မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်

၂၉ ဇန်နဝါရီလ

 

မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားသောနိုင်ငံဖြစ်သည်။ ဂုဏ်ယူဖွယ်ရာ ယဉ်ကျေးမှုအမွေအနှစ်များနှင့် မြတ်နိုးဖွယ်ရာယဉ်ကျေးမှု အစဉ်အလာများ ရှေးအစဉ်အဆက်မှ ယနေ့ထက်တိုင် ဖြစ်ထွန်းနေသည်။ ခေတ်ကာလများ မည်သို့ပင်ရွေ့လျားလာသော်လည်း မြန်မာ့ယဉ်ကျေးမှု အစဉ်အလာများမှာ မှေးမှိန်သွားခြင်းမရှိပေ။ ဤသည်မှာ ကမ္ဘာပေါ်ရှိ နိုင်ငံတစ်နိုင်ငံ၏ ထူးခြားသောဂုဏ်ဒြပ်ပင် ဖြစ်သည်။

 

အလျှံပယ်ပေါများသော ယဉ်ကျေးမှုနယ်ပယ်တွင် ဒြပ်ရှိယဉ်ကျေးမှုနှင့် ဒြပ်မဲ့ယဉ်ကျေးမှုဟူ၍ နှစ်မျိုးရှိရာ ထိုယဉ်ကျေးမှုနယ်ပယ် နှစ်မျိုးစလုံးတွင် ပါဝင်သော အဖိုးတန်အမွေအနှစ်များကို သက်ဆိုင်ရာတို့နှင့် မြတ်နိုးတန်ဖိုးထားသူတို့က ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်နေကြသည်။ မြန်မာ့ ယဉ်ကျေးမှုအမွေအနှစ်များကို ကမ္ဘာ့အမွေအနှစ်စာရင်းတွင် အသိအမှတ် ပြုလာစေရန်၊ မြန်မာပြည်သူများသာမက ကမ္ဘာ့ပြည်သူများပါသိရှိစေရန် မြှင့်တင်အားပေးနေသည်ကို မြင်တွေ့ရသည်။

 

နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုဆိုသည်မှာ ထိုနိုင်ငံရှိလူမျိုးတို့၏ ဘိုးဘွားစဉ်ဆက် အသုံးပြုခဲ့သည့်ပစ္စည်းမှန်သမျှ၊ ထိုလူမျိုးတို့၏ ဝတ်စား - ဆင်ယင်ထုံးဖွဲ့မှု၊ ယုံကြည်ကိုးကွယ်မှု၊ ပြောဆိုသောဘာသာစကား၊ ရိုးရာ ဓလေ့ထုံးစံ၊ အတွေးအခေါ်၊ ဓလေ့စရိုက်၊ လက်မှုအနုပညာဗိသုကာနှင့် အနုသုခုမပညာရပ်တို့ကို ပေါင်းခြုံထားခြင်းပင်ဖြစ်သည်။ အမျိုးအစားအားဖြင့် ဒြပ်ရှိယဉ်ကျေးမှုနှင့် ဒြပ်မဲ့ယဉ်ကျေးမှုဟူ၍ နှစ်မျိုးခွဲခြားထားပြီး ဒြပ်ရှိ ယဉ်ကျေးမှုတွင် လူသားတို့သုံးစွဲခဲ့သည့် ကိုင်တွယ်ထိတွေ့၍ရသော ပစ္စည်းအားလုံးကိုဆိုလိုသည်။ ဒြပ်မဲ့ယဉ်ကျေးမှုမှာ နာမ်သဘောသဘာဝဖြစ်ပြီး လူသားတို့အသုံးပြုနေသော ကိုင်တွယ်ထိတွေ့၍ မရသည့်အရာများဖြစ်သည်။

 

ယဉ်ကျေးမှုအမွေအနှစ်ဟူသည်မှာ ရုပ်ဝတ္ထုပစ္စည်းများသာမကဘဲ ဘိုး၊ ဘေး၊ ဘီ၊ ဘင်အစဉ်အဆက် လက်ဆင့်ကမ်းလာခဲ့ကြသည့် ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများ၊ သဘောတရားများသာမက ပါးစပ်ရာဇဝင်များပါ ပါဝင်ကြောင်း ကုလသမဂ္ဂယူနက်စကိုအဖွဲ့ကြီးက သတ်မှတ်ထားရာ တိမ်ကောပျောက်ကွယ်နိုင်သည့် ယဉ်ကျေးမှုဓလေ့ထုံးစံများနှင့် ပါးစပ်ရာဇဝင်များကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ကြရမည် ဖြစ်သည်။ မြန်မာနိုင်ငံသည် နိုင်ငံဖွံ့ဖြိုးအောင်ရုန်းကန်နေရ၍ ထိန်းသိမ်းစောင့်ရှောက်ရေးအပိုင်း၌ အားနည်းချက်များရှိနေသေးရာ ယဉ်ကျေးမှုအပိုင်း၌ ဓလေ့ထုံးစံများနှင့် ပါးစပ်ရာဇဝင်တို့ မပျောက်ကွယ်အောင် ထိန်းသိမ်းစောင့်ရှောက်ကြရမည် ဖြစ်သည်။

