မူဆယ်(၁၀၅)မိုင်ကျေးရွာတွင် (၂၃)ပွဲ၊ ပွဲဆောင်ဆာမ်ပွဲတော်ကျင်းပ

မူဆယ် ၁ နိုဝင်ဘာ

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့နယ် မိုင်းယု(၁၀၅)မိုင်ကျေးရွာတွင် စဉ် ကျင်းပလျှက်ရှိသော(၂၃)ပွဲ၊ ပွဲဆောင် ဆာမ်ပွဲတော်ကြီးကို ယနေ့တွင် မူဆယ်မြို့နယ်မိုင်းယု(၁၀၅)မိုင် အောင်သီရိမင်္ဂလာသုခ ဘုန်းတော်ကြီးကျောင်း ပရိဝုဏ်အတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

 

အဆိုပါ ပွဲတော်ကျင်းပရခြင်း၏အဓိက ရည်ရွယ်ချက်မှာ ဗုဒ္ဓဘာသာဝင်ဖြစ်သည့် ဒေသခံတိုင်းရင်းသား ညီအစ်ကို မောင်နှမများ အချင်းချင်း ချစ်ခင်ရင်းနှီးမှုရရှိစေရန် တစ်ရွာနှင့်တစ်ရွာ စည်းလုံးညီညွတ်မှု ရရှိစေ ရန်နှင့် ရင်းနှီးမှုရရှိစေရန်၊ မိမိတို့အထွတ်အမြတ်ထားသောဘာသာကို အမြဲအမှတ်ရစေရန်အတွက် အဓိက ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း အောင်သီရိမင်္ဂလာသုခ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ကေသရက ပြောသည်။

 

ပွဲဆောင်ဆာမ်ဆိုသည်မှာ ရှမ်းလူမျိုး(တအာင်း)ပလောင်လူမျိုးတို့၏ ဝေါဟာရစကား ဖြစ်ပါကြောင်း၊ ပွဲဆောင်ဆာမ် မြန်မာစကားအရ (၂၃)ပွဲဟု အဓိပ္ပယ်ဖြစ်ကြောင်း၊ (၂၃)ဆိုသည် သီတင်းကျွတ်လဆန်း(၁)ရက် မှ သီတင်းကျွတ်လပြည့်ကျော် (၈)ရက်တိုင် ရက်ပေါင်း(၂၃)ရက် ရှိပါကြောင်း။ 

 

အဆိုပါ (၂၃)ရက်ကို အကြောင်းပြုကာ(၂၃)ပွဲ၊ ပွဲဆောင်ဆာမ်ဟု ရှေးအခါက သက်ကြီး အဘိုးအဘွားများ မှည့်ခေါ်ထားခြင်းဖြစ်ကြောင်း၊ (၂၃)ပွဲ၊ ပွဲဆောင်ဆာမ်သည် ရှမ်းပြည်နယ်အတွင်း မြို့တိုင်း၊ ရွာတိုင်း၊ သင့်တော်သည့်နေရာ စေတီပုထိုးများကို အကြောင်းပြုပြီး (၂၃)ပွဲ၊ ပွဲဆောင်ဆာမ် ကျင်းပပြုလုပ်ခြင်း ဓလေ့ ရှိပါကြောင်းနှင့် အဆိုပါပွဲတော်သည် ရှမ်းပြည်နယ်၏အထွတ်မြတ်ဆုံး ပွဲတော်တစ်ခုဖြစ်ကြောင်း ဆရာတော်က ဆက်လက်ပြောကြားသည်။

 

မူဆယ်မြို့နယ်တွင်နှစ်စဉ်ကျင်းပလေ့ရှိသော(၂၃)ပွဲ၊ ပွဲဆောင်ဆာမ် ပွဲတော်ရက်တွင် (၁၀၅)မိုင်ကျေးရွာ အုပ်စု အတွင်းရှိ ရွာပေါင်း (၉)ရွာဖြစ်သည့် မိုင်းယု၊ အောက်နမ့်ဟွယ်၊အထက်နမ့်ဟွယ်၊လုံခန်၊ ဟိုနား(ပန်ကျုံ) မန်မော်၊ အထက်တုန်ခန်၊ အောက်တုန်ခန်နှင့် ဟိုနောင်ကျေးရွာတို့မှ အသက်ကြီး အဘိုးအဘွားများ၊ အပျို လူပျိုများနှင့် ကလေးသူငယ်များတို့က မိမိတို့ကျေးရွာအလိုက် အမွှေးတိုင်၊ ဖယောင်းတိုင်၊ ပန်းအမျိုးမျိုးနှင့် သစ်သီးအမျိုးမျိုး၊ မုန့်အမျိုးမျိုးတို့ကို ယူဆောင်လာကြပြီး အိုးစည်ဗုံမောင်းများနှင့် ရိုးရာအကများဖြင့် လှည့်လည်ခဲ့ကြပြီး (၁၀၅) မိုင် အောင်သီရိမင်္ဂလာသုခ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ နဝင်းရန်ကင်း ဆုတောင်းပြည့် စေတီတော် မြတ်ကြီးအား ရွာနီးတဝိုက်ရှိ ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့်အတူ ဗုဒ္ဓဘိသေက မင်္ဂလာ ဘုရားအနေကစာတင်ခြင်း၊ ဘုရားပန်း၊ ဆီမီး၊ ဖယောင်းတိုင်အမွေးတိုင်  သစ်သီးပန်းအလှများ ဆက်ကပ်ခြင်း များ ပြုလုပ်ခဲ့ကြသည်။

 

ဆက်လက်၍ ရွာပေါင်း(၉)ရွာမှ အဖိုးအဖွားများ၊ အပျို ၊လူပျိုများ၊ ကလေးသူငယ်အားလုံးက အိုးစည်ဗုံမောင်း ကိုယ်စီကိုယ်စီ တီးခတ်၍ ရိုးရာအကများဖြင့် လှည့်လည် ပူဇော်ကန်တော့ခဲ့ကြပြီး မွန်းလွဲအချိန်ခန့်တွင် မိမိတိ်ု့ ယူဆောင်လာသည့် လှူဖွယ်ပစ္စည်းများအား ဆရာတော်များထံ ဆပ်ကပ်လှူဒါန်းခဲ့ရာ ဆရာတော်များက လှူဖွယ်ပစ္စည်းအစုစုတို့ကို ရေစက်သွန်းချ အမျှအတန်းပေးဝေခဲ့ကြောင်း သိရသည်။

 

သန့်ဇင်(မူဆယ်)