယ်ဆိုရင် မြန်မာဂဏန်း ငါးထောင် ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ ပြီးတော့ ငွေရောင်လုံခြုံရေးကြိုးကို ဖုံးလိုက်၊ ဖော်လိုက် လုပ်ထားတာ ဖြစ်ပါတယ်။ ဒါတွေက သိသာတဲ့အချက်တွေဖြစ်ပါတယ်။

 

ကျွန်တော်တို့က ငါးထောင်ကျပ်တန် ပုံစံအသစ်ကိုလည်း ထုတ်ထားပါတယ်။ အဲဒီမှာတော့ အဟောင်းမှာရှိတဲ့ လုံခြုံရေးတွေ ရှိပါတယ်။ အသစ်မှာက ထူးခြားချက်က ငွေရောင်ကြိုးအစား ရောင်ပြန်နေတဲ့ ကြိုးကို ထည့်ထားပါတယ်။ ပြီးတော့ ငွေစက္ကူကို Varnish နဲ့ ကာဗာလုပ်ထားတာဖြစ်ပါတယ်။ ဒါကလည်း ထူးခြားတဲ့ အချက်ဖြစ်ပါတယ်။

 

တစ်သောင်းတန်မှာလည်း ပုံစံ အဟောင်းနဲ့ အသစ်ရှိပါတယ်။ လက်ရှိတွေ့နေကြတဲ့ အတုဆိုတာက ပုံစံအဟာင်းဖြစ်ပါတယ်။ ပုံစံအဟောင်းမှာလည်းပဲ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဆိုတဲ့ စာသားနဲ့ ငွေတန်ဖိုးတွေကို စမ်းသပ်ကြည့်မယ်ဆိုရင် ကြမ်းရှရှဖြစ်နေတာကို ခံစားသိရှိနိုင်ပါတယ်။ ပြီးရင် ငွေစက္ကူကို ထောင်ကြည့်ရင် ဘယ်ဘက် အလယ်မှာ CBM ဆိုတဲ့ စာလုံးကို တွေ့ရမှာပါ။ ဒီနေရာမှာလည်း လုံခြုံရေး ကြိုးကို ဖော်တစ်ဝက်၊ ဖုံးတစ်ဝက် ထည့်ထားပါတယ်။ အဲဒီကြိုးကို စောင်းကြည့်မယ် ဆိုရင် နီညိုရောင်ရယ်၊ အစိမ်းရောင်ရယ်ကို တွေ့နိုင်ပါတယ်။ ငွေစက္ကူ ပုံစံအသစ်မှာ ဒီအချက်တွေ အကုန်လုံး ပါပါတယ်။ ပိုပြီး လုံခြုံရေးမြှင့်ထားတဲ့အချက်က ယာဘက်မှာရှိတဲ့ ငွေတစ်သောင်း စာသားက ရောင်ပြန်ရိုက်နှိပ်ထားတာ ဖြစ်ပါတယ်။ ဒါကို တိမ်းစောင်းကြည့်ရင် အစိမ်းရောင် ရှိပါတယ်။ ပြီးရင် စက္ကူကို Varnish နဲ့ အုပ်ထားတာ ဖြစ်ပါတယ်။ ငွေစက္ကူအသစ်နဲ့ အဟောင်းရဲ့ အချက်အလက်တွေပါ။

 

 

မေး။ ။ငွေစက္ကူတွေကို အပေါက်ဖောက်ပြီး ပြန်ပေးတယ်ဆိုပြီး ပြောဆိုနေကြတာလည်း ရှိပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ဗဟိုဘဏ်အနေနဲ့ ဘာများ အသိပေးပြောကြား လိုပါသလဲ။

 

