မွန်မြတ်တဲ့ လစာ

သိုက်စိုးထွန်း (နတ်ရွာ)

“ ခင်ဗျားတို့က ကျုပ်တို့ပြည်သူတွေပေးတဲ့လစာကို စားနေတဲ့သူတွေ၊ ဒါကြောင့် ကျုပ်တို့ခိုင်းတာ လုပ်ကြ” ဆိုတဲ့စကားမျိုးကို မကြာမကြာ ကြားခဲ့ရဖူးပါတယ်။ ဒီစကားက မမှန်ဘူးလို့ ငြင်းချက်ထုတ်လို့ မရနိုင်တဲ့ စကားလုံးဖြစ်ပေမယ့် ဒီအပြောအဆိုမျိုးကျတော့လည်း မှန်ကန်ရဲ့လားဆိုတာကို ပြန်လည်သုံးသပ်ရမယ့်အနေ အထားမျိုးတော့ ရှိလိမ့်မယ်လို့ ထင်နေမိပါတယ်။ ပြီးတော့ ဒီစကားကြားရတိုင်း လခစားဝန်ထမ်း တစ်ယောက်ဆိုတာ အများသူငါထက်တစ်ဆင့်နိမ့်တဲ့နေရာမှာများရောက်နေလေရော့သလားဆိုတဲ့ အတွေး မျိုးလည်း ဝင်နေခဲ့မိပါတယ်။ နောက်ပြီးတော့ ဒီလိုတွေမကြာမကြာပြောနေခြင်းအားဖြင့် နားလည်မှုလွဲမှား နိုင်တဲ့တချို့လူတွေမှာ ပြည်သူ့ဝန်ထမ်းတွေအပေါ် ဖိနှိပ် ချိုးနှိမ်စရာ လက်နက်တစ်ခု ရထားသလိုများ ဖြစ်နေ လေမလားလို့လည်း တွေးမိပါတယ်။
ပြည်သူတွေပေးဆောင်လိုက်တဲ့အခွန်အခတွေထဲက တချို့တစ်ဝက်ကို ပြည်သူ့ဝန်ထမ်းလစာ ပေးချေတဲ့ နေရာမှာသုံးစွဲတာဖြစ်တဲ့အတွက် အထက်ကစကားလုံး တွေက အမှန်စကားတွေလို့သာပြောရမှာပါ။ ပြည်သူ့ ဝန်ထမ်းတွေက ဒီလစာကို လစဉ်ပုံမှန်ယူနေလိုက်ကြတာတော့မှန်ပါရဲ့။ ဒါပေမယ့် သူတို့က ဒီလစာတွေကို မတန်မရာယူနေကြတယ်လို့များ ထင်နေသူတွေရှိနေ ပြီလား၊ ဒါမှမဟုတ် တကယ်ရောမတန်မရာ အခြေအနေ ကို ရောက်နေပြီလားဆိုတာကိုလည်း တွေးဆဆင်ခြင် စရာရှိလာပါတယ်။
ဝန်ထမ်းတစ်ယောက်ဖြစ်ဖို့ဆိုတာ
တကယ်တော့ ဝန်ထမ်းတစ်ယောက်ဖြစ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ ပြည်သူ့ဝန်ထမ်းတွေထဲက နိုင်ငံ့ဝန်ထမ်းဆိုတဲ့စကားရပ်ကိုပဲ ထုတ်ကြည့်လိုက်မယ် ဆိုပါစို့။ ဝန်ထမ်းတွေထဲမှာ အခြားအဆင့် ဝန်ထမ်း တစ်ယောက်ဖြစ်ဖို့တောင်မှ အနည်းဆုံးတော့ အခြေခံ ပညာအလယ်တန်း၊ အထက်တန်းလောက် သင်ယူခဲ့ဖူးမှ ဖြစ်မှာပါ။ အငယ်တန်းစာရေးလောက်ဖြစ်ဖို့ဆိုရင် ဘွဲ့တစ်ခုခုရှိဖို့ လိုလာပါပြီ။
