မြန်မာ့ရုပ်ရှင် ပြောင်းလဲလာသော်လည်း နာမည်ရ မင်းသမီးငယ်အချို့ အလုပ်အပေါ်လေးစားမှု အားနည်း ကြောင်း ဒါရိုက်တာ ညီညီထွန်းလွင်ပြော

၂၉ နိုဝင်ဘာ

 

ကျန်းမာရေးအရ ဒါရိုက်တာအလုပ်ကနေ ၂ နှစ်ကျော် အနားယူထားပြီး၊ ယခုအချိန်တွင် မြန်မာနိုင် ငံရုပ်ရှင်အစည်းအရုံ(ဗဟို)၏ အမှုဆောင်တစ်ဦးအဖြစ် တာဝန်ယူထားသူ ဒါရိုက်တာညီညီထွန်းလွင်အနေဖြင့် ဒါရိုက်တာအလုပ်ကို လုပ်ကိုင်စဉ်က တွေ့ကြုံခံစားခဲ့ရသည့်  လုပ်ရပ်အချို့နှင့် အနာဂတ်မြန်မာ့ရုပ်ရှင် လောက ရပ်တည်မှုအပေါ် ယခုလို ပြောကြားခဲ့သည်။
    

 

မေး ။ ။ အခုဆိုဇာတ်အိမ်ခိုင်မာပြီး ဇာတ်လမ်းကောင်းတွေ တွေ့လာရပြီဆိုတော့ နောင်မြန်မာ့ရုပ်ရှင်ဟာ တစ်ခေတ်ပြန်ဆန်းလာမယ်လို့ ထင်ပါလားဆရာ။

 

 ဖြေ။ ။  ။ နောက်ပိုင်းကားတွေကတော့ အင်မတန်ကို ကောင်းလာတာတွေ့နေရတယ်။ " မုန်းစွဲ" လို ကားမျိုးဆို အခုစင်ကာပူနိုင်ငံမှာ သွားပြတာနဲ့တင် အရင်းကျေနေလောက်ပြီ၊ အခုအထိ ရုံပေါ်ကကို မဆင်း ရသေးဘူး။ ရိုက်ကူးထားတာကလည်း  အင်မတန်ကို ကောင်းမွန်တဲ့ ကားတစ်ကားပါ။ ဒီလိုပဲ ပိုင်ဖြိုးသုတို့ ရိုက်ထားတဲ့ " မီ" ဇာတ်ကားဆိုလည်း တကယ်ကို ရိုက်ထားတာ အဆင့်မြင့်လာတယ်။ ပြီးတော့ " သမ္မတ ကြီးထံပေးစာ" ကားမျိုးတွေ၊ " ဥပါဒါန်" စတဲ့ ကားကောင်းတွေကို ထုတ်လုပ်သူတွေဘက်က လည်း ငွေကုန်ကြေးကျခံပြီး ရိုက်လာတယ်။ ကြည့်တဲ့ပရိသတ်ကလည်း တကယ်ကို အားပေးလာတယ်။ နောက်ပိုင်း ကျွန်တော်ထင်တယ် ထုတ်လုပ်သူတွေ တဖြည်းဖြည်း ငွေကြေးထက် ဇာတ်ကားတစ်ကားရဲ့ အရည်အသွေးကို ပိုကြည့်လာကြမယ်ဆိုတာရမယ်။ ပြီးတော့  ထုတ်လုပ်သူတွေ အနေနဲ့လည်း အရင်ကလို အရှုံးခံရိုက်ရတာမျိုးထက် အရည်အသွေးကောင်းကို ကြည့်တဲ့အတွက် အရှုံးဆိုတာ သိပ်မရှိသလောက် ဖြစ်လာမှာပါ။  

 

မေး။ ။  ထုတ်လုပ်သူတွေပိုင်းက ဇာတ်ကားကောင်းတွေ ဖန်တီးနေတဲ့အချိန် ၊ သရုပ်ဆောင်တွေပိုင်းက ရော ပြောင်းလဲလာတာမျိုးတွေရှိလား။ 