 ဒုတိယညွှန်ကြားရေးမှူးချုပ်။ ။ကျွန်တော်တို့ဆီမှာက ရုံးတွေ ဘာတွေ သွားရမှာ ကြောက်ကြတဲ့ အလေ့အထ ရှိပါတယ်။ အမှုပတ်မှာလည်း စိုးရိမ်ကြပါတယ်။ ဘဏ်တွေ ကလည်း ကိုယ့်ရဲ့ Customer တွေ ငြိုငြင်မှာ၊ လျော့သွားမှာ စိုးတာကြောင့် ဘဏ်ကနေ စုတ်ဖြဲတာတို့၊ အပေါက်ဖောက်တာတို့၊ ငွေစက္ကူအတုဆိုပြီး တုံးထုတာတို့ အမြဲလုပ်တတ်တဲ့အခါ ငွေစက္ကူအတုဆိုတာ ပြစ်မှုမြောက်နိုင်တဲ့ ပစ္စည်းဆိုတာမေ့သွားကြတယ်။ ရဲစခန်းကို အပ်နှံမှုမလုပ်ကြဘူး။ ဒီလို မအပ်နှံတဲ့အတွက် ရဲစခန်းကလည်း ငွေစက္ကူအတုရဲ့ အရင်းအမြစ်ကို စုံစမ်းဖော်ထုတ်ဖို့ အခက်အခဲဖြစ်သွားတယ်။ ဒီစက္ကူအတုတွေကို ပြည်သူတွေကြားမှာ လှည့်ပတ်ပြီး ပြည်သူတွေကို ဒုက္ခပေးတဲ့ပုံစံဖြစ်လာပါတယ်။ 

 

မေး။ ။ငွေစက္ကူအတုတွေ့ရင် ဘဏ်တွေအနေနဲ့ ဘယ်လိုလုပ်ရမယ်ဆိုတာကို ညွှန်ကြားထားပါသလား။

 

ဒုတိယညွှန်ကြားရေးမှူးချုပ်။ ။ဘဏ်တွေကို ငွေစက္ကူအတုတွေ့ရင် ဘယ်လိုလုပ်ရ မယ်ဆိုတာ ဗဟိုဘဏ်အနေနဲ့ တိတိပပ ထုတ်ပြန်ထားပြီးသားပါ။ ငွေစက္ကူအတု တွေ့ခဲ့ ရင် ငွေစက္ကူအတု လာအပ်တဲ့ Customer ကို အတုဖြစ်တဲ့အကြောင်း၊ အတု ဖြစ်တဲ့ အတွက် အန္တရာယ်ရှိပြီး ပြစ်မှုမြောက်နိုင်တဲ့ အကြောင်းကို နားလည်အောင်ပြော ကြားရပါမယ်။ သက်ဆိုင်ရာ Customer အနေနဲ့လည်း ဒီငွေစက္ကူဟာ ပြစ်မှုမြောက် နိုင်တာကို လက်ခံနားလည်ပြီး ငွေစက္ကူရရှိသူရဲ့ အမည်နဲ့ ကိုယ်ရေးအချက်အလက် တွေ၊ ဒီငွေစက္ကူကို ဘယ်လိုရရှိလာတယ်ဆိုတဲ့ အကြောင်းအချက်တွေကို သတ်မှတ်တဲ့ ပုံစံမှာ ဖြည့်ပေးဖို့လိုအပ်ပါတယ်။ ဒီငွေစက္ကူအတုအပေါ်မှာ အတုဆိုပြီး တံဆိပ်တုံး ရိုက်နှိပ်ပြီး ဘဏ်က သိမ်းဆည်းရပါမယ်။ သိမ်းပြီးရင် ဒီငွေစက္ကူအတုနဲ့ ပတ်သက်တဲ့ အချက်အလက် မိတ္တူတွေကို Customer ကို ပြန်ပေးရပါမယ်။ ပြီးရင် ဘဏ်တာဝန်ခံက အဲဒီအချက်အလက်တွေကို ရဲစခန်းကို ဆက်လက်ပြီး အပ်နှံရမှာဖြစ်ပါတယ်။ ရဲစခန်း အပ်နှံတာနဲ့အတူ ဗဟိုဘဏ်ကိုလည်း အသိပေးအကြောင်းကြားရမှာဖြစ်ပါတယ်။ 

 

မေး။ ။ငွေစက္ကူ တစ်သောင်းတန် အတုရရှိခဲ့တဲ့ ပြည်သူတစ်ယောက်ဟာ ဒီငွေစက္ကူက အတုဖြစ်တဲ့အတွက် သူ့အတွက် ငွေကြေးတစ်သောင်း နစ်နာနိုင်ပါတယ်။ အဲဒီအပေါ်မှာ နစ်နာတဲ့သူအတွက် ဘယ်လိုဖြေရှင်း ဆောင်ရွက်တယ်ဆိုတာ သိပါရစေ။

 

