မူးယစ်ဆေးအန္တရာယ် စုပေါင်းကာကွယ်ကြပါစို့

အောင်ရှင်း

မူးယစ်ဆေးဝါးသုံးစွဲမှုက သုံးစွဲတဲ့ လူတစ်ဦးတစ်ယောက်ချင်းစီကို ထိခိုက်စေရုံသာမက ဆေးစွဲနေသူရဲ့ မိသားစု၊ မိတ်ဆွေအပေါင်းအသင်း၊ တိုင်းပြည်ရဲ့ အရင်းအမြစ်တွေနဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံးကိုပါ ထိခိုက်စေနိုင်ပါတယ်။ သုံးစွဲသူအနေနဲ့လည်း HIV/AIDS ရောဂါကူးစက်ခံရတာအပါအဝင် အခြားရောဂါ ပေါင်းစုံဝင်ရောက်နိုင်ပြီး လူမှုရေးကိုထိခိုက်စေတဲ့ ဆိုးကျိုးတွေကို ချက်ချင်းလက်ငင်း ကြုံတွေ့ခံစားရမှာဖြစ်ကာ မိသားစုရှိတဲ့သူဖြစ်မယ်ဆိုရင် ၎င်းရဲ့သားသမီးတွေမှာလည်း မိသားစုနဲ့ ပတ်ဝန်းကျင်ရဲ့ ရုပ်ပိုင်းဆိုင်ရာအရပဲဖြစ်ဖြစ်၊ စိတ်ပိုင်းဆိုင်ရာအရပဲဖြစ်ဖြစ် လျစ်လျူရှုခြင်းခံရမှုတွေကြောင့် သနားဖွယ်ရာ စိတ်ဒဏ်ရာတွေနဲ့ ကြီးပြင်းလာကြရပါတယ်။

ဒီလိုမျိုး တစ်ဦးချင်းနဲ့ မိသားစုဆိုင်ရာ ဆိုးကျိုးတွေက ဒီနေရာမှာ ရပ်တန့်မနေဘဲ ပတ်ဝန်းကျင်နဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံးကိုပါ သက်ရောက်လာပါတော့တယ်။ မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ အထူးသဖြင့် မက်သာဖက်တမင်း ထုတ်လုပ်တဲ့နေရာတွေ ရဲ့ ပတ်ဝန်းကျင်မှာ ဓာတုအဆိပ်သင့်မှုကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးကို ကြီးကြီးမားမား သက်ရောက်မှုရှိနိုင်ပါတယ်။ ဆေးစွဲသူတွေနဲ့ မိသားစုတွေကို စောင့်ရှောက်ကုသရတဲ့ အရင်းအမြစ်တွေကလည်း သက်ဆိုင်ရာတိုင်းပြည်အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်လာပြီး တိုင်းပြည်ကိုပါ ထိခိုက်လာပါတော့တယ်။ မူးယစ်ဆေးဝါးကြောင့် လူမှုရေး၊ စီးပွားရေး၊ ပညာရေးစတဲ့ ဘက်ပေါင်းစုံက ဆုတ်ယုတ်မှုတွေ ဖြစ်ပေါ်လာပြီး အဆုံးသတ်မှာ လူရာမဝင်၊ လူစဉ်မမီတဲ့ မျိုးဆက်တွေ၊ လူသားအဖွဲ့အစည်းတွေဖြစ်လာကာ တစ်နိုင်ငံလုံး၊ ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးရတဲ့ အခြေအနေကို ဆိုက်ရောက်လာနိုင်ပါတယ်။ ဒါကြောင့် ကမ္ဘာ့နိုင်ငံအားလုံးက မူးယစ်ဆေးဝါးကို အားလုံးရဲ့ဘုံရန်သူ အဖြစ်သတ်မှတ်ပြီး တိုက်ဖျက်တားဆီးနေကြတာ ဖြစ်ပါတယ်။ ဇွန်လ ၂၆ ရက်နေ့ကို အပြည်ပြည် ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ (International Day against Drug Abuse and Illicit Trafficking) အဖြစ်သတ်မှတ်ပြီး နှစ်စဉ်ကျင်းပလျက်ရှိရာ ယခု ၂၀၂၃ ခုနှစ်မှာဆိုရင် ၃၆ ကြိမ်တိုင်ခဲ့ပြီဖြစ်ပါတယ်။

နစကအစိုးရရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး

ကမ္ဘာ့နိုင်ငံတွေနည်းတူ ဖွံ့ဖြိုးဆဲမြန်မာနိုင်ငံအနေနဲ့လည်း တပ်မတော်သားတွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူတွေလက်တွဲပြီး ကိုလိုနီခေတ်မှ စတင်အမြစ်တွယ်ခဲ့တဲ့ မူးယစ်ဆေးဝါးကို ခေတ်အဆက်ဆက် တားဆီးတိုက်ဖျက်ခဲ့ကြပါ တယ်။ ယခုအခါမှာ နည်းပညာတွေတိုးတက်လာတာနဲ့အမျှ နည်းစနစ်တွေနဲ့ ဓာတုပစ္စည်းတွေလည်း ပေါများလာပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးတွေကို လွယ်လွယ်ကူကူ ထုတ်လုပ်ဖြန့်ဖြူးလာကြတဲ့အတွက် မူးယစ်ဆေးဝါးနှိမ်နင်းရေးတွေကိုလည်း အစိုးရအဆက်ဆက်က အရှိန်အဟုန်မြှင့် ဆောင်ရွက်လာကြပါတယ်။

၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်မှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့ ရက်စွဲနဲ့ ထပ်မံပြင်ဆင်ပြီး အမိန့်ကြော်ငြာစာအမှတ် ၂၅/ ၂၀၂၂ နဲ့ အဖွဲ့ဝင် ၁၉ ဦး၊ လုပ်ငန်းတာဝန် ၂၁ ချက်နဲ့ ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ ဗဟို အဖွဲ့က လုပ်ငန်းအဖွဲ့ ၁၁ ဖွဲ့ကို တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး လုပ်ငန်းတွေကို အရှိန်မြှင့်တင်ခဲ့ပါတယ်။

ဒါကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းတွေ ထိရောက်အောင်မြင်ခဲ့ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအမြောက်အမြား ဖမ်းဆီးရမိမှုစာရင်းတွေကို နှစ်အလိုက် ဖော်ပြပေးလိုက်ပါတယ်။

ဒီစာရင်းဇယားတွေနဲ့ ဖမ်းဆီးရမိမှုဖြစ်စဉ်တွေကို လေ့လာကြည့်ခြင်းအားဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်မှာ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး လုပ်ငန်းတွေရဲ့ စွမ်းစွမ်းတမံ ဆောင်ရွက်မှုတွေက မှတ်တမ်းတင်ထိုက်ပါပေတယ်။

မူးယစ်ဆေးဝါးကို ထိရောက်စွာ တားဆီးကာကွယ်နိုင်ဖို့ ပြည်သူလူထုက မူးယစ်ဆေးဝါးရဲ့ ဆိုးကျိုးကို နားလည်သဘောပေါက်ပြီး ပူးပေါင်းဆောင်ရွက်ဖို့က အရေးကြီးကိစ္စတစ်ခုဖြစ်တဲ့အတွက် လူငယ်မျိုးဆက်သစ်တို့ မူးယစ်ဆေးဝါး ရဲ့အန္တရာယ်ကို သိရှိနိုင်စေဖို့ အသိပညာပေးလုပ်ငန်းတွေကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့က စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါတယ်။ လူငယ်တွေနဲ့ ပြည်သူလူထုအတွင်းမှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကို သိရှိတွေ့မြင်ပြီး ရှောင်ကြဉ်ကြစေဖို့အတွက် ရေဒီယို၊ ရုပ်မြင်သံကြား၊ ဗီဒီယို၊ ရုပ်ရှင်၊ သဘင်၊ တေးဂီတ စတဲ့ လူထုဆက်သွယ်ရေးနည်းလမ်းတွေနဲ့ ထိရောက်စွာ ပညာပေးနိုင်ဖို့ စီမံချက်ရေးဆွဲ ဆောင်ရွက်လျက်ရှိပါတယ်။

နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်မှုများ

မြန်မာနိုင်ငံက မူးယစ်ဆေးဝါးထိန်းချုပ်ရေးအတွက် ကုလသမဂ္ဂမူးယစ်ဆေးဝါးဆိုင်ရာ ကွန်ဗင်းရှင်းသုံးခုမှာ ပါဝင်လက်မှတ်ရေးထိုးထားပြီး ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံတကာ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (INCB)၊ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC)၊ အစိုးရမဟုတ်သော အဖွဲ့အစည်းတွေ၊ ဒေသတွင်းနိုင်ငံတွေ၊ ဒေသအပြင်ဘက်နိုင်ငံတွေနဲ့ မူးယစ် ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့အပြင် ရန်ကုန်မြို့အခြေစိုက် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC)၊ သြစတြေးလျပြည်ထောင်စုရဲအဖွဲ့ (AFP)၊ အမေရိကန်မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးအုပ်ချုပ်မှုအဖွဲ့ (DEA)၊ တရုတ်နိုင်ငံအမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးကော်မရှင် (NNCC)၊ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB) တို့နဲ့လည်း အနီးကပ်ပူးပေါင်းဆောင်ရွက် လျက်ရှိပါတယ်။

အာဆီယံနိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်မှု

မြန်မာနိုင်ငံက အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်တဲ့အတွက် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးလုပ်ငန်းတွေကို အာဆီယံဒေသအတွင်း ပူးပေါင်းဆောင်ရွက်မှုတွေမှာ တက်ကြွစွာ ဆောင်ရွက်လျက်ရှိပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအတွင်း မူးယစ်ဆေးဝါးထိန်းချုပ်ရေး အစည်းအဝေးတွေဖြစ်တဲ့ မူးယစ် ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ အာဆီယံဝန်ကြီး အဆင့်အစည်းအဝေး (AMMD)၊ အာဆီယံမူးယစ် ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (ASOD)၊ အာဆီယံ လေကြောင်းကြားဖြတ်စစ်ဆေးရေး အထူးအဖွဲ့အစည်းအဝေး (AAITF)၊ အာဆီယံ ပင်လယ်ဆိပ်ကမ်း ကြားဖြတ်စစ်ဆေးရေး အထူးအဖွဲ့အစည်းအဝေး (ASITF)၊ အာဆီယံမူးယစ်ဆေးဝါး စောင့်ကြပ်ကြည့်ရှုမှု ကွန်ရက်အစည်းအဝေး (ADMN) တွေကို ပါဝင် တက်ရောက်ပြီး ဘက်ပေါင်းစုံကနေ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။ အာဆီယံအဖွဲ့က ချမှတ်ထားတဲ့ ဘေးကင်းလုံခြုံတဲ့ လူမှုအဖွဲ့ဖြစ်စေဖို့ မူးယစ်ဆေးဝါးဆန့်ကျင်ရေး အာဆီယံလုပ်ငန်း စီမံချက် (၂၀၁၆ -၂၀၂၅) (ASEAN Work Plan - 2016-2025) မှာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။

မဲခေါင် MoU လက်မှတ်ရေးထိုးထားသော အဖွဲ့ဝင်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု

ရွှေတြိဂံဒေသအဖြစ် သတ်မှတ်ထားတဲ့ မြန်မာနိုင်ငံ ရှမ်းပြည်နယ်အရှေ့ဘက်၊ ထိုင်းနိုင်ငံ မြောက်ဘက်၊ လာအိုနိုင်ငံမြောက်ဘက်နဲ့ တရုတ်နိုင်ငံ အနောက်တောင်ဘက် ဒေသတွေဟာ ကမ္ဘာပေါ်မှာ ဘိန်းနဲ့ ဘိန်းဖြူအများဆုံးထုတ်လုပ်တဲ့ ဒေသအဖြစ် ကျန်ရှိနေသေးတဲ့အတွက် အဲဒီဒေသအတွင်းမှာရှိတဲ့ နိုင်ငံတွေက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်နိုင်ဖို့ မဲခေါင်သဘောတူညီချက်ကို မြန်မာ၊ ထိုင်း၊ လာအိုနဲ့ တရုတ်နိုင်ငံတို့က ၁၉၉၃ ခုနှစ်မှာ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ၁၉၉၅ ခုနှစ်မှာ အဖွဲ့ဝင်သစ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့ ပါဝင်လက်မှတ်ရေးထိုးပြီး မဲခေါင်ဒေသခွဲ ခြောက်နိုင်ငံအတွင်းမှာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးလုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။ မဲခေါင် MoU အဖွဲ့ဝင်နိုင်ငံတွေက အလှည့်ကျ အိမ်ရှင်အဖြစ် ဝန်ကြီးအဆင့်အစည်းအဝေးကို နှစ်နှစ်လျှင် တစ်ကြိမ်၊ အဆင့်မြင့်အရာရှိကြီးများ အဆင့်အစည်း အဝေးနဲ့ဗဟိုတာဝန်ခံများအစည်းအဝေးကို တစ်နှစ် လျှင်တစ်ကြိမ် လက်ခံကျင်းပဆောင်ရွက်လျက် ရှိပြီး မြန်မာနိုင်ငံက ကိုယ်စားလှယ်တွေ ပါဝင်တက်ရောက်လျက်ရှိပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေ အကြား မူးယစ်ဆေးဝါးထုတ်လုပ်၊ သယ်ဆောင်မှု သတင်းတွေဖလှယ်ပြီး ရွှေတြိဂံဒေသကတစ်ဆင့် မူးယစ်ဆေးဝါးတွေ အခြားကမ္ဘာ့နိုင်ငံအသီးသီးကို ပျံ့နှံ့မှုမရှိစေရေး တားဆီးနှိမ်နင်းရေးလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။

ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့က ကျင်းပခဲ့တဲ့ ဘင်းမ်စတက်ဒေသအတွင်း အကြမ်းဖက်မှုနှင့် နိုင်ငံဖြတ်ကျော် မှုခင်းများတားဆီးနှိမ်နင်းရေးဆိုင်ရာ ပထမအကြိမ် အစည်းအဝေးမှာ လုပ်ငန်းခွဲအုပ်စုတွေဖွဲ့စည်းပြီး အဖွဲ့ဝင်နိုင်ငံတွေက တာဝန်ယူဆောင်ရွက်ဖို့ သတ်မှတ်ခဲ့တဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ မူးယစ်ဆေးဝါး၊ စိတ်ပြောင်းဆေးဝါးနှင့် ပရီကာဆာဓာတု ပစ္စည်းများ တရားမဝင်သယ်ဆောင်ရောင်းဝယ်မှု ကြိုတင်ကာကွယ်ရေး လုပ်ငန်းခွဲအုပ်စုအစည်း အဝေးကို တာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံအတွင်းက ထွက်ရှိတဲ့ စိတ်ကြွဆေးဝါး တွေဟာ ပြည်ပနိုင်ငံတွေက ရောက်ရှိလာတဲ့ ပရီကာဆာဓာတုပစ္စည်းတွေကြောင့် ထွက်ရှိလာတာဖြစ်လို့ မြန်မာနိုင်ငံအတွင်းက စိတ်ကြွဆေးဝါးထုတ်လုပ်မှု ပပျောက်ဖို့အတွက် ပြည်ပနိုင်ငံတွေက ဝင်ရောက်လာမယ့် ပရီကာဆာဓာတုပစ္စည်းတွေ ဖမ်းဆီးရမိရေး အလွန်အရေးကြီးပါတယ်။ ဒါကြောင့် တရားမဝင်ဓာတုပစ္စည်းတွေ ရောင်းဝယ်မှုကိုလည်း ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်းတားဆီးထိန်းချုပ်နိုင်ရေး အလေးထားလုပ်ဆောင်လျက်ရှိပါတယ်။

MoU/ LoA လက်မှတ်ရေးထိုးဆောင်ရွက်မှု

မြန်မာနိုင်ငံက မူးယစ်ဆေးဝါးပူးပေါင်း ထိန်းချုပ်ရေးအတွက် အမေရိကန်၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ ကိုရီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ရုရှား၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့နဲ့ နှစ်နိုင်ငံသဘောတူညီ ချက်တွေ၊ နားလည်မှုစာချွန်လွှာတွေ (MoU/ LoA) စုစုပေါင်း ၂၄ ခု လက်မှတ်ရေးထိုးထားရှိပါတယ်။ ဒါ့အပြင် အင်ဒိုနီးရှားနိုင်ငံနဲ့ နားလည်မှုစာချွန်လွှာ (MoU)လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပြီး ဖိလစ်ပိုင်နိုင်ငံနဲ့ ရေးထိုးထားတဲ့ နားလည်မှုစာချွန်လွှာ(MoU)ကို ပြင်ဆင်လက်မှတ် ရေးထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။

နစကရဲ့ သမိုင်းမှတ်တိုင်

မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် သုံးစွဲသူတွေ ကိုယ်တိုင်သာမက လူ့အဖွဲ့အစည်းတစ်ရပ်လုံးကို ထိခိုက်နိုင်ပြီး လူငယ်တွေရဲ့ စွမ်းအားဆုံးရှုံးတာ အပြင် မူးယစ်ဆေးဝါးပြစ်မှုကျူးလွန်ရာကနေ ရရှိတဲ့ငွေကြေးတွေဟာ ပြစ်မှုကျူးလွန်သူတွေနဲ့ သောင်းကျန်းသူအဖွဲ့အစည်းတွေရဲ့ အင်အားကို ပိုမိုကြီးထွားစေပြီး ဒေသတွင်းနိုင်ငံတွေရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်မှုတွေ ဖြစ်ပေါ် လာစေပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှုအပါအဝင် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချမှုတွေဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ကြီးစိုးရာနယ်မြေတွေမှာ အဓိကလုပ်ကိုင်နေတာဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ရှင်သန်ရပ်တည်မှုအတွက် ဝင်ငွေရလမ်းတစ်ခုအဖြစ် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ပါဝင်ပတ်သက်နေတာ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းတွေအတွက် မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးဟာ အရေးကြီးလုပ်ငန်း စဉ်တစ်ရပ်ဖြစ်ပါတယ်။

