မန္တလေးမြို့က ၂၀၁၉ ပြည်ထောင်စုသင်္ကြန်မှာ စိုင်းစိုင်းခမ်းလှိုင် ပါဝင်ဆင်နွှဲမည်

မန္တလေး ၁၅ ဇန်နဝါရီ


ယခုနှစ် မန္တလေးသင်္ကြန်တွင် ကျင်းပပြုလုပ်မည့် တိုင်းရင်းသားတို့၏စုပေါင်း သင်္ကြန်  (ပြည်ထောင်စုသင်္ကြန်) မှာ အဆိုတော် စိုင်းစိုင်းခမ်းလှိုင် ပါဝင်ဆင်နွှဲမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။


၂၀၁၉ မန္တလေးသင်္ကြန်တွင် စိုင်းစိုင်းခမ်းလှိုင် ပါဝင်သည့် ရုပ်ရှင်ကားကြီး တစ်ကား ရိုက်ကူးရန် ဒါရိုက်တာမီးပွားက စီစဉ်နေသည်ဟု သိရသည်။ မန္တလေးမြို့တော်မဟာ သင်္ကြန်မဏ္ဍပ်တွင် အဆိုတော် စိုင်းစိုင်းခမ်းလှိုင် သီဆိုဖျော်ဖြေသည့် အခန်းများလည်း ရိုက်ကူးမည်ဖြစ်သည်။ အဆိုပါ ဇာတ်ကားမှ ဇာတ်ဝင်ခန်းများတွင် မန္တလေးလမ်းလျှောက်သင်္ကြန်၊ တောသင်္ကြန်ညဈေး၊ တိုင်းရင်းသားရိုးရာဓလေ့အတိုင်း ရေကစားကြမည့် တိုင်းရင်းသားတို့၏စုပေါင်းသင်္ကြန်(ပြည်ထောင်စုသင်္ကြန်) တို့ကိုလည်း ရိုက်ကူးမည်ဖြစ်ကြောင်း သိရသည်။


‘စိုင်းစိုင်းခမ်းလှိုင်ကို  မြို့တော်မဟာသင်္ကြန် မဏ္ဍပ်မှာ သီးခြားဧည့်ခံ ဖျော်ဖြေပေးရန်လည်း ဒါရိုက်တာ မီးပွားနဲ့တွေ့ဆုံပြီး စီစဉ်ထားပါတယ်’ ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။ 


ယခုနှစ် မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်တွင် ဧည့်ခံဖျော်ဖြေရန် အဆိုတော် အောင်ထက်ကို ဖိတ်ခေါ်ထားပြီး အခြားနာမည်ကျော် အဆိုတော်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။


အိမို့မို့ခိုင်