မုန်တိုင်းသင့်ဒေသတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်နေကြသည့်တပ်ဖွဲ့ဝင်များအား လေးစားဂုဏ်ယူ

သတင်းဆောင်းပါး - ဖိုးသံချောင်း

ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်ခဲ့သည့် အလွန့် အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် ၁၄-၅-၂၀၂၃ ရက်တွင် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဒေသများကို စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ချင်းပြည်နယ် မတူပီ မြို့အနီးမှလည်းကောင်း၊ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ကသာမြို့ အနီးမှလည်းကောင်း ဖြတ်သန်းဝင်ရောက်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်များသို့ ဆက်လက်ရွေ့လျားဝင်ရောက်ကာ မုန်တိုင်းဖြတ်သန်းသွားသော လမ်းကြောင်းပေါ်ရှိ မြို့နယ်အသီးသီးတို့တွင် မိုးသက်လေပြင်းများ ကျရောက်ပြီး လေပြင်း တိုက်ခတ်မှုများ ဖြစ်ပွားပေါ်ပေါက်ခဲ့သည်။ ရခိုင် ပြည်နယ်တွင် ထိခိုက်ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ခဲ့ရာ ရခိုင်ပြည်နယ်မှ ၁၇ မြို့နယ်နှင့် ချင်းပြည်နယ်မှ လေးမြို့နယ်တို့ကို သဘာဝဘေး အန္တရာယ်ကျရောက်သောဒေသများအဖြစ် ကြေညာခဲ့သည်။

အရေးပေါ်တုံ့ပြန်မှုလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့

ဆိုင်ကလုန်းမုန်တိုင်း မိုခါမဖြစ်ပေါ်မီ ၆-၅-၂၀၂၃ ရက်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် ဒုတိယဝန်ကြီးချုပ် ဦးဆောင်လျက် အရေးပေါ် အစည်းအဝေးကို ကျင်းပခဲ့ပြီး အရေးပေါ်တုံ့ပြန်မှု လုပ်ငန်းများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ခဲ့သည်။ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဗဟိုဌာန (DMC)ကိုဖွင့်လှစ်၏။ အရေးပေါ်တုံ့ပြန် ဆောင်ရွက်ရာတွင် ထိရောက်မှုနှင့် လျင်မြန်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးတို့အတွက် လုပ်ငန်းကော်မတီ ၁၂ ရပ်မှ တာဝန်ရှိသူများဖြင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန(DMC)ကို ၈-၅-၂၀၂၃ ရက်တွင် ဖွဲ့စည်းခဲ့ပြီး အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)နှင့် ဒုတိယဥက္ကဋ္ဌ(၂)တို့၏ အနီးကပ် ကြီးကြပ်မှုများကြောင့် မိုခါမုန်တိုင်းနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ရေး၊ အရေးပေါ်တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များအားလုံး စနစ်တကျနှင့် ပိုင်နိုင်စွာ “ပွဲပြီးမီးသေ”ဖြစ်ခဲ့ရသည်။

စီမံချက်အမျိုးအစားသုံးမျိုး

မုန်တိုင်းကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်သည်ဆိုရာတွင် ကမ္ဘာပေါ်ရှိ ဖြစ်ပွားပေါ်ပေါက်ခဲ့သော သဘာဝဘေးအန္တရာယ်များ၊ တွေ့ကြုံခံစားခဲ့ရသည့် အတွေ့အကြုံမှတ်တမ်းများကို သုံးသပ်လေ့လာပြီး လက်တွေ့ကျသော ကြိုတင်ကာကွယ်ရေးဆိုင်ရာ စီမံချက်များ၊ ဘေးအန္တရာယ်ကျရောက်ချိန်တွင် ဆောင်ရွက်ရမည့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းစီမံချက်များ၊ ဘေးအန္တရာယ်ကျရောက် ပြီးနောက် ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်‌ရေးတို့အတွက် စီမံချက်များ စသည့်စီမံချက်အမျိုးအစား သုံးမျိုးကို နှစ်စဉ်မိုးကြိုကာလတွင် မုန်တိုင်းတိုက်ခတ်မှု၊ ရေကြီးရေလျှံမှု၊ တောင်ပြိုမှုများ၊ မိုးအကုန်ဆောင်းအကူး ပွင့်လင်းရာသီတွင် မီးဘေးလုံခြုံရေးဆိုင်ရာများ၊ မိုးခေါင်ရေရှား ဒေသများသို့ ရေပေးဝေရေးများ၊ ငလျင်ဘေး အန္တရာယ်များ စသည့် ဘေးအန္တရာယ်အမျိုးမျိုးတို့အပေါ် ကြိုတင်တွက်ဆ၍ အစီအမံများ ကြိုတင်ရေးဆွဲကာ ကြိုတင်သရုပ်ပြ လေ့ကျင့်ခြင်းများ၊ လူထုအသိပညာပေးဟောပြောခြင်းများ၊ သင်တန်းပို့ချခြင်းများအပါအဝင် ကြိုတင်ပြင်ဆင်မှုများကို ဘေးအန္တရာယ်ကျရောက်သည်ဖြစ်စေ၊ မကျရောက် သည်ဖြစ်စေ သက်ဆိုင်ရာ အစိုးရဌာနအဖွဲ့အစည်းများက အမြော်အမြင်ရှိစွာ နှစ်စဉ်စီမံ ဆောင်ရွက်လျက်ရှိသည်။

