မန်းရေနံမြေမှ ကုန်တင်ကုန်ချ အလုပ်သမားများ လုပ်အားခပြည့်ဝစွာ ပေးနိုင်ရေး မည်ကဲ့သို့ စီစဉ်ဆောင်ရွက်မည်ကို သိလိုကြောင်း မေးမြန်း

နေပြည်တော်  ၁၄ နိုဝင်ဘာ

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေးတတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ပြီး မင်းဘူးမဲဆန္ဒနယ်မှ ဦးဝင်းဝင်းက “မင်းဘူး(စကု)မြို့နယ်၊ မန်းရေနံမြေမှ ကုန်တင်ကုန်ချ အလုပ်သမားများ လုပ်အားခပြည့်ဝစွာ ပေးနိုင်ရေးမည်ကဲ့သို့ စီစဉ်ဆောင်ရွက်မည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့သည်။

 

အဆိုပါ မေးမြန်းမှုအပေါ် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်က “မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း မန်းရေနံမြေမှ ကုန်တင်ကုန်ချ လုပ်သားများသည် နေ့စားလုပ်သားများဖြင့် စီစဉ်ဆောင်ရွက်ထားခြင်း မဟုတ်ကြောင်းကို ကွဲပြားစေရန် ရှင်းလင်းတင်ပြ မည်ဖြစ်ကြောင်း၊ အဆိုပါလုပ်သားများကို လုပ်ငန်းရှိသည့် အချိန်တွင်သာ လုပ်ငန်းနှင့် ပတ်သက်၍ ကုန်တင်ကုန်ချ ဆောင်ရွက်ရန်အတွက် ပုတ်ပြတ်လုပ်သားအနေဖြင့်သာ ဆောင်ရွက်ခြင်းဖြစ်ပါ ကြောင်း၊ ဆောင်ရွက်ရသည့် ကုန်တန်ချိန်အပေါ်တွင်သာ တန်ချိန်ဖြင့် တွက်ချက်၍ တန်ချိန်အလိုက် လုပ်အားခကို ပေးချေသည့် စနစ်ဖြစ်ပါကြောင်း။

 

အဆိုပါ ဝန်ထမ်းများ လုပ်ငန်းလုပ်ကိုင်သည့် တန်ချိန်အပေါ်တွင် သတ်မှတ်ထားသည့် လုပ်အားခနှုန်းထားဖြင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း မန်းရေနံမြေ မြို့နယ်ကုန်တင်ကုန်ချ ဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ ချက်လက်မှတ်ဖြင့် လုပ်အားခကို ပေးချေရခြင်း ဖြစ်ပါကြောင်း၊ မြို့နယ်ဦးစီးမှူး၏ စီမံခန့်ခွဲမှုဖြင့် ပေးချေလိုက်သည့် လုပ်အားခများအား ဝန်ထမ်းဦးရေဖြင့် အချိုးကျခွဲဝေ၍ ၁၅ ရက်တစ်ကြိမ် ထုတ်ပေးခြင်းဖြစ်ပါကြောင်း။

 

လစဉ်ရငွေများ၏ ၁ တန်နှုန်းထား တွက်ချက်မှုသည် ယခင်ရုံးချုပ်မှ သတ်မှတ်ပေးထားသော နှုန်းဟောင်းများဖြင့် တွက်ချက်ပေးရခြင်း၊ ၂၀၁၈ ခုနှစ်  (ဧပြီမှ စက်တင်ဘာ) ၆ လ ဘဏ္ဍာရေးနှစ်တွင် သယ်ပို့ကိုင်တွယ်စရိတ် ဘတ်ဂျက်ရရှိမှု အခြေအနေတွင် မဖြစ်မနေလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ကုန်တင်ကုန်ချ နည်းသည့်အခါတို့တွင် လုပ်သားတစ်ဦး၏ တစ်ရက်ပျှမ်းမျှ ရရှိဝင်ငွေမှာ ၂၁၀ဝ ကျပ် နှုန်းခန့်ဖြစ်နေရခြင်း ဖြစ်ပါကြောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများ ဆောင်ရွက်နေသည့် ဒေသအသီးသီးတွင်ရှိသည့် လုပ်ငန်းသုံး ပစ္စည်းများနှင့် ကုန်တင်ကုန်ချ နှုန်းထားများကို သက်ဆိုင်ရာမြို့နယ်များတွင်ရှိသည့် ဒေသန္တရ ပေါက်ဈေးနှုန်းများနှင့် နှိုင်းယှဉ်၍ ကွဲပြားခြားနားသည့် ကုန်ပစ္စည်း အမျိုးအစားအလိုက် ၁ တန်အတွက် ကုန်တင်ကုန်ချ လုပ်အားခများကို သင့်တော်သည့် နှုန်းထားတိုးမြှင့်ပြင်ဆင် သတ်မှတ်နိုင်ရေးကို စီစဉ်ဆောင်ရွက်နေပါကြောင်း၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ နှုန်းသစ်များဖြင့် စတင်ပေးချေနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

MDN