ဘွဲ့တစ်ခုရလို့ဆိုပြီး ဝန်ထမ်းတစ်နေရာကို အလွယ် တကူရသွားရောလားဆိုတော့ မဟုတ်သေးပြန်ပါဘူး။ ဘယ်ဌာနကအလုပ်ခေါ်နေသလဲဆိုတာကို စုံစမ်းရတယ်။ လျှောက်လွှာတွေတင်ရတယ်။ ထောက်ခံချက်တွေယူရ တယ်။ ရေးဖြေတွေ၊ လူတွေ့နှုတ်ဖြေတွေဖြေရတယ်၊ ကျွမ်းကျင်မှုအရည်အချင်းတွေ လက်တွေ့စစ်ဆေးတဲ့အခါ အစစ်ဆေးခံရတယ်။ ဒါတွေကိုအဆင့်ဆင့်ဖြတ်သန်းပြီးမှ နေရာလေးတစ်ခု၊ ကုလားထိုင်ခုံအသေးလေးတစ်ခုမှာ ထိုင်ခွင့်ရကြတာပါ။ တချို့များ ကံအကြောင်းမတိုက်ဆိုင် တဲ့အခါ ဒီဌာနကခေါ်တယ်ဆို သွားဖြေလိုက်၊ နောက်တစ် ဌာနကခေါ်တယ်ဆို သွားဖြေလိုက်နဲ့ တစ်ခါဖြေလည်း မအောင်၊ နှစ်ခါဖြေလည်းမရနဲ့ ကြာလာတော့ စိတ်ဓာတ် တွေများတောင် ကျကျလာတတ်သေးတာပါ။
တစ်ခါတုန်းက သန့်ရှင်းရေးရာထူးအတွက် အလုပ် လျှောက်လွှာခေါ်လိုက်တာ မဟာဘွဲ့ရတစ်ယောက်က လာလျှောက်နေလို့ မနည်းချော့မော့ပြီးပြန်လွှတ်လိုက်ရဖူးပါတယ်။ သူ့အပြောကတော့ “တခြားအလုပ်မရသေး တာနဲ့စာရင် ဒီအလုပ်ကလေးရထားတာလည်း မဆိုး ဘူးလို့တွေးမိလို့ပါ၊ ပြီးမှ နောက်တစ်ဆင့်လှမ်းမှာပါ။ ပြီးတော့ ဝန်ထမ်းလုပ်ဖို့အတွက် အသက်ကလည်းကျော် တော့မှာမို့”တဲ့။ သူ့အကြောင်းပြချက်နဲ့ သူတော့ ကျိုးကြောင်းဆီလျော်ပါတယ်။ ဒါပေမယ့် သူ့လျှောက်လွှာ ကို ပြန်ရုပ်သိမ်းသွားပါတယ်။ ယာယီပဲဖြစ်ဖြစ်၊ ဘယ်လိုပဲ ဖြစ်ဖြစ် မဟာဘွဲ့ရတစ်ယောက်အတွက် သူရမယ့်ရာထူး နဲ့ မသင့်လျော်ဘူးလို့ ယူဆသွားလို့ထင်ပါရဲ့။ ပြောချင် တာကတော့ ဝန်ထမ်းတစ်နေရာလောက်ရဖို့ဆိုတာ သိပ်တော့ မလွယ်ဘူးဆိုတဲ့အကြောင်းပါ။
အရာထမ်းရာထူးတစ်ခုရဖို့ဆိုရင် ပိုပြီးတော့တောင် မလွယ်သေးတာပါ။ စာရေးဝန်ထမ်းကနေ အဆင့်ဆင့် ရာထူးတက်ပြီးမှ အရာထမ်းဖြစ်သွားသူတွေရှိသလို ပြည်ထောင်စုရာထူးဝန်အဖွဲ့က လျှောက်လွှာခေါ်ယူတဲ့ အခါ ဝင်ရောက်ဖြေဆိုပြီး ပြန်တမ်းဝင်အရာရှိ တန်းဖြစ် သွားသူတွေလည်း ရှိပါတယ်။ သေချာတာကတော့ ဒီနှစ် မျိုးစလုံးက အလွယ်တကူနဲ့ရနိုင်တာမျိုးမဟုတ်တာပါပဲ။ အဆင့်ဆင့်တက်ရသူတွေမှာ တချို့ရာထူးတွေအတွက် အနည်းဆုံး နှစ်နှစ်၊ တချို့ရာထူးတွေအတွက် အနည်းဆုံး သုံးနှစ်လောက် အလုပ်လုပ်ပြီးမှ နောက်ထပ်တစ်ဆင့်ကို တက်လှမ်း နိုင်ကြတာပါ။ တစ်ဆင့်နဲ့တစ်ဆင့် ဆိုတာက လည်း ဓာတ်လှေကားနဲ့တက်ရသလို ဝေါခနဲတက်သွားလို့ ရတာမျိုး မဟုတ်ပါဘူး။ သာမန်လှေကားထစ်တွေကနေ တစ်ဆင့်ပြီးမှ တစ်ဆင့်၊ ဖြည်းဖြည်းချင်းတက်သွားကြရတာမျိုးပါ။ ဒါတောင်မှ တချို့ဌာနတွေကျတော့ အမှုထမ်း၊ အရာထမ်းကို ဝင်ပေါက်ခွဲထားသေးတာပါ။
ဝင်ပေါက်ခွဲတယ်ဆိုတာက အမှုထမ်းက လုပ်သက် တွေဘယ်လောက်ပဲများများ ဌာနခွဲစာရေးရာထူးလောက် ရောက်ရင် ရပ်သွားတာမျိုး၊ ရှေ့ဆက်ပြီး အရာထမ်းဖြစ်ဖို့ မလွယ်တော့တာမျိုးပါ။ တချို့ဌာနတွေကျတော့ အငယ် တန်းစာရေးပြီး အကြီးတန်းစာရေး၊ အကြီးတန်းစာရေးပြီး ဒုတိယဦးစီးမှူး၊ ဒုတိယဦးစီးမှူးပြီးရင် ဦးစီးအရာရှိ စသည် အားဖြင့် အမှုထမ်းအဆင့်ကနေ အရာထမ်းအဆင့်အထိ တဖြည်းဖြည်း မြင့်တက်သွားနိုင်ခွင့်ရှိပါတယ်။ တချို့ ဌာန တွေကျတော့ ဒီလိုမရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ်တစ်ဆင့် ကနေ တစ်ဆင့်ကူးတယ်ဆိုရာမှာလည်း ပြန်လည် စစ်ဆေး မှုတွေ သတ်မှတ်ချက်နဲ့အညီဆောင်ရွက်ပြီးမှ အများနဲ့ ပြန်လည်ယှဉ်ပြိုင်ဖြေဆိုပြီးမှ တစ်ဆင့်တက်ခွင့်ရတာမျိုး ပါ။ တစ်ဆင့်တက်ဖို့ ဘယ်လောက်ခက်သလဲ ဆိုတာကို လည်း ဖြေဆိုဖူးတဲ့သူတွေ ပိုသိနိုင်ပါတယ်။ ဖွဲ့စည်းပုံ သဘောတရားကိုက ပိရမစ်ပုံဖြစ်တဲ့အတွက်လူတစ်ယောက် ဟာ ဘယ်လောက်ကြာရင် ရာထူးတက်သွားနိုင်တယ်ဆိုတာ ကို ပုံသေမှန်းလို့ မရနိုင်ပါဘူး။ ရာထူးမြင့် လာလေ လေ၊ ခန့်ထားနိုင်တဲ့အရေအတွက် နည်းသွားလေလေ ဖြစ်တဲ့ အတွက် အရည်အချင်းမျိုးစုံ သာလွန်သူတွေကသာ စစ်ဆေးအကဲဖြတ်မှုတွေကို ကျော်လွှားနိုင်ပြီး တစ်ဆင့်ပြီး တစ်ဆင့် မှန်မှန်တက်သွားနိုင်ကြတာပါ။ တကယ့်ကို ထူးခြားပြောင်မြောက်တဲ့ အရည်အချင်းမျိုး ပိုင်ဆိုင်သူ တွေမှသာ ရာထူးတစ်ဆင့်ကိုခုန်ကျော်ပြီး တက်နိုင်ကြတာ ပါ။ ဝန်ထမ်းတစ်ယောက်က ရာထူးတိုးပေးဖို့ သတ်မှတ် အရည် အချင်းတွေပြည့်စုံနေရင်တောင်မှ အခြေအနေကိုးမျိုး ထဲက တစ်မျိုးမျိုးနဲ့ ငြိစွန်းနေရင် တိုးပေးလို့ မရသေးပါဘူး တဲ့။ ဒါတွေက နိုင်ငံ့ဝန်ထမ်းဥပဒေမှာ အလွယ်တကူ လေ့လာဖတ်ရှုလို့ ရနိုင်ပါတယ်။
နိုင်ငံ့ဝန်ထမ်းဥပဒေအောက်မှာနေထိုင်
အမှုထမ်းကနေ အရာထမ်းအထိ အဆင့်ဆင့်ကူးရတာ မလွယ်သလို အရာထမ်းရာထူးကို တန်းရဖို့ ဆိုတဲ့ကိစ္စ ကလည်း တကယ်ကိုမလွယ်ပါဘူး။ ရာထူးတစ်မျိုး အတွက် လျှောက်လွှာခေါ်ယူလိုက်ပြီဆိုတာနဲ့ သတ်မှတ်ချက် မူဘောင်နဲ့ကိုက်ညီသူတွေက အများကြီးပါ။ အားလုံး အတွက် တံခါးဖွင့်ပြီး စိတ်ကြိုက်ရွေးချယ်ခန့်ထားမှာဖြစ်တဲ့အတွက် လျှောက်ထားသူတွေကလည်း အများကြီးမှ တကယ့်ကို အများကြီးပါ။ လျှောက်လွှာတွေအလုအယက် တင်ကြ၊ ပဏာမစစ်ဆေးမှုတွေ ဖြေလိုက်ကြ၊ ရေးဖြေတွေ ဖြေလိုက်ကြ၊ ကျန်းမာရေးတွေစစ်လိုက်ကြ၊ ကိုယ်လက် ကြံ့ခိုင်ရေးတွေ စစ်လိုက်ကြ၊ စိတ်အခြေအနေတွေ စစ်လိုက် ကြ၊ လူတွေ့နှုတ်ဖြေအင်တာဗျူးတွေ စစ်လိုက်ကြနဲ့ ဆန်ခါအထပ်ထပ်ချပြီးမှ နောက်ဆုံးကျန်တဲ့ စပါးကောင်း၊ ပဲကောင်းရသလို လျှောက်လွှာတင်လာသူတွေ ထောင် သောင်းထဲကမှ အထူးချွန်ဆုံး၊ အသင့်လျော်ဆုံးလို့ယူဆရတဲ့သူတွေကို သေသေချာချာ စစ်စစ်ပေါက်ပေါက် စိစစ် ရွေးချယ်ပြီးတော့မှ ရာထူးတစ်နေရာရတာပါ။ ဒါတောင်မှ အလုပ်တန်းခန့်တာ၊ လစာတန်းပေးတာ မဟုတ်သေးပါဘူး။ ဗဟိုဝန်ထမ်းတက္ကသိုလ်တွေမှာ သုံးလခွဲလောက် သင်တန်း တွေ ပေးပြီးမှ၊ ဒီသင်တန်းကာလအတွင်းမှာ သတ်မှတ် စည်းကမ်းတွေဖောက်ဖျက်လို့ အိမ်ပြန်အပို့မခံရဘူးဆိုမှ ရာထူးလေးတစ်နေရာ ရကြတာမျိုးပါ။
နေရာရဖို့ကသာ ခက်ခဲနေတာပါ။ ဒီနေရာလေးကနေ ပျောက်သွားဖို့အတွက်ကတော့ လွယ်သလားမမေးပါနဲ့ တော့။ လွယ်မှလွယ်။ စည်းကမ်းလေးတစ်ချက်ဖောက်လိုက် တာနဲ့ အရေးယူခံရဖို့အနေအထားပါ။ ဥပဒေတွေ၊ နည်း ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ အမိန့်၊ ညွှန်ကြား ချက်တွေကို မဖောက်ဖျက်ဘဲ နေနိုင်ပါမှ ဆက်ပြီးမြဲ နေနိုင်တာပါ။
