မြန်မာတွင်ထင်ရှား ဒြပ်မဲ့ယဉ်ကျေးမှုပွဲတော် လေးဆူဓာတ်ပျော်ရွှေဆံတော်

မာန်သစ်ငြိမ်း (ရှေးဟောင်းသုတေသန)

 

လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုဆိုသည်မှာ ထိုလူမျိုးတို့မွေးဖွားချိန်မှသေဆုံးချိန်အထိ ပြုလုပ်သုံးစွဲခဲ့သော ပစ္စည်းမှန်သမျှ ထိုသူ၏ ဝတ်စားဆင်ယင်မှု၊ ယုံကြည်ကိုးကွယ်မှု၊ ပြောဆိုသောဘာသာစကား၊ ရိုးရာဓလေ့ ထုံးစံများ၊ အတွေးအခေါ်၊ ဓလေ့စရိုက်၊ လက်မှုအနုပညာနှင့် အနုသုခုမပညာတို့ ပေါင်းခြုံထားခြင်းပင် ဖြစ်ပေသည်။ အမျိုးအစားအားဖြင့် ဒြပ်ရှိယဉ်ကျေး မှုနှင့်ဒြပ်မဲ့ယဉ်ကျေးမှုဟူ၍ နှစ်မျိုးခွဲခြားထားသည်။ 

 

ဒြပ်မဲ့ယဉ်ကျေးမှုတွင် နာမ်သဘောသဘာဝဝင်များဖြစ်သော လူသားတို့ပြောဆိုသည့် ဘာသာစကား၊ အတွေးအခေါ်၊ ဓလေ့စရိုက်၊ ယုံကြည်ကိုးကွယ်မှုနှင့် ဓလေ့ထုံးစံများပါဝင်ပေသည်။ UNESCO က ယဉ်ကျေး မှုအမွေအနှစ်ဟူသည်မှာ အဆောက်အအုံများ၊ ပြတိုက်များတွင်စုဆောင်းထားရှိသော ရုပ်ဝတ္ထု ပစ္စည်းများ စသည်တို့သာမကဘဲ လူသားတို့၏ ဘိုးဘေးဘီဘင်အစဉ်အဆက်မှလက်ဆင့်ကမ်းလာခဲ့ကြသည့် ပါးစပ်ရာ ဇဝင်နှင့်ဖော်ပြချက်များ၊ ဘာသာစကားများ၊ ဖျော်ဖြေတင်ဆက်မှုအနုပညာများ၊လူမှုရေးအစဉ်အလာ အလေ့ အထများ၊ ရိုးရာဓ လေ့များနှင့်ပွဲတော်များ၊ သဘာဝနှင့်စကြဝဠာဆိုင်ရာ ဗဟုသုတနှင့်ရိုးရာအစဉ်အလာ အလေ့ အထများ၊ ရိုးရာလက်မှုပညာရပ်များပါဝင်ကြောင်း သတ်မှတ်ထားပေသည်။ ကမ္ဘာ့နိုင်ငံအသီးသီးက မိမိတို့၏ ယဉ်ကျေးမှုများအား ထိန်းသိမ်းရာတွင် ဒြပ်မဲ့ယဉ်ကျေးမှုများကို အရေးကြီးသောအခန်း ကဏ္ဍတစ်ခုအဖြစ် ထိန်းသိမ်းလျက်ရှိသည်။ ထို့ကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံတွင် မြန်မာလူမျိုးများအတွက်ဒြပ်မဲ့ယဉ်ကျေးမှုများ ပေါများသည့်အတွက် ထိန်းသိမ်းကြရန် အလွန်အရေးကြီး ပေသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ထင်ရှား ကျော်ကြားသော ပွဲတော်တစ်ခုဖြစ်သည့် လေးဆူ ဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီးနှင့် ပူးတွဲကျင်းပ သည့် မြတ်စွယ်တော်ဗုဒ္ဓ ပူဇနိယပွဲတော်သည် လည်း ဒြပ်မဲ့ယဉ်ကျေးမှုပွဲတော်တစ်ခုအဖြစ် ယနေ့တိုင် တည်တံ့လျက်ရှိသည်။ ယခုပွဲတော်သည် မြန်မာနိုင်ငံ၏ပထမဆုံးသောမြတ်စွယ်တော်နှင့် ဗုဒ္ဓပူဇနိယပွဲတော်ဖြစ် သည့်အတွက် ဒြပ်မဲ့ယဉ်ကျေးမှုပွဲတော်တစ်ခုဖြစ်သည်။ထိုလေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး သည် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့တွင်တည်ရှိြမြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၄၉ မိနစ်နှင့် အရှေ့ လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၁၃ မိနစ်တွင် တည်ရှိသည်။ မြန်မာနိုင်ငံအနှံ့မှ ဘုရားဖူးခရီးသွား မိဘပြည် သူများကလည်းပြည်ရွှေဆံတော်စေတီတော်ကြီးသို့ မရောက် ရောက်အောင် လာရောက် ဖူးမြော်ကြစမြဲပင် ဖြစ်သည်။ 

