မွန်ပြည်နယ်၊ ကရင်ပြည်နယ် အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးတို့အတွင်း ရေကြီးရေလျှံမှုနှင့် မြေပြိုမှု ဖြစ်ပွားလျက်ရှိ 

မွန်ပြည်နယ်

မွန်ပြည်နယ် ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာ မြေပြိုမှုဖြစ်ပွားရာနေရာတွင် (၁၁.၈.၂၀၁၉)ရက်နေ့၊ နံနက်ပိုင်းထိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ (၁၁း၅၀)အချိန်တွင် သေဆုံးသူ(၃)ဦး၏ ရုပ်အလောင်းများအား ထပ်မံ ရှာဖွေတွေ့ရှိခဲ့သဖြင့် စုစုပေါင်းသေဆုံးသူ (၅၁)ဦး ရှာဖွေတွေ့ရှိပြီးဖြစ်သည်။ 

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ ရှာဖွေကယ်ဆယ်ရေး အထူးတပ်ဖွဲ့ဝင်များသည် Thermal Imaging Camera(TIC) နှင့် LEADER Hasty နည်းပညာပစ္စည်းများအသုံးပြု၍ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ 

ရေးမြို့၊ အောင်သုခရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်နှင့် အောင်မေတ္တာရပ်ကွက်တို့တွင် ရေဝင်ရောက်မှုဖြစ်ပွားသဖြင့် ရေးမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ရေးဘေးသင့်ပြည်သူများအား ရေဘေးလွတ်ရာသို့ ကူညီပြောင်းရွှေ့ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ 

ချောင်းဆုံမြို့နယ်၊ ကလော့ကျေးရွာတွင် မြေပြိုမှုထပ်မံဖြစ်ပွားသဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။


တနင်္သာရီတိုင်းဒေသကြီး


ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်ရှိ ကျောက်နီမော်-ရှင်မော် ကားလမ်းတစ်လျှောက်နှင့် မြတ်ရှင်မော်ဘုရားတွင် မြေပြိုမှုဖြစ်ပွားမှုကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်လျက် ရှိသည်။ 

ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ ဟန်ကပြုကျေးရွာအုပ်စု၊ ကြိမ်မဲတောင် ကျေးရွာ၌ ယနေ့ နံနက် (၂)နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် တောင်ပြိုကျကာ ကမ်းသာယာလမ်းပေါ်တွင် မြေသားနှင့် သစ်ကိုင်း/သစ်ပင်များ ပိတ်ဆို့မှု အနည်းငယ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ လမ်းပိတ်ဆို့မှုကြောင့် ရွာသူ/ရွာသားများ သွား/လာရေး အခက်အခက် မရှိစေရန်အတွက် ဟန်ကပြု ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးတို့က ကြီးကြပ်၍ ရပ်မိ/ရပ်ဖများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်း (၂၀) ဖြင့် ပိတ်ဆို့မြေများနှင့် သစ်ကိုင်းသစ်ခက်များကို ဝိုင်းဝန်းရှင်းလင်းခဲ့ပြီး လူနေအိမ်များ၊ လူ၊ တိရစ္ဆာန်များ ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်းသိရသည်။ အဆိုပါ ဖြစ်ပွားမှုသည် ယခုရက်ပိုင်းအတွင်း တနင်္သာရီတိုင်းဒေသကြီးတွင် နေရာအသီးသီး၌ မိုးအဆက်မပြတ် ရွာသွန်းလျက်ရှိပြီး လေပြင်း များ တိုက်ခတ်ကာ ရေကြီး/ရေလျှံမှုများ ဖြစ်ပွားလျက်ရှိ ကြောင်း၊ ဆက်လက်၍လည်း မိုးအဆက် မပြတ်ရွာသွန်းလျက်ရှိပြီး သက်ဆိုင်ရာမှ သတိပေးစာစောင်များနှင့် စောင့်ကြည့်မှု များကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ကရင်ပြည်နယ်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက် ၃၊၄၊၆နှင့် ဆယ်အိမ်စုကျေးရွာ၊ ကူးတို့ဆိပ်ကျေးရွာ၊ ဘုတ်စုကုန်းကျေးရွာများတွင် ရေဝင်ရောက်မှုဖြစ်ပွားသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ ရေဘေးသင့်ပြည်သူများအား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ဇမိမြစ်ရေစိုးရိမ်ချိန် အမှတ်(၃၅)ပေအထက် ၁ ပေကျော်ခန့် ကျော်လွန်ပြီး မြစ်ရေမြင့်တက် တိုးလာကာ လမ်းတံတားများ ရေကျော်မှုဖြစ်ပွားပြီး ခရီးသွားလာမှုခက်ခဲလျက်ရှိသည်။ အဆိုပါဇမိမြစ်ရေ တိုးလာခြင်းကြောင့် ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူ ကားလမ်းမပေါ်ရှိ ချောင်းဝကျေးရွာ သံကူကွန်ကရစ် တံတားပေါ်တွင် ရေအနက်(၁၀)ကျော်ခန့် မြင့်တက်ကျော်လွန်ပြီး ကြာအင်းဆိပ်ကြီး-ချောင်းနှစ်ခွ ကားလမ်းပေါ်ရှိ သံပုရာကျေးရွာအုပ်စု အောက်သင်္ဃန်းချောင်း ကီလိုမီတာတိုင်အမှတ် (၁၂) နှင့် (၁၃) ကြား အရှည်ပေ (၅၀ဝ)ခန့်တွင် ရေအနက် (၆)ပေကျော် ကော့ကမာ-မရိကလကျေးရွာကြား ကီလိုမီတာတိုင်အမှတ် (၁၉)နှင့်၂၀ကြား အရှည်ပေ (၈၀ဝ)ကျော်တွင် ရေအနက်(၆)ပေကျော် ကြာအင်းရွှေဒိုးကျေးရွာအုပ်စု ရွှေလင်းကျေးရွာ ကီလိုမီတာ တိုင်အမှတ်(၅)နှင့်(၆)ကြား အရှည်ပေ (၇၀ဝ)ကျော် ရေအနက်(၃)ပေကျော်ခန့် ရေကျော်မှုဖြစ်ပွား လျက်ရှိပြီး လူ၊ ဆိုင်ကယ်၊ မော်တော်ယာဉ်များ သွားလာ၍ မရကြောင်း သိရသည်။