ဘာပဲပြောပြော ဝန်ထမ်းတစ်ယောက် သူ့ရာထူးမှာ တည်မြဲနေဖို့ကတော့ စောင့်ထိန်းလိုက်နာရတဲ့ အချက် တွေ အများကြီးရှိပါတယ်။ နိုင်ငံ့ဝန်ထမ်းဥပဒေပါပြဋ္ဌာန်း ချက်တွေကို အလေးထားလိုက်နာရတဲ့အပြင် တခြား တည်ဆဲ ဥပဒေတွေကိုလည်း လိုက်နာရပါတယ်။ အပြော မှားလို့ မရဘူး၊ အလုပ်မှားလို့မရဘူး၊ ဘာမှမှားလို့မရဘူး။ မှားပြီဆိုတာနဲ့ အရေးယူခံရပြီသာမှတ်။ ဆူးကြားက ဘူးသီးတဲ့။ လေတိုက်လို့မလှုပ်လိုက်နဲ့၊ တုပ်တုပ်မျှမလှုပ် လိုက်နဲ့။ လှုပ်တာနဲ့ စူးခနဲတစ်ချက်နာပြီးသားလို့ သာ မှတ်။ အတိမ်းအစောင်းအမှားအယွင်းမခံဘူး။ မတိမ်း မစောင်း ဗိန်းဗောင်းနဲ့ကြွရတာ သူတို့ပေါ့။ မှားမှာ ကြောက်လို့ မမှားအောင်ဆိုပြီး မလုပ်၊ မရှုပ်လုပ်နေလို့ လည်း မရပြန်ဘူး။ ဒါဝန်ထမ်းဘဝပါပဲ။
ဝန်ထမ်းဘဝမှာ ရိုးရိုးကုပ်ကုပ်နေထိုင်လုပ်ကိုင်စားသောက်ကြမယ်။ အချိန်တန်တော့ အငြိမ်းစားယူကြမယ်။ တစ်နေရာရာမှာ အခြေချနေထိုင်ကြမယ်။ ကလေးတွေကို ကိုယ့်ထက်မြင့်မားတဲ့အခြေအနေရောက်အောင် တတ်နိုင် သမျှပျိုးထောင်ကြမယ်။ ဒါက ဝန်ထမ်းအများစု ရဲ့ ရိုးရှင်း တဲ့ဘဝအိပ်မက်ကလေးတွေ ဖြစ်ပါတယ်။ လုပ်သက် နှစ်ပေါင်းသုံးဆယ်ဝန်းကျင်လောက်မှ ထိုက်သင့်တဲ့ လစာ တွေရကြတယ်။ အငြိမ်းစားယူတော့လည်း အငြိမ်းစား လစာနည်းနည်းရကြတယ်။ ဒါပါပဲ။ ဒီလောက်ပါပဲ။ လစာ နှုန်းထားတွေ ဆိုတာကတော့ နှစ်သိန်းမပြည့်တဲ့အဆင့် ကနေ ချီးမြှင့်ငွေရောပေါင်းမှ ခုနစ်သိန်းအထိရတဲ့သူတွေ ရှိပါတယ်။ ဒါကိုများတယ်၊ နည်းတယ်လို့ ဝေဖန်ရမယ့် အချိန်အခါတော့လည်း မဟုတ်သေးပါဘူး။ အခြေအနေ အချိန်အခါနဲ့လိုက်လျောညီထွေဖြစ်တဲ့ လုပ်ခလစာ နှုန်းထား ဖြစ်တယ်လို့သာ ပြောရမှာဖြစ်ပါတယ်။