 

ရုပ်ပိုင်းဆိုင်ရာတိုးတက်ပြောင်းလဲမှုများ စဉ်ဆက်မပြတ်ဖြစ်ပေါ်နေသော ဂလိုဘယ်လ်လိုက်ဇေးရှင်းခေတ်ကာလတွင် ဒြပ်မဲ့ယဉ်ကျေးမှုများ တိမ်ကော ပပျောက်သွားမည့်အရေးကို မြော်တွေး၍ ကမ္ဘာ့နိုင်ငံများက ဒြပ်မဲ့ယဉ်ကျေးမှုများကို အရေးကြီးသော အခန်းကဏ္ဍတစ်ခုအဖြစ်ထား၍ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်စောင့်ရှောက်ရေး၊ တစ်ဦးချင်း၊ အုပ်စုချင်းနှင့် နိုင်ငံတကာအလိုက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များအား အလေးထားသိမြင် မြှင့်တင်ရန်နှင့် အပြန်အလှန်အလေးထားရေးအတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ကူညီထောက်ပံ့ရေးကိုဆောင်ရွက်ရန် ၂၀၀၃ ခုနှစ်က ကမ္ဘာတစ်ဝန်းလုံးရှိ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်စောင့်ရှောက်ရေး ကွန်ဗင်းရှင်းကို ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။

 

ကွန်ဗင်းရှင်းပါသတ်မှတ်ချက်အရ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များအား ယူနက်စကိုက အသိအမှတ်ပြုရာတွင် လူသားမျိုးနွယ်ကို ကိုယ်စားပြုသော ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းနှင့် အရေးပေါ် ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း ဟူ၍ခွဲခြားပြီး အဖွဲ့ဝင်နိုင်ငံများ၏ တင်ပြချက်အလိုက် စိစစ်လက်ခံ အသိအမှတ်ပြုပေးလျက် ရှိသည်။ မြန်မာနိုင်ငံတွင် ဒြပ်ရှိယဉ်ကျေးမှုများအနက်မှ ရှေးဟောင်းမြို့ပြအမွေအနှစ်များအား ကမ္ဘာ့ရှေးဟောင်းအမွေ၊ အနှစ်စာရင်းသို့ ဝင်ရောက်အောင် ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ ဆက်လက်၍ ရှေးရိုးအစဉ်အဆက် ဒြပ်မဲ့ယဉ်ကျေးမှုများ၊ အမွေအနှစ်များကို ယူနက်စကို သို့တင်နိုင်အောင် ကြိုးပမ်းအားထုတ်နေသည်။ ယခုအခါ လူသားမျိုးနွယ် ကိုယ်စားပြု စာရင်းသို့ မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ထုံးစံကို အမည်စာရင်းတင်သွင်းရန် စတင်ဆောင်ရွက်နေပြီ ဖြစ်သည်။

 

သို့ဖြစ်၍ တိုင်းရင်းသားလူမျိုးပေါင်းတစ်ရာကျော် မှီတင်းနေထိုင်သော မြန်မာနိုင်ငံတွင် ဘိုး၊ ဘွား၊ ဘီ၊ ဘင်တို့၏ ဒြပ်မဲ့ယဉ်ကျေးမှုအစဉ်အလာများ အမြောက်အမြားရှိပြီး ယင်းတို့နှင့်ပတ်သက်၍ နှံ့စပ်သိမြင်သောပုဂ္ဂိုလ်များလည်း ရှိနေသေးသည်ဖြစ်ရာ မပျောက်မပျက်ကျန်ရှိနေသေးသော ရှေးရိုး အစဉ်အဆက် ဒြပ်မဲ့ယဉ်ကျေးမှုများကို ဆက်လက်ထိန်းသိမ်းမြှင့်တင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

 

ကြေးမုံ