မတော်တဆမှုကြောင့် ယာဉ်အတွင်း ညပ်နေသည့် လူနာများအား ဆွဲထုတ်ရာတွင်သုံးသည့် အထောက်အကူပြုစက်နှင့် စက်အသုံးပြုပုံကို လှူဒါန်းမျှဝေ

ရန်ကုန် ဇွန် ၁၉

 မတော်တဆမှုကြောင့် ယာဉ်အတွင်း ညပ်နေသည့် လူနာများအား ဆွဲထုတ်ရာတွင် သုံးသည့် အထောက်အကူပြုစက်ကိုလည်း လှူဒါန်းသည့်အပြင် စက်အသုံးပြုပုံကိုလည်း သင်ကြားမျှဝေ ပညာဒါနပေးနေကြောင်း အလွတ်တန်းပြည်သူ့ ကယ်ဆယ်ရေးများ လိုက်လံဆောင်ရွက်သူ ဦးမောင် (Rescue ) ကပြောသည်။

" အခုလက်ရှိလည်း ကားတိုက်၊ ကားညပ်တာနဲ့ပတ်သက်ပြီးတော့ လူနာတစ်ယောက်က ကားတိုက်လို့ ကားညပ်တဲ့အခါ  ကျွန်တော်တို့က အဲဒီလူနာကို ဆွဲထုတ်တဲ့နေရာမှာ  အခက်အခဲဖြစ်နေရင် အထောက်အကူပစ္စည်းစက်ပေါ့၊ လှူလည်းလှူတယ်၊ လိုက်ပြီးတော့လည်း ကူညီပေးတယ်” ဟု ၎င်းက ဆိုသည်။

ထို့အပြင် ယခင်ကလည်း လူနာကယ်နည်း၊ လူနာသယ်ဆောင်နည်းတို့ကို မြန်မာနိုင်ငံအနှံ့ အခမဲ့သင်ကြားပေးခဲ့ကာ ယာဉ်မတော်တဆမှုကြောင့် ယာဉ်အတွင်း လူနာညပ်နေသည့်အချိန် သက်ဆိုင်ရာ အဖွဲ့အစည်းများ အချိန်မရောက်လာနိုင်မီ စပ်ကြား ဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်သောကြောင့် အထက်ပါပစ္စည်းကို လှူဒါန်းပေးခြင်း၊ နည်းလမ်းပေးခြင်းအပြင် လိုက်လံကူညီဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“အခု ကျွန်တော်ကတော့ စက်လှူတာပေါ့။ သွားလာမှု၊ ကုန်ကျစရိတ် ကိုယ်ဘာသာအကုန်ခံပြီး ကျွန်တော့်ပညာရပ်နဲ့ သူတို့ကိုလက်တွေ့ မေးခွန်းတွေမေးတာပေါ့နော်။ ဥပမာ ရှေ့ခန်းမှာညပ်နေတဲ့ လူနာကို ဘယ်လိုထုတ်မလဲ စသဖြင့် သူတို့သိထားတဲ့အသိနဲ့ ကျွန်တော်သိထားတဲ့ အသိတွေကို ပေါင်းစပ်ပြီးတော့ အဲ့ဒီလိုမျိုးလေးတွေ လက်တွေ့ပိုင်းမှာ ကူညီဆောင်ရွက် သင်ကြားပေးနေပါတယ်" ဟု ဦးမောင် (Rescue)ကပြောသည်။

အဆိုပါ အထောက်အကူပြုစက်များကို ၂၀၂၀ ပြည့်နှစ်မှ စတင်၍ လှူဒါန်းခဲ့ရာ ယခုအချိန်အထိ စက်အလုံးပေါင်း ၄၀ ကျော် လှူဒါန်းထားပြီးဖြစ်ကြောင်း သိရသည်။

"အဲ့ဒါနဲ့ပတ်သတ်ပြီးတော့ မြန်မာပြည်အနှံ ကျွန်တော်စက်လည်းလှူတယ်။ နောက်အသိပညာလည်း ပေးတယ်ပေါ့နော်။ အခုအလုံး ၄၀ ကျော် လှူပြီးပြီ။ ရန်ကုန်-မန္တလေးအမြန် လမ်းသစ်၊ လမ်းဟောင်း  ၈ နေရာ ၊ စက် ၈ လုံး လှူပြီးပြီ။ ၂၀၂၀ ပြည့်လောက်တုန်းက စလုပ်တာပေါ့။ ရန်ကုန်- ဘားအံလမ်းပိုင်း ၊ ရန်ကုန် - မော်လမြိုင် လမ်းပိုင်း၊ ရန်ကုန်- ပုသိမ်လမ်းပိုင်း ၊ ချောင်းသာအထိပေါ့နော်၊ နေပြည်တော်- မကွေးလမ်းပိုင်း၊ ရှမ်းမြောက်၊ အောင်ပန်းနဲ့ ကျောက်ဆည်ကြား၊ နောက် ပင်လောင်း အားလုံးပေါင်း ၄၀ ကျော်လောက်ရှိတယ် " ဟု ၎င်းက ရှင်းပြပြောဆိုသည်။

Thit Taw