အသက်ဆုံးရှုံးမှုဖြစ်စဉ်များ အလွန်နည်းပါးခဲ့

ထို့ကြောင့်လည်း ရခိုင်ပြည်နယ်အတွင်း၌ မိုခါဆိုင်ကလုန်းမုန်တိုင်း မဖြစ်ပွားခင်နှင့် ဖြစ်ပွားနေဆဲအချိန်များတွင် ရခိုင်ပြည်နယ်အတွင်းရှိ ရှာဖွေကယ်ဆယ်ရေး မီးသတ်တပ်ဖွဲ့ဝင်များမှ ကြိုတင်စုဖွဲ့ထားသော အင်အားဖြင့် မုန်တိုင်း ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များဖြစ်သည့် ‌သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက်များကို စောင့်ကြည့်လေ့လာခြင်း၊ စိစစ်ခြင်း၊ အချိန်နှင့်တစ်ပြေးညီ ကြိုတင်သတိပေးခြင်း၊ အချိန်မီဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်းနှင့် မိုးသက်လေပြင်းများ ကျရောက်နေစဉ် ကြိုတင် ချမှတ်လေ့ကျင့်ထားသော ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်များအတိုင်း အချိန်နှင့်တစ်ပြေးညီ သက်ဆိုင်ရာအစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းများကြောင့် အများပြည်သူ၏ အသက်ဆုံးရှုံးမှုဖြစ်စဉ်များ အလွန်နည်းပါးခဲ့ရသည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။

နိုင်ငံတော်အဆင့် ကူညီကယ်ဆယ်ဆောင်ရွက်ပေး

သို့သော်လည်း အဆောက်အအုံများပျက်စီးခြင်း၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်မှုများကြောင့် ဖြစ်ပေါ်ခဲ့ရသည့် ဘေးဒဏ်သင့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များတွင် နိုင်ငံတော်အဆင့် ကူညီ ကယ်ဆယ်ဆောင်ရွက်ပေးရမည်ကို နိုင်ငံတော်အစိုးရအနေဖြင့် ကြိုတင်ခန့်မှန်း သိရှိထားပြီးဖြစ်ရာ အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ညှိနှိုင်းအစည်းအဝေးများကို မုန်တိုင်းမဝင်ရောက်မီ ကြိုတင်ကျင်းပကာ တပ်မတော်ရှိ တပ်ရင်းတပ်ဖွဲ့များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့များတွင် ကူညီ ကယ်ဆယ်ရေးအဖွဲ့များ အသင့်စုဖွဲ့ထားခြင်း၊ ကူညီထောက်ပံ့ရေးဆိုင်ရာ ဆေးဝါး၊ ပစ္စည်းကိရိယာများကို ကြိုတင်စီမံထားခြင်းများ ဆောင်ရွက်ခဲ့သည်။