 

မြန်မာနိုင်ငံရှိ ဘုရားဖူးပြည်သူများအနေဖြင့်လည်း လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ သမိုင်းကြောင်းကို သိရှိရန်လိုအပ်ပေသည်လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီးတည်ထားသော ကုန်းတော်ကြီးအား သုဒဿန ကုန်းတော် (သို့မဟုတ်)တောင်တော်ဟု ခေါ်တွင်ခဲ့ကြပေသည်။ ဤသုဒဿန တောင်သည် ကကုသန်မြတ်စွာဘုရားလက်ထက်တော်၌ ဓမ္မသေနပဗ္ဗတတောင်ဟု အမည်တွင်ခဲ့သည်။ ကောဏာဂုံဘုရားရှင် လက်ထက်တော်၌ ကေသဘရသေ့အမှူးပြု၍ နေထိုင်ရာဖြစ်သောကြောင့် ဣသိဂီရိ တောင်အမည်တွင်ခဲ့သည်။ ကဿပဘုရား ရှင်လက်ထက်တော်၌မန္ဒာသရနဂါးမင်းတို့သည် ဤတောင်ရံ တောင် ခြေ၌ နေသည်ကိုအကြောင်းပြု၍ မန္ဒာဂီရိတောင်ဟု အမည်တွင်ခဲ့သည်။

 

ကဿပမြတ်စွာဘုရား သာသနာတော်ကုန်ပြီးနောက် ဂေါတမဘုရားမပွင့်မီ ဟိမဝန္တာဂန္ဓမာဒန တောင်၊ နန္ဒမူလအမည်ရှိသောလိုဏ်ဂူ၌ သုဒဿနပစ္စေကဗုဒ္ဓါအရှင်သူမြတ်တို့အား မပြတ်မလပ် ဤတောင်သို့ ပင့်ဖိတ်၍တရားနာလေ့ရှိသည်။ ထို့ကြောင့် ထိုတောင်တော်ကိုသုဒဿန ပစ္စေကဗုဒ္ဓါအရှင်သူမြတ်တို့ သီတင်း သုံးရာဖြစ်၍ ဤတောင်တော်ကို သုဒဿနတောင်တော်ဟု အမည်တွင်ခဲ့ပေသည်။ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဆံတော်လေးဆူ၊ မွေတော်ရှစ်ဆူ၊ နိသိဒိုင်ဓမ္မခဏ်အခင်းတော်နှင့် နောင်တော် ဘုရားသုံးဆူဖြစ်သော ကကုသန်၊ ကောဏာဂုံ၊ ကဿပဘုရားရှင်တို့၏ ဒုကုဋ်တော်၊ အံသကိုက်(သင်းပိုင်)တော်၊ ခါးပန်းတော်တို့ ဌာပနာထားခဲ့သည်။ ဤသုဒဿနတောင်တော်မြတ်ကြီး၌ပင် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဗျာဒိတ်တော်အတိုင်းဌာပနာ၍ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပေါင်းလဆန်း ၁၃ရက်တွင် အဇ္ဇိက၊ ဘလ္လိက ကုန်သည်ညီနောင်နှင့်အတူဧရာပထနဂါးမင်း၊ သမ္ဗူလ ဘီလူးမင်း၊ သိကြားဗြဟ္မာနတ်အများတို့ စတင်တည် ထောင်ကြရာ ၎င်းနှစ် တပေါင်းလပြည့် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၂ နာရီတွင် အောင်မြင်စွာ စေတီတည်ထားနိုင်ခဲ့ပေသည်။

 