ဒုတိယညွှန်ကြားရေးမှူးချုပ်။ ။နစ်နာတယ်ဆိုတာကို ရှင်းလင်းပြောကြားလိုပါတယ်။ ကျွန်တော်တို့ ဗဟိုဘဏ်အနေနဲ့ ထုတ်ဝေထားတဲ့ ငွေစက္ကူအစစ်အပေါ်မှာပဲ တာဝန် ရှိပါတယ်။ ဗဟိုဘဏ်က ထုတ်ဝေထားခြင်းမရှိတဲ့ ငွေစက္ကူအတုတွေအပေါ်မှာ ဗဟိုဘဏ်အနေနဲ့ တာဝန်ယူလို့ မရပါဘူး။ နစ်နာမှုမရှိအောင် ငွေစက္ကူအတု ကိုယ့် လက်ထဲ မရောက်လာအောင် စစ်ဆေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ငွေစက္ကူအတုနဲ့ အစစ်နဲ့ ကွာခြားချက် သွင်ပြင်လက္ခဏာတွေကို ပြည်သူတွေသိအောင် ငွေစက္ကူအသစ် စထုတ်ကတည်းက ပြဋ္ဌာန်းပြီးဖြစ်ပါတယ်။ ပြီးတော့ ငွေစက္ကူနဲ့ပတ်သက်ပြီး စစ်ဆေး နိုင်တဲ့ အချက်တွေကိုလည်း နည်းလမ်းပေါင်းစုံနဲ့ အသိပေးထားပြီးဖြစ်ပါတယ်။ တကယ် လို့ အတုလက်ဝယ် ရောက်ရှိရင် ပြည်သူတွေအနေနဲ့ အတုဖြစ်အောင် ဆောင်ရွက်တဲ့ အရင်းအမြစ်တွေကို ဖော်ထုတ်ဆောင်ရွက်နိုင်ဖို့ သက်ဆိုင်ရာ တရား ဥပဒေစိုးမိုးရေး အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ တရားဥပဒေ စိုးမိုးရေး အဖွဲ့တွေက လည်း စောစောက အတုတွေ လာရောက်အပ်နှံတဲ့ ပြည်သူတွေအခက် မတွေ့စေဘဲ ရဲရဲဝံ့ဝံ့နဲ့ အပ်နှံစေဖို့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်တယ်။ အတုတွေ မထွက်ပေါ်အောင် ဟန့်တားထိန်းချုပ်နိုင်မယ်ဆိုရင် ဒီနည်းလမ်းကပဲ ပြည်သူတွေ နစ်နာမှုမရှိအောင် ဆောင်ရွက်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းဖြစ်ပါလိမ့်မယ်။

 

မေး။ ။ဒုတိယဥက္ကဋ္ဌကို မေးမြန်းလိုတာက ငွေစက္ကူအတုတွေကို ထိန်းချုပ်ဖို့ ဘယ်လိုဆောင်ရွက်နေပါသလဲ။

 

ဒုတိယဥက္ကဋ္ဌ။ ။ငွေစက္ကူဆိုတာ အမြဲတမ်းလည်ပတ်နေတာဖြစ်တဲ့အတွက် ဒီဟာကို ဘယ်လိုထိန်းချုပ်မလဲ ဆိုတာကို စဉ်းစားရပါမယ်။ နံပါတ်တစ် အချက်အနေနဲ့ ဥပဒေ နဲ့ တားမြစ်ထားရမယ်။ နံပါတ်နှစ်အချက်အနေနဲ့ ငွေစက္ကူတွေကို မတုပနိုင်အောင် အဆင့်မြင့် လုံခြုံရေးအမှတ်အသားတွေ ထည့်ပေးရမယ်။ ပြီးတော့ ငွေစက္ကူကို ဘယ်လို စစ်ဆေးလို့ ရတယ်ဆိုတာကိုလည်း ပြည်သူတွေကို အသိပေးထားရမယ်။ နောက်ဆုံး အချက်က အတုပေါ်လာရင် အတုပေါ်လာတဲ့ အရင်းအမြစ်ကို သေချာ ဖော်ထုတ် ဖမ်းဆီးဖို့လိုအပ်ပါတယ်။ ဒီလိုအချက်တွေနဲ့ ပြည့်စုံရင် ငွေစက္ကူ တုပပြုလုပ်တာကို ဟန့်တားထိန်းချုပ်နိုင်မယ်လို့ မြင်ပါတယ်။

 