ဖြေ။ ။ ထုတ်လုပ်သူတွေကလည်း အခုဆို သူ့ထက်ငါ ပိုပြီးကြိုးစားနေကြတဲ့ အချိန်မှာ သရုပ်ဆောင်ပိုင်းတွေအနေနဲ့  အရင်ကလို ဖြစ်သလိုနေတာမျိုးတွေ မလုပ်သင့်တော့ဘူးလို့ ထင်ပါတယ်။ အရင်ကဆို မင်းသားတွေကပဲ ရိုက်ကွင်းနောက်ကျတာနဲ့၊ အချိန်မလေးစားတာနဲ့၊ ရိုက်ကွင်းရိုက်နေရင်းကနေ အိမ်ပြန် သွားတာနဲ့ အမျိုးမျိုးကြုံရတယ်။ ဒါရိုက်တာတွေ စက်အဖွဲ့တွေ ထုတ်လုပ်သူတွေ ခံစားခဲ့ရတယ်။ အခုတော့ နာမည်ကြီး မင်းသားတွေက ဒီလိုမျိုးမလုပ်တော့ဘူး။ အချိန်လေးစားတယ်  အားလုံးကို လေးလေးစား စားတွေဖြစ်လာတယ်။ အခုဖြစ်နေတာက ကျွန်တော်တို့ဆီမှာ မင်းသား၊ မင်းသမီးကောင်းတွေ ဆိုတာ လက်ချိုးရေတွက်လို့ရတယ်လေ။ နာမည်ကြီးနေတဲ့ မင်းသမီးငယ်တွေ ဖြစ်နေတာပါ။ နာမည်ပျက်လေးတွေကြားနေရတယ်။ အချိန်ကိုမလေးစားဘူး။ ရိုက်ကွင်းက မနက်လုပ်ထားတယ်။ နေ့လယ် ၁၂ နာရီလောက်မှ ရောက်လာတာမျိုးတွေ၊ နယ်မှာရိုက်ကူးရေးလုပ်နေတာကနေ အိမ်ကိုချက်ချင်း ထပြန်သွားတာမျိုးတွေလည်း ကြုံခဲ့ရတယ်။ စူပါမင်းသားတွေဖြစ်နေတဲ့ သူတွေကတော့ ယနေ့ခေတ်မှာ တကယ်ကို လေးစားစရာတွေလည်း ရှိတယ်။ ကျွန်တော်တို့ ခေတ်တုန်းကဆို မင်းသားတွေက ဘုန်းကြီးဝတ်ရမယ့် အခန်းဆို ကတုံးမတုံးချင်ကြဘူးလေ။ အခုစူပါမင်းသားတွေက International ဆန်လာပြီလို့ ပြောလို့ရပါတယ်။ ကတုံးဆိုလည်း ဆံပင်ကိုမနှမြောဘူး တုံးလိုက်တာပဲ။ မတွန့်ဘူးလေ။ အဲ့တော့ ကျွန်တော်ပြောချင်တာ နာမည်ရ စူပါမင်းသမီးတွေ ပြုပြင်သင့်ပြီလို့ထင်ပါတယ်။

 

မေး။ ။   မအောင်မြင်ခင်က ကြိုးစားရုန်းကန်ခဲ့ရတဲ့ ဘဝကို မေ့သွားတယ်လို့ ဆိုမလား။ ဘယ်လိုအချက် တွေကြောင့်လို့ထင်လဲ။

 

ဖြေ ။ ။ ကျွန်တော်အထင် သူတို့စာမဖတ်တာနေမယ်။ ပြီးတော့ ပညာမတတ်တာလည်းပါမယ်။ အမှန်အတိုင်းပြောရင် မြန်မာပြည်မှာဘွဲ့ရပြီး စာမတတ်တဲ့သူတွေက အများကြီးလို့ ပြောလို့ရတယ်။ ကျွန်တော် မြင်တာကတော့ သူ့ဟာသူ ဘွဲ့ရရ မရရ ပညာမတတ်လို့သာ အဲ့လိုအလုပ်အပေါ်  မလေးစားတာတွေ အသိုင်းအဝိုင်းအပေါ် လေးစားမှုမရှိတာတွေဟာ ပညာမတတ်လို့ပဲ ထင်ပါတယ်။

 

မေး ။ ။ ဒါရိုက်တာဆိုတာ ရိုက်ကွင်းရဲ့ ဘုရင်ဆိုပြီး အရင်က ပြောကြတယ်နော်။ အခုခေတ်မှာရော မင်းသားက ဒါရိုက်တာဖြစ်နေကြတယ်။ အဲ့တော့ ဒါရိုက်တာဆိုတာ ဘာလဲလို့ဆရာမြင်လဲ။

 

ဖြေ။ ။   ခုနက အစ်ကိုပြောသလိုပေါ့နော်။ရိုက်ကွင်းမှာ ဒါရိုက်တာဟာ ဘုရင်ပဲသူပြောတာ မှားသည် ဖြစ်စေမှန်သည်ဖြစ်စေ သူသာအဓိကကျတာပါ။ ကားတစ်ကား အရည်အသွေးကောင်းတာ မကောင်းတာကအစ သူနဲ့ပဲဆိုင်တယ်။ မင်းသမီးက ငါလဲစူပါမင်းသမီး၊ ငါသိတယ်၊ ငါတတ်တယ် ဆိုတာမျိုး ပညာမဲ့လုပ်ရပ်တွေပေါ့နော်။ ဒါတွေကြောင့်ပါပဲ။ 

 

(ကိုလင်း)