ဖောက်ထွက်ဖြာခွဲပြီး ရိုးသားသူတွေအကြောင်း၊ မရိုးသားသူတွေအကြောင်း တစေ့တစောင်း ပြောနေရင် လည်း ပြောစရာတွေကတော့ အများကြီးရှိမှာပါပဲ။ ချီးမြှင့်မြှောက်စားထိုက်လို့ အဆောင်အယောင်တွေ၊ ရာထူးတွေ၊ ဘွဲ့ထူးဂုဏ်ထူးတွေနဲ့ ချီးမြှင့်မြောက်စားနေရသူတွေရှိသလို မကြာခဏမှားယွင်းတိမ်းစောင်းနေလို့ အရေးယူ အပြစ်ပေးနေရသူတွေလည်း အများကြီးပါပဲ။ အဆိုးအကောင်း အကျိုးအကြောင်းကတော့သူ့အကြောင်း နဲ့ သူရှိကြပါတယ်။ အားလုံးကောင်းတယ်လို့ မဆိုဝံ့သလို အားလုံးဆိုးတယ်လို့လည်း မဆိုသင့်ပါဘူး။
ထိုက်သင့်တဲ့လုပ်ခလစာ
ဒီနေရာမှာ အဓိကတင်ပြလိုတာကတော့ “ခင်ဗျား တို့က ကျုပ်တို့ပြည်သူတွေပေးတဲ့လစာကို စားနေတဲ့သူ တွေ၊ ဒါ့ကြောင့် ကျုပ်တို့ခိုင်းတာလုပ်ကြ”ဆိုတဲ့ စကားမျိုးတွေနဲ့ပတ်သက်တဲ့ကိစ္စပါ။
ပြောခဲ့ပြီးပါပြီ။ ဝန်ထမ်းတစ်ယောက်ဖြစ်လာဖို့ လွယ်တာမဟုတ်သလို ရပ်တည်ဖို့လည်း လွယ်တာ မဟုတ်ပါဘူး။ ပြီးတော့ ဒီလစာတွေကိုလည်း ဘာမှမလုပ် ဘဲ အခန့်သားထိုင်ထုတ်၊ ထိုင်စားနေကြရတာမျိုး မဟုတ်ပါဘူး။ ထိုက်သင့်တဲ့အရည်အချင်းတစ်ခုကြောင့် သာ ရခဲ့ကြသလို လျော်ကန်တဲ့ ကြိုးစားအားထုတ်မှု တစ်ခုကြောင့်သာ နေရာလေးတစ်ခုမှာ တည်မြဲနေတာ ဖြစ်ပါတယ်။ နိုင်ငံတော်က ချီးမြှင့်ထားတဲ့ လစာတို့၊ ရိက္ခာတို့ ဆိုတာတွေကိုလည်း ထိုက်သင့်တဲ့အတိုင်းသာ ချီးမြှင့်နေတာဖြစ်ပါတယ်။ ဆိုလိုတာကတော့ မတန်မရာ ဒီအတိုင်းရနေကြတာမျိုး မဟုတ်ပါဘူး။
ဝန်ထမ်းတစ်ယောက်အနေနဲ့ စဉ်းစားစရာတွေ လည်း ရှိပါတယ်။ ရရှိတဲ့လစာနဲ့လျော်ညီတဲ့ ကြိုးစား အားထုတ်မှုတွေ၊ ဝန်ဆောင်မှုတွေ ကိုယ့်ဘက်က တာဝန် ကျေပွန်အောင် ပေးနေဖြစ်ရဲ့လားပေါ့။ ရာထူးဝင်ပေါက် ကိုတိုးခဲ့တုန်းက ကျွမ်းကျင်မှုနဲ့ ပညာအရည်အချင်းတွေကို မမှန်မကန် ဖြည့်စွက်ရေးသားပြီး ဖော်ပြခဲ့သလားပေါ့။ စာရွက်စာတမ်းအထောက်အထားတွေကို အတုပြုလုပ် ပြီး ယှဉ်ပြိုင်ခဲ့သလားပေါ့။ ဒါတွေ ကိုယ့်ကိုယ်ကိုယ်သေချာမေးပြီးလို့ ကိုယ့်ဘက်ကလည်း မှန်မှန်ကန်ကန်နဲ့ ဝင်ရောက်ဖြေဆို