ကျွန်တော်တို့ ငွေစက္ကူတွေကို စက္ကူသားက အစ သေချာပြင်ဆင်ပြီး ထုတ်ဝေထားတာဖြစ်ပါတယ်။ ငွေစက္ကူအတုက ကြာကြာသုံးလာရင် အနားတွေက ဖွာလာတယ်၊ အစစ်မှာ ဒီလိုမဖြစ်ပါဘူး၊ အကြိမ်ကြိမ်ခေါက်ပြီး စမ်းသပ်ကြည့်ပြီးမှ ခံနိုင်တဲ့ အရည်အသွေးကို ထုတ်လုပ်တာဖြစ်ပါတယ်။ ငွေစက္ကူအစစ်က ရေစိုခံနိုင်တဲ့ သတ္တိရှိပါတယ်။ ဥပမာ အဝတ်လျှော်ရင်းပါသွားလို့ ရေစိုရင်တောင် ကြေမွသွားတာမျိုးမရှိပါဘူး။ အတုကတော့ သာမန်စက္ကူသားဖြစ်လို့ ခေါက်ရိုးကျိုးကြေမွသွားတယ်။ ဒါက သာမန် အားဖြင့် စက္ကူအဆင့်အတန်းပါ။ ငွေစက္ကူဆိုတာနဲ့ ရေစာတွေ၊ လုံခြုံရေး ကြိုးတွေ၊ ရောင်ပြန်တွေ၊ ဆေးသားထည့်ထားတဲ့ ဖောင်းကြွတွေ ဒါတွေပါပါတယ်။ သာမန်အားဖြင့် ငွေစက္ကူပေါ်က မျဉ်းကြောင်းလေး ဆိုပေမယ့် ဒီထဲမှာ အဏုအက္ခရာ micro print သေးသေးလေးတွေ ထည့်ရိုက်ထားပါတယ်။ အတုနဲ့ အစစ် သေချာခွဲမယ်ဆိုရင် ခွဲခြားလို့ရနိုင်တဲ့အချက်တွေ အများကြီးဖြစ်ပါတယ်။

 

မေး။ ။ငွေစက္ကူတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေက သိရှိမှု နည်းနေပါသေးတယ်။

 

ဒုတိယညွှန်ကြားရေးမှူးချုပ်။ ။ဗဟိုဘဏ်အနေနဲ့ ငွေစက္ကူတွေနဲ့ ပတ်သက်ပြီး အသိပညာပေးတာ နည်းနေသေးတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ငွေစက္ကူ စထုတ် ကတည်းက လုံခြုံရေးအတွက် ဘာတွေ ဆောင်ရွက်ထားတယ်ဆိုတာကို ထုတ်ပြန်ခဲ့ပါတယ်။ နောက်တစ်ခုက ဒီလိုအချက်အလက်တွေကို စစ်ဆေးနိုင်တယ် ဆိုတာကိုလည်း ဘဏ်တွေကိုလည်း ဖြန့်ဝေထားပြီးသားပါ။ နောက်တစ်ခုက ငွေစက္ကူနဲ့ ပတ်သက်ပြီး ထုတ်ပြန်တဲ့အခါ ပြည်သူတွေ အထိတ်တလန့် မဖြစ်အောင် ချင့်ချိန်ပြီး ဆောင်ရွက်တာ လည်းပါပါတယ်။ ကျွန်တော်တို့က အကြောင်းအရာရှိတိုင်း ထုတ်ပြန်နေရင် ပြည်သူတွေ အထိတ်တလန့်ဖြစ်မှာ စိုးပါတယ်။ အခုကတော့ နည်းပညာတွေက တိုးတက်လာပြီဖြစ်တဲ့အတွက် အွန်လိုင်းကနေတစ်ဆင့် အသိပညာပေးတာတွေကို ဆောင်ရွက်ဖို့ အစီ အစဉ်ရှိပါတယ်။ 

 

နောက်တစ်ခုက အတုပြုလုပ်တဲ့ အရင်းအမြစ်တွေကို တရားဥပဒေစိုးမိုးရေး အဖွဲ့တွေ ဖော်ထုတ်စုံစမ်း နိုင်ဖို့အတွက် အချက်အလက်တွေရှိမှလည်း ဖော်ထုတ်ဖမ်းဆီးနိုင်မှာပါ။ ပြည်သူတွေကလည်း အတုတွေ့ရှိတာနဲ့ သတ်မှတ်ထားတဲ့အတိုင်း ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ 