စေတီတော်၏ မူလပုံသဏ္ဌာန်မှာ ဉာဏ်တော်အမြင့်ခုနစ်တောင်၊ အလျား၊ အနံ၊ ပန္နက်တော် ၁၄ တောင်ရှိ စပါးစုပုံသဏ္ဌာန်စေတီဖြစ်သည်။ ယခုအခါ စေတီတော်မြတ်ကြီးမှာ ဉာဏ်တော်အမြင့် ၁၂၆ ပေရှိပြီး စေတီတော်ကြီးသက်တမ်းတော်မှာ ၂၆၀၄ နှစ်ရှိပြီဖြစ်ပေသည်။ ဒွတ္တပေါင်မင်းကြီး၏ သားတော်နှစ်ပါးဖြစ်ကြ သည့် ရဟန္တာအရှင်သူမြတ်နှစ်ပါးတို့က ဗုဒ္ဓဘုရားရှင်၏ ဗျာဒိတ်တော်အတိုင်းမိမိညီနောင်နှစ်ပါးသည် ဆံတော် လေးဆူနှင့် မွေတော်များကို ဌာပနာပြု၍ စပါးစုပုံသဏ္ဌာန်စေတီတော်တည်ထား ခဲ့ကြောင်း၊ ထိုစေတီကို ကြီးမားတင့်တယ်ကြည်ညိုဖွယ်ရာစေတီတည်ထားရန် ခမည်းတော် ဒွတ္တပေါင်မင်းကြီးအား မိန့်ကြားခဲ့ပေသည်။ 

 

ထိုသို့မိန့်ကြားချက်နှင့်အညီ ယနေ့ဖူးတွေ့ရသော လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီးကို ဒွတ္တပေါင်မင်းကြီးသည် သာသနာနှစ် ၁၂၆ခုနှစ် တပေါင်းလပြည့်နေ့တွင် စေတီတော်မြတ်ကြီး ကိုအပြီးတည် ဆောက်ခဲ့ပေသည်။ ထိုစဉ်က ဉာဏ်တော်အမြင့်မှာ ၉၉ ပေ ရှိပေသည် လေးဆူဓာတ်ပျော် ရွှေဆံတော် စေတီတော်မြတ်ကြီးတွင် ကိန်းဝပ်စံပယ်တော်မူသော ဗုဒ္ဓမြတ်စွယ်တော်သည်မြန်မာနိုင်ငံသို့ ပထမဆုံးရောက်ရှိ လာသော စွယ်တော်ပင်ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၂၆၁ ခုနှစ်တွင် ပြည်မြို့ ပွင့်လှသိ မ်ကုန်း စာသင် ကျောင်းတိုက် ပထမမြောက်ပဓာနနာယကဆရာတော်ကြီး ဘဒ္ဒန္တနာရဒသည် သီတင်းသုံးဖော် အခြားသံ ဃာတော်အရှင်သူမြတ်များနှင့် တပည့်ဒါယကာများပါ သီဟိုဠ်ကျွန်း ကန္နီမြို့တွင် ကိန်းဝပ်စံပယ်လျက်ရှိသော ဗုဒ္ဓမြတ်စွယ်တော်ကို ဖူးမြော်ကန်တော့ရန်ကြွရောက်ခဲ့သည်။ စွယ်တော်မြတ်ကို မြန်မာနိုင်ငံရှိ ရဟန်းရှင် လူပြည်သူအများ ဖူးမြော်ကြည်ညိုနိုင်ရေးပေးသနားရန် လျှောက်ထားသဖြင့် စွယ်တော်မြတ်သည်ပြည်မြို့သို့ မြန်မာသက္ကရာဇ် ၁၂၆၁ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁၁ ရက် ညနေ ၅ နာရီတွင် ဆိုက်ရောက်ခဲ့ ပေသည်။ပြည်မြို့သို့ ရောက် ရှိလာသည့် အထိမ်းအမှတ်အဖြစ်စွယ်တော်မြတ်ကို နှစ်စဉ်နှစ်တိုင်း ထိုနေ့ထိုအချိန် ဖွင့်လှစ်၍ စိန်စေတီထိပ်တွင် စံပယ်အပူဇော်ခံပြီးရွှေဆံတော်စေတီတော်၏ ရင်ပြင်ကို လက်ယာရစ်သုံးပတ် လှည့်လည်အပူဇော်ခံခဲ့ကြပေသည်။ ဒုတိယကမ္ဘာစစ်အတွင်း ရင်ပြင်တော်ပေါ်ရှိ မြတ်စွယ်တော်တိုက်အပါ အဝင် အဆောက်အအုံ၊ ဓမ္မာရုံ၊ တန်ဆောင်းဇရပ်၊စောင်းတန်းများပါမကျန် မီးလောင်ပြာကျခဲ့ရသည်။

 