အောင်မြင်ခဲ့တယ်၊ ဒီကနေ့ဒီအချိန်အထိ ကိုယ်နဲ့သက်ဆိုင်တဲ့လုပ်ငန်းဆောင်တာတွေကို တာဝန် ကျေအောင် ဆောင်ရွက်နေဖြစ်တယ်ဆိုရင်တော့ လုပ်ခ လစာကို လိပ်ပြာလုံလုံနဲ့ ထုတ်ယူသုံးစွဲနိုင်ပြီလို့ ဆိုရမှာ ပါ။ ပြီးတော့ အရေးအကြီးဆုံးက ဒီအလုပ်၊ ဒီတာဝန်ကို လေးစားမြတ်နိုး တန်ဖိုးထားတဲ့စိတ်နဲ့ လုပ်ကိုင်ဆောင်ရွက်ဖြစ်နေရဲ့လားဆိုတာကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးပြီး စိတ်ကျေနပ်လောက်တဲ့အဖြေတစ်ခု ရတယ် ဆိုရင်တော့ ဘယ်ခရီးကိုပဲနှင်နှင်၊ ဘယ်ရင်ပြင်ကိုပဲ လျှောက်လျှောက် ခေါင်းမော့ရင်ကော့ပြီးတော့ လျှောက် နိုင်ပါတယ်။ ဖနောင့်တော့ ကြွဖို့မသင့်ပါဘူး။
ကိုယ့်ကိုယ်ကိုယ် ရှက်ရွံ့သိမ်ငယ်စိတ်တွေနဲ့ ခပ်ငုံ့ငုံ့၊ ခပ်ကုပ်ကုပ်နေတာမကောင်းသလို ဆောင့်ကြွားကြွားနိုင် တာလည်းမကောင်းပါဘူး။ ကိုယ်လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ထားသင့်သလို တစ်ပါးသူတွေလည်း သူတို့ကိုယ်သူတို့ ယုံကြည်မှုအပြည့် ရှိနေကြသင့်ပါတယ်။ ဝန်ထမ်းကလည်း သူ့ဝန်သူထမ်း၊ သူ့လစာသူခံစား နေသလို ပြည်သူကလည်း သူ့ဝမ်းသူ ရိုးရိုးသားသား ကျောင်းပြီး ပေးဆောင်ရမယ့်အခွန်အခတွေကို ပြည့်ပြည့် ဝဝဆောင်နေကြတာပဲဖြစ်ပါတယ်။ ပြည်သူအားလုံးထဲက ဘယ်တစ်ဦးတစ်ယောက်ကိုမျှ ရှက်ရွံ့အားငယ်သွား အောင်၊ သိမ်ငယ်သွားအောင်ပြောဆိုဖို့ မသင့်သလို ဘယ်သူကဘယ်သူ့ထက်သာလို့ ဘယ်လိုခယတုပ်ကွ နေကြစေ၊ ဘယ်သူကဘယ်သူ့ထက်နိမ့်လို့ ချိုးချိုးနှိမ်နှိမ် လုပ်ကြစေလို့တော့ လုပ်ဖို့မသင့်ပါဘူး။
အပြန်အလှန်လေးစားမှု၊ အပြန်အလှန်ချစ်ခင်မှု၊ အပြန်အလှန်ရိုင်းပင်းကူညီမှုတွေက လူ့လောကကို အလှ ဆင်သွားမှာဖြစ်ပါတယ်။ လူတန်းစားတစ်ရပ်ကိုမြင်လိုက် တာနဲ့ ဒါကရှုတ်ချရမယ့်လူတန်းစားပဲ၊ ဒါကမြှောက်ပင့် ရမယ့်လူတန်းစားပဲလို့ ဝါးလုံးသိမ်းခြုံငုံသတ်မှတ်လိုက် တာမျိုးထက် ဘယ်အရပ်၊ ဘယ်ဒေသ၊ ဘယ်အဖွဲ့အစည်း ကမဆို ကောင်းသည်ဆိုးသည် ထိုနှစ်လီကို