 

မေး။ ။ ခုနကလည်း မေးခဲ့ပြီးပါပြီ၊ ငွေစက္ကူအတု ကိုယ့်ဆီရောက်လာလို့ နစ်နာဆုံးရှုံးမှုကို ဘယ်လိုကုစားပေးမယ်ဆိုတာ ဖြေကြားပေးပါ။

 

ဒုတိယဥက္ကဋ္ဌ။ ။စောစောက ပြောသလိုပဲ ကိုယ့်ဆီ ရောက်မလာခင် စစ်ဆေး သိရှိနိုင်ရမယ်။ တကယ်တော့ အတုရဲ့ အကျိုးဆက်ကိုလည်း ကြည့်ရပါမယ်။ တစ်သောင်းတန် အတု တစ်ရွက်ပိုင်ဆိုင်မိပြီး သတ်မှတ်ထားတဲ့အတိုင်း ဆောင်ရွက် လိုက်ရင် တစ်သောင်းပဲ ဆုံးရှုံးမှာပါ။ ဒီတစ်သောင်းက ပျံ့နေရင်တော့ နိုင်ငံအတွက် ထိခိုက်နိုင်ပါတယ်။ ပြည်သူလူထုက တို့နိုင်ငံက ငွေစက္ကူတောင် အတုမလုပ်နိုင်အောင် မရိုက်နိုင်ဘူးလားဆိုတဲ့ ယုံကြည်မှု လျော့ပါးတဲ့ ခံစားချက်တွေ ဖြစ်လာနိုင်တယ်။ ကိုယ့်နိုင်ငံအပေါ်မှာ ယုံကြည်ချက် လျော့ပါးနိုင်ပါတယ်။ ဒီတစ်သောင်းတန်ကို ဆုံးရှုံးမှာ ကြောက်လို့ တန်ရာတန်ကြေးရအောင် သုံးလိုက်ဦးမယ်ဆိုရင် ရရှိလာတဲ့ တစ်ဦးချင်း စီရဲ့ စိတ်ထဲမှာ နိုင်ငံအပေါ် ယုံကြည်ချက်လျော့တဲ့ ခံစားမှုမျိုး ဖြစ်ပြီး အဆင့်ဆင့် ပျံ့နှံ့မှုဖြစ်ပွားလာပါမယ်။ ဒါကြောင့် ငွေစက္ကူအတုကို ဥပဒေနဲ့အညီ အပ်နှံမှုမရှိဘဲ သုံးစွဲခြင်းဟာ နိုင်ငံအပေါ် ယုံကြည်မှု လျော့စေတဲ့ လက်ကမ်းစာစောင် ဖြန့်နေတာနဲ့ တူပါတယ်။ ပြည်သူအနေနဲ့ ဆုံးရှုံးမှုဖြစ်သွားပြီး တန်ဖိုးတော့ မရနိုင်ပေမယ့် အားလုံး က ဝိုင်းဝန်းကာကွယ်မှသာ အတုဖြစ်ပေါ်ပြန့်ပွားမှုကို ဟန့်တားနိုင်မှာဖြစ်ပါတယ်။  အတုမလုပ်ပါနဲ့ဆိုပြီး ပြောရုံနဲ့မရဘူး။ တစ်ကမ္ဘာလုံးသုံးနေတဲ့ ငွေတောင် အတုလုပ်နိုင် ကြသေးတဲ့အတွက် ခွဲခြားမရတဲ့ Super Note ဖြစ်လာလို့ ပုံစံသစ်ရိုက်နှိပ်ရပါတယ်။ လုံခြုံရေးကောင်းမွန်ပေမဲ့ အတုလုပ်တဲ့သူက သူ့အကျိုးစီးပွားအတွက်၊ တစ်ခုခုကြောင့်ပဲ ဖြစ်ဖြစ် လုပ်ဦးမှာပါ။ သို့သော် ဒါကို စစ်ဆေးအရေးယူကြဖို့ လိုတယ်။ ငွေစက္ကူတစ်ခု ကြောင့် တန်ဖိုးဆုံးရှုံးသွားနိုင်တယ်။ ဒါပေမယ့် နိုင်ငံပေါ်မှာ ယုံကြည်မှုမဆုံးရှုံးဖို့ အရေးကြီးပါတယ်။ နောက်တစ်ခုက ငွေသားအသုံးပြုမှု နည်းအောင်လုပ်ခြင်းဖြင့်  ငွေစက္ကူနည်းနည်းလေးပဲ သုံးရရင်လည်း အတုကို ပစ်ပယ်ပြီးသားဖြစ်မှာပါ။ mobile banking လိုမျိုးတွေ၊ ကတ်သုံးစွဲမှုမျိုးတွေ သုံးစွဲရင် ငွေအသုံးလျော့ပြီး တစ်ရွက်ချင်း စစ်ဆေးနိုင်တဲ့အတွက် ငွေအတုကို စစ်ဆေးနိုင်မှာပါ။ 