 ထို့ကြောင့် မြတ်စွယ်တော်တိုက်ကို ကောဇာသက္ကရာဇ်၁၃၁၁ ခုနှစ်တွင် အသစ်ပြန်လည် တည်ဆောက် လှူဒါန်းကြသည်။ ၁၉၈၉ ခုနှစ်တွင် ရင်ပြင်တော်၏ စနေထောင့် အောက်ခံမြေသား ရွေ့ လျားမှုကြောင့် ပိုင်တိုင်များစိုက်၍လည်းကောင်း၊ သံကူကွန်ကရစ် မြေထိန်းနံရံများ ကာရံခြင်းနှင့် မြေသားသိပ် သည်းခိုင်မာ အောင် ပြုပြင်ဆောင်ရွက်ပြီး မြတ်စွယ်တော်တိုက်ကိုလည်း ပြန်လည်ပြ ုပြင်ခဲ့ပေသည်။ ကောဇာသက္ကရာဇ် ၁၃၅၃ ခုနှစ် သီတင်းကျွတ်လတွင် မြတ်စွယ်တော်တိုက်ကို အများ ပြည်သူကောင်းမှုဖြင့် မူလအလှူရှင်များ လှူဒါန်းစဉ်က ခန်းပွင့်လေးခန်းမှ သုံးခန်း တိုးချဲ့ဆောက်လုပ်ခဲ့ရာ ယခုခန်းပွင့်ခုနစ်ခန်းဖြစ် လာပြီး ဘုရားဖူးပြည် သူများ ပိုမိုများပြားစွာ စွယ်တော်တိုက်အတွင်းဝင်ရောက်ဖူးမြော်နိုင်ကြပေသည်။ မြတ်စွယ်တော်တိုက် ခေါင်းရင်းခန်းတွင် မြတ်စွယ်တော် တစ်နှစ်တာကိန်းဝပ်စံပယ်ရန်အတွက် ဂန္ဓကုဋိတိုက်ကိုပါ တည်ဆောက် ထားသည်။ 

 

ယင်းဂန္ဓကုဋိတိုက်အတွင်း၌ မြတ်စွယ်တော်နှင့်တကွ စိန်စေတီ၊ ပတ္တမြားစေတီ တော်တို့ကိန်းဝပ်နိုင်ရန် ကြေးစေတီတော်အတွင်း တစ်နှစ်တာကိန်းဝပ်စံပယ်တော်မူသည်။ သုံးနှစ်တစ်ကြိမ် မြို့တွင်းသို့ လှည့်လည် အပူဇော်ခံခဲ့ရာ ယခုနှစ်ဆိုလျှင် ၁၁၉ ကြိမ် ပြည့်မြောက်ခဲ့ပြီဖြစ်ပေသည်။ မြတ်စွယ်တော် အပူဇော်ခံရန် နှစ်စဉ်နှစ်တိုင်းတန်ဆောင်မုန်းလဆန်း ၁၁ ရက် ညနေ ၅ နာရီမှအစပြု၍ မြတ်စွယ်တော်ကိန်းဝပ်တော် မူရာကြေးစေတီအတွင်းမှ ထုတ်ယူပင့်ဆောင်၍ စိန်စေတီအထွတ်၌ တပ်ဆင်အပူ ဇော်ခံတိုင်း စွယ်တော်မြတ် ရောင်လျှံတော်မှာတစ်နှစ်နှင့်တစ်နှစ် အရောင်အဆင်းမတူဘဲ နှစ်စဉ် နှစ်တိုင်းပြောင်းလဲနေသော ပြည်မြို့ မြတ်စွယ်တော်ကိုထူးဆန်းအံ့ဩဖွယ်ရာ ဖွင့်လှစ်အပူဇော်ခံတိုင်း ဖူးတွေ့ရမြဲဖြစ်သည်။ 

 

