မန်းရွှေစက်တော်ရာ ဘုရားဖူးပြည်သူများ ဆင်စီး၍ သဘာဝရှုခင်းများ လည်ပတ်ကြည့်ရှုနိုင်မည်

မင်းဘူး ၁ ဇန်နဝါရီ

မြန်မာနိုင်ငံတွင် အရှည်ကြာဆုံးပွဲတော်များတွင် တစ်ပွဲအပါအဝင်ဖြစ်သည့် မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်အတွင်းရှိ မန်းရွှေစက်တော် ဘုရားပွဲတော်ကို နှစ်စဉ် တပို့တွဲ လဆန်း (၅) ရက်နေ့မှ မြန်မာနှစ်ဆန်း (၁) ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ယခုနှစ် မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကာလ ဘုရားဖူးလာ ပြည်သူများ ဆင်စီး၍ သဘာဝရှုခင်းများ လည်ပတ်ကြည့်ရှုနိုင်စေရန် ဘုရားပွဲတော်ကာလအမီ ဆင်စခန်း ဖွင့်လှစ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့ ဆင်စခန်းကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ၂၀၁၉ ခုနှစ် မန်းရွှေစက်တော် ဘုရားပွဲတော်ကာလ ဖေဖော်ဝါရီ (၁၃) ရက်မှ စတင်ဖွင့်လှစ်သွားမှာဖြစ်ပြီး ကနေဦး ခန့်မှန်းကုန်ကျငွေ ၃၀၄၄၇၂၀၀ ကျပ်ခန့် သုံးစွဲကာ ယခုလက်ရှိ ဆင်အကောင်ရေ (၈)ကောင် ရောက်ရှိနေပါတယ်။ နောက်ထပ် ဆင်အကောင်ရေ (၇)ကောင် စုစုပေါင်း (၁၅)ကောင်နဲ့ ဆောင်ရွက်သွားမှာပါ၊ ဆင်စီးချိန်ကိုတော့ နံနက် (၈)နာရီမှ (၁၁)နာရီထိ သတ်မှတ်ထားပြီး ဆင်စီးခအဖြစ် တစ်ဦးကို ကျပ် (၅၀၀၀) သတ်မှတ်ထားပါတယ်” ဟု ဆင်စခန်းတာဝန်ခံ ဦးလှသန်းထံမှ သိရသည်။

အဆိုပါ ဆင်စခန်းဖွင့်လှစ်ရန် ဧက (၆၀) ကြိုးဝိုင်းပြင်ဆင် ကာကွယ်တော (၅၀)ဧက စုစုပေါင်း (၁၁၀)ဧကနှင့် ဆင်စားကျက်မြေ (၇၀၀)ဧကတို့အား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆင်စခန်းသည် မန်းရွှေစက်တော်ရာ ဘုရားပွဲတော်သို့သွားသည့် (၈)မိုင်ကားလမ်းဘေး၊ မန်းရွှေစက်တော်ရာ ဘုရားနှင့် (၃)မိုင်ခန့်အကွာတွင် တည်ရှိပြီး ဘုရားဖူးပြည်သူများ လွယ်လင့်တကူ သွားရောက်နိုင်မည့် နေရာတစ်ခုဖြစ်ကြောင်း သိရသည်။

မျိုးမြတ်(မင်းဘူး)

MDN