မုန်းစွဲ ရုပ်ရှင်ဇာတ်ကား နိုဝင်ဘာ ၁၆ ရက်မှစ၍ ရုံတင်ပြသသွားမည်

ရန်ကုန်   ၁၃  နိုဝင်ဘာ

 

7th Sense ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ဒါရိုက်တာ ဩရသ ရိုက်ကူးထားသည့် “မုန်းစွဲ” ရုပ်ရှင် ဇာတ်ကား စာနယ်ဇင်းအကြိုမိတ်ဆက်ပွဲအဖြစ် နိုဝင်ဘာ ၉ ရက် ညနေပိုင်းက ရန်ကုန်မြို့ Junction City &Sd ရှိ JCGV ရုပ်ရှင်ရုံ၌ ပြသခဲ့ပြီး နိုဝင်ဘာ ၁၆ ရက်မှ စတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်ဖြစ်သည်။

 

 

ဒါရိုက်တာ ဩရသက “ကျွန်တော့် ဘဝမှာ စိတ်ကူးနဲ့ အကြိမ်ကြိမ်ရိုက်ခဲ့တဲ့ ဇာတ်ကားတစ်ကားပါ။ ဇာတ်ညွှန်းပိုင်းနဲ့ ရိုက်ကူးရေးအပိုင်းမှာ အခက်အခဲတွေ အများကြီးရှိခဲ့တယ်။ ဖြစ်ရပ်မှန်ဆိုတဲ့အတွက်ကြောင့် ပြင်ပနဲ့အများကြီး ကွဲထွက်မသွားအောင်၊ ရုပ်ရှင်အနေနဲ့လည်း ကြည့်လို့အဆင်ပြေမယ့် ပုံစံမျိုးဖြစ်အောင် လုပ်ရင်းနဲ့အချိန် အများကြီး ကြာခဲ့ရတယ်။ ဖြစ်ရပ်မှန်ကို အတတ်နိုင်ဆုံး ပုံဖော်ခဲ့တဲ့အတွက် ကျေနပ်မှုအပြည့်အဝ ရှိပါတယ်။ ဒီကားဟာ စင်ကာပူနဲ့မြန်မာ တစ်ပြိုင်နက်ပြခွင့်ရတဲ့ ကားအဖြစ် ပထမဆုံး မှတ်တမ်းဝင်သွားတဲ့အတွက်လည်း ဖန်တီးတဲ့ ဒါရိုက်တာ တစ်ယောက်အနေနဲ့ အတိုင်းမသိ ကျေနပ်ပါတယ်” ဟု ပြောသည်။

 

အဆိုပါ ဇာတ်ကားတွင် နေတိုး၊ ကျော်ကျော်ဗိုလ်၊ မင်းသွေး၊ ဖွေးဖွေး၊ အေးဝတ်ရည်သောင်းနှင့် အခြားသော အနုပညာရှင်များပါဝင်ထားပြီး ဆရာတော် အရှင်ဆန္ဒာဓိက၏ ဖြစ်ရပ်မှန် တရားတော်တစ်ပုဒ်ကို အခြေခံကာ ရိုက်ကူးထားသည့် ဘဝသင်ခန်းစာပေး ဇာတ်ကားမျိုး ဖြစ်သည်။

 

 

သရုပ်ဆောင် နေတိုးက “ပုံမှန်အားဖြင့် ဒီဇာတ်ကားဟာ စိတ်ကူးယဉ်ဇာတ်လမ်း မဟုတ်ပါဘူး။ တကယ့် True Story ဖြစ်တဲ့အတွက် ဇာတ်ကောင်စရိုက်နဲ့ ကိုက်ညီအောင် သရုပ်ဆောင်ဖို့ အရေးကြီးတယ်။ သံဃာတစ်ပါးလို သရုပ်ဆောင်ရတယ်။ တကယ့် လူသတ်မုဒိမ်းသမား တစ်ယောက်လို သရုပ်ဆောင်ရတယ်။ ဒီကားထဲမှာပါတဲ့ လူတွေဟာ ဘယ်လိုစိတ်ခံစားမှုရှိလဲ၊ ဇာတ်ကောင်တွေရဲ့ နေ့နံတွေနဲ့ သွေးအုပ်စုတွေကအစ စဉ်းစားလေ့လာပြီး ဇာတ်ကောင်စရိုက် ပီပြင်အောင် ရိုက်ကူးထားတာပါ။ ရုပ်ရှင်အနေနဲ့ရော မိမိရဲ့ဘာသာတရားအနေနဲ့ပါ တာဝန်ကျေအောင် ကြိုးစားထားပါတယ်” ဟု ပြောသည်။

 

 

သရုပ်ဆောင် ကျော်ကျော်ဗိုလ်က “ဒီကားမှာ ကျွန်တော့်ကိုပေးလာတဲ့ ပုံသဏ္ဌာန်ကွာတယ်။ အရင် ဇာတ်ကားတွေတုန်းက ကျွန်တော့်အနေနဲ့ အနုပညာကို အဲဒီလောက်လုပ်ပြပိုင်ခွင့်ရတဲ့ ဇာတ်ကားနည်းခဲ့တယ်။ ဒီကားကတော့ ကိုယ့်ရဲ့ လုပ်ချင်စိတ်ဆန္ဒနဲ့ ဇာတ်နဲ့ တစ်ထပ်တည်းကျသွားတယ်။ ရှိသမျှ အိုက်တင်တွေ အကုန်ထွက်သွားတဲ့ သဘောရှိပါတယ်။ ဇာတ်ကားထဲက ဇာတ်ကောင်ဖြစ်တဲ့ ဖိုးအောင်ရဲ့ စိတ်အတိုင်းအတာ အကုန်လုံးကို လုပ်ပြနိုင်ခဲ့တယ်။ အစွဲကြီးတော့ ဘဝတွေခြားသွားလည်း ပါလာခဲ့တဲ့သဘောပါ။ အဲဒါကို အဓိက သံဝေဂယူစေချင်တာပါ” ဟု ပြောသည်။

 

အမုန်းများနှင့် ကြမ်းတမ်းသည့် ဘဝ၊ ဝိပဿနာတရားဖြင့် အမုန်းတရားများကို ချုပ်ငြိမ်းပြီး အစွဲတို့ကို ဖြုတ်ချနိုင်သော ရဟန်းဘဝတို့ကို ပုံဖော်ရိုက်ကူးထားခြင်းဖြစ်ပြီး ချစ်ခြင်းမုန်းခြင်းကြောင့် ဖြစ်ပေါ်လာသော အစွဲတို့ ကင်းဝေးမှသာ ကောင်းမွန်သောဘဝကို ပိုင်ဆိုင်နိုင်ပုံနှင့် အစွဲအလမ်းကြီးမှုကြောင့် ဘေးဒုက္ခရောက်ကြရပုံတို့ကို ပညာပေးသည့်အနေဖြင့် ရိုက်ကူးထားသော ဖြစ်ရပ်မှန်ရုပ်ရှင် ဇာတ်ကားကြီးဖြစ်သည်။

 

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော် 

SHARE THIS ON SOCIAL MEDIA