ကချင်ပြည်နယ်

မိုးညှင်းခရိုင်အတွင်းရှိ မိုးညှင်းမြို့နယ်နှင့် အင်းတော်ကြီးမြို့များတွင် ဩဂုတ်လ ၉ ရက်နေ့နှင့် ၁ဝရက်နေ့ နံနက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးဆုံးရှုံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။ မိုးညှင်းမြို့၌ ဩဂုတ်လ ၁ဝရက် နံနက်ပိုင်းတွင် ထူးခြားမိုးရေချိန် ၃လက်မ ရွာသွန်းမှုကြောင့် နန့်ရင်းချောင်းရေ တိုးလာပြီး အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် နားခါရပ်ကွက်၊ စိမ်းရတနာမွန် တောင်၊ စိမ်းရတနာမွန်မြောက်၊ ရေလယ်ကျွန်းရပ်ရှိ အနိမ့်ပိုင်းလူနေအိမ်များ အုတ်ကျင်းရပ်ကွက်၊ အောင်ချမ်းသာရပ်၊ မြို့မရပ်ကွက်၊ နမီးစုရပ်၊ နတ်ကြီးကုန်းရှမ်းပိုင်း၊ နတ်ကြီးကုန်းဗမာပိုင်းရှိ လူနေအိမ်များ၊ အရှေ့စုရပ်ကွက်၊ နောင်စွန်းအောက်ချိုင့် လူနေအိမ်များ ရေဝင်ရောက်ခဲ့ခြင်းနှင့်အတူ အုတ်ကျင်းရပ်ကွက်၊ မင်းအနော်ရထာ၊ ရွှေနန်းတော်ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်သည့် လမ်းပိုင်း၊ ဆွေအင်းလေးကုမ္ပဏီမှ တည်ဆောက်ခဲ့သည့် တံတားချဉ်းကပ်လမ်းအား ချောင်းရေ တိုက်စားခဲ့သဖြင့် အကျယ် ၁၅ပေ အမြင့် ၈ ပေခန့် ပြိုကျပျက်စီးခြင်း၊ နားခါရပ်ကွက် သာစည် အ.မ.က ကျောင်းအတွင်း ချောင်းရေဝင်မှုကြောင့် အမြင့်၅ပေ အလျား၁၂၀ပေရှိ အုတ်တံတိုင်း ပြိုကျ ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။ အလားတူ (၉.၈.၂၀၁၉)ရက် နေ့ညနှင့် (၁၀.၈.၂၀၁၉)ရက်နေ့ နံနက်ပိုင်းတွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာ၌ CSR ရန်ပုံငွေဖြင့် တည်ဆောက်ထားသော ကွန်ကရစ် တာရိုးအမှတ်(၂)နေရာ၏ အလျားပေ (၄၀)ခန့်မြေသား ပြိုကျခဲ့ပြီး အမှတ်(၂) ကွန်ကရစ်တာရိုး၏ အနောက်ဘက်တွင် အလျားပ(၈၀)ခန့်အက်ကွဲကြောင်းဖြစ်ပေါ်ခဲ့သည်။ ထို့အတူ အင်တော်ကြီးမြို့ မမုန်ကိုင်ကျေးရွာ အုပ်စုတွင်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများ စီးဆင်းလာပြီး ခေါင်းတုံးချောင်းရေ တိုးမြင့်တက်လာသဖြင့် ချောင်း၏ ဘယ်ဘက် ကွင်းအမှတ်(၃၉၈)တွင် မိုးစပါးစိုက်ဧက ၂ ဒသမ ၅ဝ ခန့်မှာ ချောင်းရေလျှံတက်မှု ကြောင့် သဲနုန်းများ ဖုံးလွှမ်းပျက်စီးမှုများ ရှိခဲ့ကြောင်းသိရသည်။

Ref #MyanmarFireServiceDepartment

#MoiWebportalMyanar