 

အတုတွေ့တာနဲ့ ရင်းမြစ်ကိုလိုက်ဖို့ လိုပါတယ်။ ဒီလိုလိုက်ပြီး ဖြေရှင်းမှလည်း ခုနကလို ပြည်သူတွေ နစ်နာမှုကိစ္စလျော့မှာပါ။ ပြည်သူတွေက တရားဥပဒေစိုးမိုးရေး အဖွဲ့တွေနဲ့ ပူးပေါင်းဖို့ လိုအပ်ပါတယ်။

 

မေး။ ။နိုင်ငံတကာမှာ ငွေစက္ကူအတုတွေ့ခဲ့ရင် ဘယ်လိုတွေ ဆောင်ရွက်သလဲ။

 

ဒုတိယဥက္ကဋ္ဌ။ ။ ငွေအတုဆိုတာ တကယ်ပြစ်မှုမြောက်တဲ့ ပစ္စည်းဖြစ်တဲ့အတွက် တရားဥပဒေ စိုးမိုးရေးအဖွဲ့တွေဖြစ်တဲ့ ရဲတပ်ဖွဲ့ကို အပ်ရပါမယ်။ နိုင်ငံတကာ ငွေကြေး တွေ ကျွန်တော်တို့ လက်ခံရတဲ့အခါ တန်ဖိုးရအောင် နိုင်ငံခြားကို ပြန်ပို့ရပါတယ်။ စက်နဲ့ကော လက်နဲ့ကော စစ်ဆေးပါတယ်။ ဒီလိုစစ်ဆေးပြီး သူတို့ထပ်စစ်တဲ့အခါ အတုဆိုရင် ပြန်မရတော့ပါဘူး။ စင်ကာပူမှာဆိုရင် စင်ကာပူရဲကို အပ်ပါတယ်။ ဒါက နိုင်ငံတကာမှာ ကျင့်သုံးတဲ့ အလေ့အထပါ။ 

 

မေး။ ။ငွေစက္ကူနဲ့ ပတ်သက်ပြီး ပြည်သူတွေကို အသိပေးပြောကြားချင်တာရှိရင်လည်း ပြောကြားပေးပါ။

 

ဒုတိယဥက္ကဋ္ဌ။ ။စောစောက ပြောသလိုပဲ ဘဏ်တွေကို အသုံးပြုတာ၊ mobile banking တွေ၊ ကတ်စနစ်တွေကို သုံးတာ လုပ်မယ်ဆိုရင်  ငွေအထပ်လိုက် သုံးရတာ လျော့သွားမယ်။ ဒီလို လျော့သွားတဲ့အတွက် ငွေသားစစ်ဆေးမှုကို ဂရုပြု လုပ်နိုင်မယ်။ ဒါမှမဟုတ် အထုပ်လိုက်ပေးရင် ဘယ်သူက စစ်နိုင်မလဲဆိုတဲ့ ကိစ္စတွေဖြစ်နေမှာပါ။ ငွေအထုပ်လိုက်ကို သုံးမယ့်အစား ဘဏ်တွေ၊ mobile banking တွေ၊ ကတ်စနစ် တွေကို အသုံးပြုမယ်ဆိုရင် ငွေစက္ကူဆိုင်ရာ ကိစ္စတွေဟာ လျော့နည်းသွား မယ်။ ပြည်သူတွေအနေနဲ့ ငွေစက္ကူအတုတွေ့တာနဲ့ သက်ဆိုင်ရာကို အပ်နှံခြင်းအားဖြင့် အတုပြုလုပ်တဲ့ ရင်းမြစ်ကို ဖော်ထုတ်နိုင်မှာပါ။

 

ရှင်မင်း

 

ဓာတ်ပုံ-လူမော်