မြန်မာယူ-၂၂ အသင်း နိုင်ငံတကာပြိုင်ပွဲများအတွက် နှစ်ဆန်းပိုင်း စတင်ပြင်ဆင်မည်

ရန်ကုန်   ဒီဇင်ဘာ   ၂၈

မြန်မာ ယူ-၂၂ အသင်းသည် လာမည့်နှစ်တွင်ယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲများအတွက် နှစ်ဆန်းပိုင်းတွင် စတင်ပြင်ဆင်သွားမည်ဖြစ်သည်။

မြန်မာ ယူ-၂၂ အသင်းသည် ပထမနှစ်ဝက်မှာပင် နိုင်ငံတကာပြိုင်ပွဲနှစ်ခု ယှဉ်ပြိုင်ရ မည်ဖြစ်ပြီး ဖေဖော်ဝါရီလတွင် အာဆီယံယူ-၂၂ ပြိုင်ပွဲနှင့် မေလတွင် (၃၁)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတို့ ယှဉ်ပြိုင် ရမည်ဖြစ်သည်။ မြန်မာယူ-၂၂ အသင်းသည် အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ ယှဉ်ပြိုင်ခဲ့သည့် အာရှဖလား ယူ-၂၃ ခြေစစ်ပွဲအပြီးတွင် လေ့ကျင့်မှုရပ်နားထားခြင်းဖြစ်ပြီး ဇန်နဝါရီလ တွင် စတင်ပြင်ဆင်မည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ပြိုင်ပွဲနှစ်ခုစလုံးအတွက် တစ်ပေါင်းတည်း ပြင်ဆင်သွားမည်ဖြစ်ပြီး အာဆီယံ ယူ-၂၂ ပြိုင်ပွဲမှာမူ ဆီးဂိမ်းပြိုင်ပွဲအတွက် ကြိုတင် ပြင်ဆင်သည့်အနေဖြင့် ကျင်းပခြင်းဖြစ်ပြီး အာရှဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ခဲ့သည့်အသင်းကို အခြေခံကာ ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ယင်းပြိုင်ပွဲ နှစ်ခုယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်းကို နည်းပြချုပ်အဖြစ် ပိုပေါ့ဗ်က ကိုင်တွယ်မည်ဖြစ်သည်။ အာဆီယံ ယူ-၂၂ ပြိုင်ပွဲကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်မှ ၂၆ ရက် အထိ ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၊ (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို ၂၀၂၂ ခုနှစ် မေ ၁၂ ရက်မှ ၂၃ ရက်အထိ ဗီယက်နမ်နိုင်ငံတို့တွင် ကျင်းပသွားမည်ဖြစ်သည်။

အာဆီယံ ယူ-၂၂ ပြိုင်ပွဲကို ၂၀၁၉ ခုနှစ် နောက်ပိုင်း တစ်ကျော့ပြန်ကျင်းပခြင်းဖြစ်ပြီး လာမည့်နှစ်တွင် ပထမဆုံးကျင်းပမည့် အာဆီယံအဆင့်ပြိုင်ပွဲလည်း ဖြစ်သည်။

ကိုညီလေး