ယနေ့ခေတ်မျက်မှောက်ကာလ မူးယစ်ဆေးဝါးပြဿနာကို ရှုမြင်သုံးသပ်ကြရာမှာ တားဆီးနှိမ်နင်းရေးနဲ့ ထိရောက်တဲ့ တရားစီရင်ရေး ကဏ္ဍတစ်ခုတည်းကမဟုတ်ဘဲ ပြည်သူ့ကျန်းမာရေး၊ လူမှုဘဝမြင့်မားရေး၊ လူသားချင်းစာနာထောက်ထားရေး၊ ဖွံ့ဖြိုးရေး၊ အခြေခံလွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးဆိုင်ရာကဏ္ဍတွေက ဘက်ပေါင်းစုံ ချဉ်းကပ်မှုပုံစံနဲ့ ပြဿနာရဲ့အရင်းအမြစ်တစ်ခုလုံးကို လွှမ်းခြုံပြီး အပြန်အလှန် အမှီသဟဲပြုဆောင်ရွက်ဖို့ လိုအပ်လာကြောင်း တွေ့ရှိရပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ ဘိန်းနဲ့ဘိန်းဖြူအပါအဝင် အခြားစိတ်ကြွရူးသွပ် ဆေးပြားတို့ကို ခေတ်အဆက်ဆက် နိုင်ငံတော်က ပြင်းပြင်းထန်ထန် တားဆီးနှိမ်နင်းခဲ့ကြပြီး တပ်မတော်သားနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များစွာတို့က တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ကြရပါတယ်။

နစကအစိုးရလက်ထက်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်သတ်မှတ်ပြီး ဘိန်းစိုက်ပျိုးထုတ်လုပ်မှု၊ စိတ်ကြွဆေးဝါးထုတ်လုပ်ရောင်းချမှု၊ တရားမဝင်ဓာတုဆေးဝါးများ ဖမ်းဆီးနှိမ်နင်းမှု၊ မူးယစ်ဆေးဝါး နဲ့ဆက်နွှယ်ပြီး လက်နက်ခဲယမ်း မှောင်ခိုမှုတွေ၊ ငွေကြေးခဝါချမှုတွေကို အမြစ်ဖြတ်တိုက်ဖျက်ရေးနဲ့ မူးယစ်ဆေးဝါးရဲ့သားကောင်တွေအတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတာကိုပါ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ နစကအစိုးရလက်ထက် မူးယစ်ဆေးဝါးတားဆီးရေးလုပ်ငန်းတွေ တိုးတက်အောင်မြင်မှုရရှိခဲ့တာဟာ ပြည်သူလူထုရဲ့ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှုတွေကြောင့် ထိရောက် အောင်မြင်ခဲ့ရတာဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ သတင်းပေးမှုတွေကြောင့် ဘိန်းခင်းတွေ ဖျက်ဆီးနိုင်မှုနဲ့ မူးယစ်ဆေးဝါးတွေ အမြောက်အမြား ဖမ်းဆီးရမိမှုတွေအပြင် လူမှုအသိုင်းအဝိုင်းကြား မူးယစ်ဆေးဝါးသုံးစွဲသူနဲ့ ရောင်းဝယ်သူတွေကို ဥပဒေ ကြောင်းအရ ထိရောက်စွာ အရေးယူမှုတွေက သက်သေပြနေပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါး ပပျောက်ရေး ကြိုးပမ်းမှုတွေမှာ ပြည်သူလူထုရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အိမ်စောင့်အစိုးရနဲ့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ရဲ့ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့မှုတွေက ကမ္ဘာတည်သရွေ့ သမိုင်းမှတ်တိုင်တစ်ခုအဖြစ် ကျန်ရှိနေမှာဖြစ်တဲ့အကြောင်း ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့မှာ ကျရောက်မယ့် (၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကို ဂုဏ်ပြုရေးသားလိုက်ရပါတယ်။ ။