မန္တလေးမြို့အတွင်း ယာဉ်စည်းကမ်းဖောက်သည့်ယာဉ်များအား Mobile Team ဖြင့် လှည့်လည်ဖမ်းဆီးမှုများ ယနေ့စတင်ဆောင်ရွက်

မန္တလေး ၂ ဇန်နဝါရီ

 

မန္တလေးမြို့အတွင်း ယာဉ်စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များအား ပူးပေါင်းအဖွဲ့ Mobile Team ဖြင့် လှည့်လည်ကာ ဖမ်းဆီးအရေးယူမှုများကို ယနေ့ စတင်ဆောင်ရွက်နေကြောင်း မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီမှ သိရသည်။

 

မန္တလေးမြို့ အတွင်းယာဉ်နှစ်ထပ်ရပ်ခြင်း၊ လမ်းပြောင်းပြန်မောင်းခြင်း၊ ဆိုက်တွဲဆိုင်ကယ်များ၊ ယာဉ်စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အခွန်ဌာန၊ စည်ပင်သာယာရဲတပ်ဖွဲ့၊ ယာဉ်စည်းကမ်းကြီးကြပ်ရေးကော်မတီ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်သည့် Mobile Team အဖွဲ့ဖြင့် လှည့်လည်ကာ ဖမ်းဆီးအရေးယူနေခြင်းဖြစ်ကြောင်း သိရသည်။

 

‘ယာဉ်နှစ်ထပ်ရပ်တာ၊ လမ်းပြောင်းပြန်မောင်းတာ စည်းကမ်းဖောက်တဲ့ ယာဉ်တွေကို ပူးပေါင်းအဖွဲ့တွေနဲ့ လှည့်လည် စစ်ဆေးအရေးယူနေပါတယ်။ အဓိက ကားပိတ်တဲ့နေရာ၊ ယာဉ်ကြောကျပ်တဲ့ နေရာတွေလိုက်ပြီး လှည့်လည်စစ်ဆေးအရေးယူ ဆောင်ရွက်တာဖြစ်ပါတယ်’ ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာန ဌာနစုမှူး ဦးမျိုးဇော်ဝင်းက ပြောသည်။

 

ချမ်းမြသာစည်နှင့် မဟာအောင်မြေမြို့နယ်တို့တွင် ယနေ့ မနက် ၈ နာရီခွဲမှ မွန်းလွဲပိုင်းအထိ ယာဉ်စည်းကမ်းဖောက်ဖျက်သည့် ယာဉ် ၅ စီးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ယာဉ်စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များကို ကားဘီးလော့ခတ်ခြင်း၊ ဒဏ်ငွေရိုက်ခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

Mobile Team အဖွဲ့ဖြင့် ဖမ်းဆီးစစ်ဆေးခြင်းများကို တစ်ပတ်လျှင် ၆ ရက် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ မန္တလေးမြို့အတွင်း ယာဉ်စည်းကမ်း လိုက်နာစေရန်အတွက် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၏ Control Room မှ ကြည့်ရှုကာ စည်းကမ်းမဲ့ယာဉ်များအား ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

 

အိမို့မို့ခိုင်