မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက် မကြာမီဖွင့်လှစ်နိုင်ရေးဆောင်ရွက်နေ

ရန်ကုန် ၂၃ သြဂုတ်

 

           ခေတ်အဆက်ဆက် ထင်ရှားကျော်ကြားကာ အစဉ်အလာကြီးခဲ့သည့် မြန်မာ့ရုပ်ရှင်သမိုင်းကို အများပြည်သူများသိရှိ လေ့လာနိုင်စေရန် အတွက်ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဝင်္ကပါလမ်းမြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး MMPO ဝင်းအတွင်းရှိ အဆောက်အအုံ၌ မြန်မာ့ရုပ်ရှင် သမိုင်းပြတိုက်ဖွင့်လှစ် ပြသနိုင် ရေးကို ဆောင်ရွက်နေပြီဖြစ်ကြောင်း MMPO မှ သိရသည်။

 

            ''ကျွန်တော်တို့ MMPO အနေနဲ့ မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက် ကိုဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။ အခုအချိန်မှာပြခန်းပြင်ဆင်မှုတွေလုပ်နေပါတယ်။ပြီးဖို့ကိုတော့ ဒီနှစ်အောက်တိုဘာအပြီး မှန်းထားပေမယ့် သမိုင်းပြတိုက်ဆိုတော့ သုတေသနအပိုင်းတွေက အသေအချာ လုပ်ရတယ်လေ။ ဒီ အတွက် များမကြာမီအမြန်ဆုံးပြီး အောင်တော့ ကြိုးစားဆောင်ရွက် နေပါတယ်။ ဒီပြတိုက်ကရုပ်ရှင်ရဲ့ သမိုင်းပါပဲ။ ရုပ်ရှင် လောကသားတွေတင် မဟုတ်ပါဘူး။ ပြင်ပက ရုပ်ရှင်ကို ချစ်တဲ့သူတွေအနေနဲ့ ဒီ ပြတိုက်ထဲလာကြည့်လို့ရှိရင် မြန်မာ့ ရုပ်ရှင်ရဲ့သမိုင်းကို အားလုံး သိသွားကြမှာပါ။ သမိုင်းဆိုတာက ကြာ သွားရင် မေ့သွားကြမှာလေ။ ဒါကို ကျွန်တော်တို့က တော်တော်လေး ကိုသမိုင်းသုတေသနတွေအဆင့်ဆင့် ပြုစုပြီး ဆောင်ရွက်နေရတာပါ။ ဒီပြတိုက်ကြီးပြီးစီးသွားရင် အများ ပြည်သူတွေနဲ့ရုပ်ရှင်ချစ်ပရိသတ် တွေ လာရောက်လေ့လာနိုင်မှာ ဖြစ်ပါ တယ်''ဟု မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးMMPO ဒုတိယ ဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောသည်။

 

        လက်ရှိအနေအထားအရပြတိုက် အဆောက်အအုံကို MMPO မှ ဦးဆောင်ကာအသစ်ပြန်လည်မွမ်းမံ ဆောင်ရွက်နေမှုများ ပြီးစီးနေပြီဖြစ်ပြီး အတွင်းပိုင်းပြခန်းများပြင် ဆင်မှု၊ပြသမည့်သမိုင်းဝင်မှတ်တမ်း သုတေသနပြုခြင်းနှင့် အခြားပြုပြင် ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေကြောင်းလည်း သိရသည်။

 


        မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ကို ၁၉၉၈ ခုနှစ်တွင် ကနဦးအစဖွင့်လှစ်ကာ ပြသနိုင်ခဲ့ကြောင်း၊ ထိုကာလ များတွင် လာရောက်လေ့လာသူများ စည်ကားများပြားခဲ့ကြောင်း သိရသည်။ယင်းနောက်ပိုင်းကာလများ တွင် ပြန်လည်ပိတ်သိမ်းခဲ့ပြီး ယခု အခါတွင် အသစ်တစ်ဖန်ပြန်လည် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံး MMPO မှ သိရသည်။

 

   မြန်မာ့ရုပ်ရှင်၏ တစ်ခေတ်တစ်ခါတွင် ထင်ရှားကျော်ကြားခဲ့သည့် ငွေရတုခေတ်(၁၉၂ဝ-၁၉၄၅) ခုနှစ်အထိပြခန်းများ၊ ရွှေရတုခေတ် (၁၉၄၆-၁၉၇ဝ) ခုနှစ်အထိ ပြခန်းများ၊ စိန်ရတုခေတ်(၁၉၇၁-၁၉၉၅) ခုနှစ်အထိ ပြခန်းများ၊ ယခုလက်ရှိ မြန်မာ့ရုပ်ရှင် နှစ်(၁ဝဝ)ပြည့် ပြခန်း နှင့်မြန်မာ့ရုပ်ရှင်၏ အကယ်ဒမီ ၁၉၅၂ ခုနှစ်မှ ယနေ့အထိ ထူးချွန် အကယ်ဒမီရရှိမှုပြခန်းများ၊ ရုပ်ရှင် ရိုက်ကူးထုတ်လုပ်သော စက်မှု ပြခန်းများပါဝင်ကာ စုစုပေါင်း အခန်းခြောက်ခန်းကို ပြတိုက်၏ အပေါ်တွင် သုံးခန်း၊ အောက်ထပ်တွင် သုံးခန်း ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

          ပြသသွားမည့် မြန်မာ့ရုပ်ရှင် သမိုင်းပြတိုက်၌ ရတုနှစ်ခေတ် အဆက်ဆက်တွင် ခေတ်အလိုက် ထင်ရှားကျော်ကြားခဲ့သော ဒါရိုက်တာကြီးများ၊ခေတ်အလိုက်ထင်ရှားခဲ့သော မင်းသားကြီးများနှင့်မင်းသမီး ကြီးများ၏ ဓာတ်ပုံမှတ်တမ်းများ၊ စတန့်ရိုက်ကွင်းဓာတ်ပုံများ၊ သမိုင်းဝင် ရုပ်ရှင်ဇာတ်ကားကြီးများနှင့် ဗီဒီယိုဇာတ်ကားများ၊ မြန်မာ့ရုပ်ရှင်ကို ပုံဖော်ခဲ့ကြသော အကယ်ဒမီ ခြောက်ဆုရှင် ဆရာကြီးဦးသုခနှင့် ဦးမောင်မောင်၊ ဦးညီပု၊ ဦးအုန်းမောင်တို့၏ ရုပ်တုများ၊ ယနေ့ခေတ်အထိ ခေတ်အဆက်ဆက် အကယ်ဒမီရရှိ လာခဲ့သော အနုပညာရှင်များ၏ ပုံရိပ်မှတ်တမ်းများနှင့် အကယ်ဒမီ ပြခန်းများအပြင် ရိုက်ကူးပုံဖော် သည့် ရှေးဟောင်းရုပ်ရှင်ကင်မရာကြီးများ၊ မီးထိုး၊ မီးဆိုင်းများ၊ ခေတ်အဆက်ဆက် အသုံးပြုခဲ့သော Film အမျိုးမျိုး၊ ဓာတ်ပြားအမျိုး မျိုးနှင့်ရုပ်သံတည်းဖြတ်စက်များကို ဗဟုသုတရဖွယ် ခင်းကျင်းပြသ သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး (MMPO) ရန်ကုန်မှ သိရသည်။

 

ကျော်ဆန်းမြင့်