မြန်မာ့တက္ကသိုလ်များ၏ သုတေသနညီလာခံကျင်းပမည်

နေပြည်တော် ၂ ဇန်နဝါရီ

 

နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေမည့် အသုံးချသုတေသနဆောင်ရွက်မှုများကို အရည်အသွေးရှိစွာ ဆန်းသစ်လုပ်ဆောင်နိုင်ရန်ရည်ရွယ်၍ အမျိုးသားပညာရေးမူဝါဒကော်မရှင်နှင့် ပါမောက္ခချုပ်များကော်မတီ တို့သည် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းလျက် မြန်မာ့တက္ကသိုလ်များ၏ သုတေသန ညီလာခံကို ၂၀၁၉ ခုနှစ် မေစတုတ္ထပတ်အတွင်းကျင်းပရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါညီလာခံတွင် ဝိဇ္ဇာ/သိပ္ပံပညာရပ်များ၊ အင်ဂျင်နီယာနှင့် နည်းပညာရပ်များ၊ ကွန်ပျူတာပညာရပ်များ၊ စီးပွားရေးပညာရပ်များ၊ ဆေးနှင့် နှီးနွယ်ပညာရပ်များ၊ ဘာသာစကား၊ ယဉ်ကျေးမှုနှင့် အနုပညာရပ်များ၊ သစ်တော၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ပညာရပ်များ၊ ဆရာအတတ်ပညာစသည့် ပညာရပ်ဆိုင်ရာအသုံးချသုတေသန စာတမ်းများဖတ်ကြားနိုင်ရေးအတွက် ဝန်ကြီးဌာနများအောက်ရှိ တက္ကသိုလ်များသို့ အသိပေး အကြောင်းကြားသွားမည်ဖြစ်ကြောင်းသိရသည်။

 

တက္ကသိုလ်များမှ စာတမ်းဖတ်ကြားမည့်သူများသည် စာတမ်းအနှစ်ချုပ်ကို ညီလာခံ၏ သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီသို့ ၂၀၁၉ ခုနှစ် မတ် ၃၁ ရက် နောက်ဆုံးထားပေးပို့ရမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက http:// www.nepc.edu. mm/ murc2019 တွင် ကြည့်ရှုလေ့လာနိုင်ကြောင်းသိရသည်။

 

(သတင်းစဉ်)