စွယ်တော်မြတ်ကို မော်တော်ယာဉ်ဖြင့်ပြင်ဆင်ထားသည့် ကရဝိက်ဖောင်ပေါ်သို့တင်ကာဖော်တော်ကို ရှေ့မှ လောင်းလှေနှစ်စင်းက လှေလှော် ယိမ်းဆွဲသည့်ပုံစံဖြင့် တစ်မူပြောင်း၍ စွယ်တော်လှည့်လည်ပွဲ ကျင်းပခဲ့ကြ သည်။ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်တန်ဆောင်မုန်းလဆန်း ၈ ရက်မှလပြည့်ကျော် ၂ ရက်အထိ လည်းကောင်း၊ ဗုဒ္ဓမြတ်စွယ်တော်(ပြည်စွယ်တော်)ဖွင့်လှစ်အပူဇော်ခံပွဲကို တန်ဆောင်မုန်းလဆန်း ၁၁ ရက်မှ လပြည့်ကျော် ၂ ရက်အထိလည်းကောင်းပွဲတော်နှစ်ခု ပူးတွဲကျင်းပမြဲဖြစ်သည်။ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကို နှစ်စဉ်တန်ဆောင်မုန်းလဆန်း ၈ ရက် နံနက် ၅ နာရီခွဲတွင် ရွှေဆံတော်ဂေါပက အဖွဲ့ဩဝါဒါစရိယ ဆရာတော်ကြီး ကိုးပါးတို့အား အမှူးပြု၍ ပင့်သံဃာတော် ၁၀၈ ပါးတို့အား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ စေတီတော်အာရုံခံမုခ်လေးဘက်၌ စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပြီးနံနက် ၇ နာရီတွင် ကျားပျံဓမ္မာရုံ၌ ပွဲတော်အခမ်းအနား ကျင်းပကြသည်။ ဖွင့်ပွဲအခမ်းအနားတွင် ဒေသဆိုင်ရာ အာဏာပိုင်များ၊ ဂေါပကအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝေယျာဝစ္စခုနစ်ဖွဲ့နှင့် အလှူရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။နံနက် ၈ နာရီတွင် ဘုရားရှင်အား အမှူးထား၍သံဃာတော် ၁၀၈ ပါး၊ စုစုပေါင်း ၁၀၉ ပါးတို့အားဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကျင်းပရာ ကျား ပျံဓမ္မာရုံမှ စေတီတော်ရင်ပြင်ပေါ်တွင် လက်ဝဲရစ်ဓာတ်လှေကားလျှောက်လမ်းအထိ ဆွမ်းဆန်စိမ်းလောင်း လှူမည့် လှူဖွယ်ပစ္စည်းမျိုးစုံဖြင့် ရပ်ကွက်ပေါင်းစုံ၊ ဌာနပေါင်းစုံတို့က အစုအဖွဲ့အလိုက် စောင့်ကြို နေရာယူထားကြသည့် အလှူဌာနများသို့ကြွရောက်အလှူခံရာ ဒေသဆိုင်ရာအာဏာပိုင်များ၊ ဂေါပကအဖွဲ့ ဝင်များ၊ဝေယျဝစ္စခုနစ်ဖွဲ့မှ အဖွဲ့ဝင်များ၊ အများပြည်သူများ၊ ဝတ်အသင်းအဖွဲ့များ၊ လူမှုရေးအသင်း အဖွဲ့များ နှင့်အလှူရှင်များက လှူဖွယ်ပစ္စည်းမျိုးစုံနှင့် ဝတ္ထုငွေများပါလောင်းလှူကြသည်။

 

ပြည်မြို့ရှိ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီ တော်မြတ်ကြီးတွင် နှစ်စဉ်နှစ်တိုင်း အစဉ်အလာမပျက် ကျင်းပခဲ့သော ဗုဒ္ဓပူဇနိယပွဲတော်နှင့် မြတ်စွယ်တော် လှည့်လည်အပူဇော်ခံပွဲသည်လည်း ရှေးနှစ်ပေါင်းများစွာကတည်းက ကျင်းပလာခဲ့ကြရာ ယနေ့တိုင် ဆက်လက်ကျင်းပနေမြဲဖြစ်သည်။ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီ တော်မြတ်ကြီးတွင် ကျင်းပသောပွဲတော်များအနက် အထူးခြား ဆုံးသော ပွဲတော်တစ်ခုဖြစ်သည့် အတွက်ယခုနှစ် သည် စွယ်တော်ကြီးနှစ်(မြို့ထဲသို့ လှည့်လည်အပူဇော်ခံ) မည့်နှစ်ဖြစ်သည့်အတွက် မြန်မာနိုင်ငံတစ်ဝန်းရှိ ရဟန်းရှင်လူပြည်သူများ ကြည်ညိုသဒ္ဓါပွားများနိုင်ကြစေရန်နိဗ္ဗာန်အကျိုးမျှော်၍ လေးဆူဓာတ်ပျော်ရွှေ ဆံတော်သမိုင်းကြောင်းအား ရေးသားပူဇော်လိုက်ရပါသည်။ ။

 

ကိုးကား - ပြည်မြို့ လေးဆူဓာတ်ပျော်ရွှင်ဆံတော်စေတီတော်မြတ်ကြီးသမိုင်းသစ်- ဦးကျော်ဒင်ဟန် စတီတော်မြတ်ကြီးသမိုင်းသစ် - ဦးကျော်ဒင်ဟန်ပြည်ရွှေဆံတော်ရှိ ခေါင်းလောင်းစာများ - နိုင်ဝင်း ပြည် ရွှေဆံ တော်ရှိ ခေါင်းလောင်းစာများ -နိုင်ဝင်း
ဝီကီပီးဒီးယား - အင်တာနက်စာမျက်နှာ