စဉ်ဆက်မပြတ် ကွပ်ကဲကြပ်မတ် 

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအနေဖြင့် “မြန်မာနိုင်ငံ အမျိုးသားရှာဖွေကယ်ဆယ်ရေးကော်မတီ”နှင့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ဖွဲ့စည်းထားသော “ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းကော်မတီ” တို့တွင် ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အနေဖြင့်လည်း အတွင်းရေးမှူးအဖြစ် လည်းကောင်း တာဝန်ပေးအပ်ထားသဖြင့် ရခိုင်ပြည်နယ်၏ ဘေးအန္တရာယ်သင့်ဒေသများကို အချိန်တိုအတွင်း ထိရောက်လျင်မြန်စွာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မုန်တိုင်းမကျရောက်မီနှင့် မုန်တိုင်းကျရောက်နေစဉ် နယ်မြေခံ ကူညီကယ်ဆယ်ရေးအဖွဲ့များကို စဉ်ဆက်မပြတ် ကွပ်ကဲကြပ်မတ်ပေးခဲ့ကြသည်။

ကူညီကယ်ဆယ်ရေးအဖွဲ့များစေလွှတ် 

မုန်တိုင်းဖြစ်ပွားပြီးနောက်တွင်လည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကော်မတီအနေဖြင့် မီးသတ်တပ်ဖွဲ့မှ ကူညီကယ်ဆယ်ရေးအဖွဲ့များကို ပထမအသုတ်အနေဖြင့် အင်အား ၄၁၈ ဦးတို့အား ကူညီကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်းကိရိယာများနှင့်အတူ စေလွှတ်ဆောင်ရွက်ခဲ့ပြီး ဒုတိယအသုတ်ကို လိုအပ်ပါက စေလွှတ်နိုင်ရေး အသင့်စုဖွဲ့ပြင်ဆင်ခဲ့သည်။ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများအား ပိုမိုထိရောက်လျင်မြန်စွာဖြင့် အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရန်နှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်တိုအတွင်း စွမ်းအားဖြည့်ဆောင်ရွက်နိုင်ရန် ထပ်မံ၍ အင်အား ၁၃၁ ဦးတို့အား စေလွှတ် ပေးနိုင်ခဲ့မှုကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ကော်မတီ၏ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် အင်အား ၅၄၉ ဦးတို့သည် သဘာဝဘေးအန္တရာယ် သင့်ဒေသတို့တွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ပြည်သူလူထု၏ လိုအပ်ချက်အပေါ်မူတည်၍ အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်နိုင်ခဲ့သည်။

နှစ်ထောင်းအားရ ကျေနပ်ဖွယ်ရှိ

အလားတူ သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့်လည်း တပ်ဖွဲ့/ ဦးစီးဌာနများအလိုက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနှင့်အညီ “အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ”မှ လုပ်ငန်းကော်မတီ ၁၂ ရပ် ကို ခွဲခြမ်းစိတ်ဖြာလျက် အသေးစိတ်လုပ်ငန်း တာဝန်များကို ဥပဒေအရပေးအပ်ထားပြီးဖြစ်ရာ လူအင်အား၊ နည်းပညာစွမ်းအားနှင့် စက်ပစ္စည်း ကိရိယာများဖြင့် ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းများ အပါအဝင် သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် အချိန်နှင့်တစ်ပြေးညီ တက်ညီလက်ညီ ဘက်စုံကဏ္ဍစုံ ဝိုင်းဝန်းဆောင်ရွက် လျက်ရှိသည်။ 