အလီလီ ပိုင်ဆိုင်နေကြသူတွေ ရှိနေကြတယ်ဆိုတဲ့အချက်ကို နှလုံးမူထားကြရမှာဖြစ်ပါတယ်။ အသက်မွေးမှုအရ အလုပ်တစ်ခုကိုလုပ်ကြတဲ့သူတွေ ရှိသလို အသက်မွေးမှု ချည်းသက်သက်ကြောင့်သာမဟုတ်ဘဲ ကောင်းမြတ်တဲ့ရည်ရွယ်ချက်တွေကြောင့် အလုပ်အပေါ်မှာ ချစ်ခင်လေးစားတန်ဖိုးထားတဲ့စိတ်နဲ့ လုပ်ကိုင်နေကြသူတွေလည်း ရှိကြပါတယ်။
အလုပ်ဟူသမျှ ဂုဏ်ရှိစွတဲ့။ ဂုဏ်မရှိတဲ့အလုပ် ဆိုတာတွေ ရှိကောင်းရှိနိုင်မှာဖြစ်ပေမယ့် ဂုဏ်ရှိတဲ့ အလုပ်တွေထဲမှာတော့ ပြည်သူ့ဝန်ထမ်းတွေ၊ နိုင်ငံ့ ဝန်ထမ်းတွေရဲ့ အလုပ်လည်း ပါဝင်နေမှာဖြစ်ပါတယ်။ ဒါတော့သေချာပါ တယ်။ သူ့ဂုဏ်သူ့သိက္ခာနဲ့သူနေနိုင်တဲ့ အခွင့်အရေးတွေ ဝန်ထမ်းတွေမှာလည်းရှိသလို ကမ္ဘာ့ လူသားအားလုံးမှာလည်း ရှိပါတယ်။ တစ်ဦးတစ်ယောက် မကျန်ပေါ့။
ကိုယ်စိုက်တဲ့အပင်ကအသီး ကိုယ်စားရ
ကမ္ဘာမှာရှိရှိသမျှ ပုဂ္ဂိုလ်သတ္တဝါအားလုံး ကိုယ်စိုက် တဲ့အပင်ကအသီးကို ကိုယ်စားနေကြရတာ ဖြစ်ပါတယ်။ ကိုယ်လုပ်တဲ့အလုပ်အတွက် ထိုက်သင့်တဲ့ လုပ်ခလစာ တွေရရှိနေကြတာဖြစ်ပါတယ်။ မင်း၊ သူဌေး၊ ကုန်သည်၊ လယ်ပိုင်ရှင်၊ လယ်သမား၊ ဆင်းရဲသားမကျန်ပေဆိုတဲ့ အလင်္ကာကျော်စွာရွှေမန်း ဦးတင်မောင်ရဲ့ အောင်ပါစေမေတ္တာပို့သီချင်းထဲကလို လူတန်းစားအားလုံး ကိုယ့်အပင် ကအသီး ကိုယ်ဆွတ်ခူးစားသုံးနေကြတာဖြစ်ပါတယ်။ ရိုးသားမှုနဲ့ရှင်သန်ဖြတ်သန်းနေသရွေ့ နေ့ရက်တိုင်းဟာ မင်္ဂလာတွေဖြစ်နေသလို ထုတ်ယူခဲ့တဲ့ လုပ်ခလစာ အားလုံးဟာလည်း မွန်မြတ်တဲ့လစာတွေသာ ဖြစ်ပါ တယ်။ ပေးသူနှင့်ယူသူဆိုတာထက် ကိုယ်ပေးသလောက် ကိုယ်ရ ကြတယ်လို့သာ သဘောပိုက်ရမှာ ဖြစ်ပါတယ်။
ပြည်သူ့ဝန်ထမ်းအားလုံး၊ နိုင်ငံ့ဝန်ထမ်းအားလုံး၊ ခန္ဓာ့ဝန်ထမ်းအားလုံး၊ သာသနာ့ဝန်ထမ်းအားလုံးမွန်မြတ် တဲ့ လစာတွေကိုသာ ထုတ်ယူခံစားနိုင်သူတွေ ဖြစ်ကြပြီး ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနိုင်သူတွေ ဖြစ်ကြပါစေ။ ။


မြန်မာ့အလင်း