အနှစ်ချုပ်ဆိုရလျှင် နိုင်ငံတော်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် နိုင်ငံတော်အတွင်း သဘာဝ ဘေးအန္တရာယ်ကျရောက်မှု ရှိ မရှိကို အမြဲမပြတ် စောင့်ကြည့်လေ့လာပြီး ယင်းအန္တရာယ်ဖြစ်ပေါ် လာနိုင်သည့် သတင်းအချက်အလက်များကို အချိန် နှင့်တစ်ပြေးညီ ဆောလျင်စွာ ထုတ်ပြန်ကြေညာနိုင်ခြင်း၊ ဘေးအန္တရာယ်ကျရောက်နိုင်သည့် ဒေသများမှ ပြည်သူလူထုကို အချိန်မီ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားနိုင်ခြင်း၊ ဘေးအန္တရာယ်ကာကွယ်နိုင်သည့် နည်းလမ်းများအတိုင်း နေထိုင်နိုင်ရေး ဆောင်ရွက်ပေးနိုင်ခြင်း၊ ဘေးအန္တရာယ်ကျရောက်သည်နှင့်တစ်ပြိုင်နက် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ လျော့ပါးသက်သာစေရေးအတွက် ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများအပြင် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများကို ကြိုတင်စီမံဆောင်ရွက်ထားမှုများနှင့်အညီ ချက်ချင်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း၊ ဘေးသင့်ပြည်သူများလက်သို့ နိုင်ငံတော်မှ အထောက်အပံ့များနှင့် စေတနာရှင်များ၏ ဝိုင်းဝန်းလှူဒါန်းသည့် စားရေရိက္ခာ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ပစ္စည်းများ စနစ်တကျ အချိန်မီရောက်ရှိခြင်း၊ အရေးပေါ်ကျန်းမာရေး ပြုစုစောင့်ရှောက်မှု၊ သောက်သုံးရေရရှိမှုနှင့် ယာယီနေထိုင်ရေး စသည့် ဂေဟစနစ်အတွက် အခြေခံကျသော ဝန်ဆောင်မှုများ အခမဲ့ပေးသည့်အပြင် အချိန်မီရရှိခြင်း၊ ဘေးအန္တရာယ်ကျရောက်နိုင်သည့် ဒေသများ၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကိစ္စရပ်များဆောင်ရွက်ခြင်းများကို မဖြစ်မီ၊ ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးနောက် အချိန်အပိုင်းအခြားအပေါ် မူတည်၍ သာမန်အခြေအနေ၊ အရေးကြီး အခြေ အနေနှင့် အရေးပေါ်အခြေအနေများ ခွဲခြားသတ်မှတ်၍ ဦးစားပေးကဏ္ဍအလိုက် စနစ်တကျစီမံဆောင်ရွက်နိုင်မှုများသည် နှစ်ထောင်းအားရ ကျေနပ်ဖွယ်ရှိသည်ကို လေ့လာတွေ့ရှိရမည်ဖြစ်သည်။ 

နိဂုံးချုပ်အနေဖြင့် တင်ပြရလျှင် တပ်မတော်မှ အသင့်စီမံ၍ ကြိုတင်စုဖွဲ့ထားသော ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့်လည်း ရခိုင်ပြည်နယ်၏ လူမှုစီးပွားလုပ်ငန်းများ ပြန်လည်ထူထောင်ရေးအတွက် အသက်သွေးကြောသဖွယ်ဖြစ်သည့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ အဆင်ပြေချောမွေ့စေရေး ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးအရေးပေါ် ကုသစောင့်ရှောက်မှုပေးခြင်း၊ လေဘေးကြောင့် ယာယီရွှေ့ပြောင်းနေရသူများအတွက် ယာယီနေထိုင်ရေး အဆောက်အအုံများကို စီမံဆောင်ရွက်ပေးလျက်ရှိရာ တပ်မတော်(လေ)နှင့် တပ်မတော်(ရေ)တို့မှ ပို့ဆောင်ရေးဆိုင်ရာ လေယာဉ်နှင့် ရေယာဉ်များကလည်း စွမ်းအားပြည့် ကူညီပံ့ပိုးပေး လျက်ရှိသည်။ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ အဆင်ပြေချောမွေ့စေရေး၊ သာသနိကအဆောက်အအုံများ၊ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများ၊ ပညာရေးဆိုင်ရာ အဆောက်အအုံများတွင် ပုံမှန်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့ကို ဦးစားပေး အစီအစဉ်များအလိုက် ကူညီဆောင်ရွက်လျက်ရှိ၍ သဘာဝဘေးအန္တရာယ်သင့် ဒေသများတွင် ပုံမှန်အခြေအနေသာမက မူလအခြေအနေထက်ပင် ပိုမိုကောင်းမွန်လာစေရေး ကြိုးပမ်းဆောင်ရွက်နေသည့် နိုင်ငံတော်အစိုးရ၏ ရည်မှန်းချက်များ ပြီးမြောက်အောင်မြင်စေရေးအတွက် ကြိုးပမ်းနေကြသည့် သက်ဆိုင်ရာအစိုးရဌာနဆိုင်ရာနှင့် အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုကို တွေ့မြင်ရသည်မှာ အားရဂုဏ်ယူဖွယ်ဖြစ်သောကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ မုန်တိုင်းသင့်ဒေသများ၏ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေကြသည့် တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ အထူးရှာဖွေကယ်ဆယ်ရေး မီးသတ်တပ်ဖွဲ့ဝင်များ၊ ဝန်ကြီးဌာနများနှင့် လူမှုရေးအသင်းအဖွဲ့များအား လေးစားဂုဏ်ယူလျက်ရှိနေပါကြောင်း ရေးသားလိုက်ရပါသည်။ ။