မူးယစ်ဆေးဝါး ပြဿနာကို ထိရောက်စွာ ထိန်းချုပ်နိုင်ရေး

၂၉ ဇန်နဝါရီ

 

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒသစ်ကို ထုတ်ပြန်ခဲ့သည်။ မူဝါဒသစ်အရ မူးယစ်ဆေးစွဲခြင်းကို ကျန်းမာရေးပြဿနာအဖြစ် ရှုမြင်လာခဲ့သည်။ မြန်မာနိုင်ငံ အကျဉ်းထောင်များရှိ အကျဉ်းသားဦးရေ စုစုပေါင်း၏ ၄၈ ရာခိုင်နှုန်းမှာ မူးယစ် ဆေးသုံးစွဲသူများနှင့် ဆက်စပ်အမှုများ ကျူးလွန်ခြင်းကြောင့် အပြစ်ကျခံရ သူများဖြစ်သည်ကို တွေ့ရှိရကြောင်း၊ မြစ်ကြီးနား၊ လားရှိုးစသည့် အချို့အကျဉ်းထောင်များတွင် မူးယစ်ဆေးမှုကြောင့်ကျသည့် အကျဉ်းသား ရာခိုင်နှုန်းမှာ ၇၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ မြင့်မားနေကြောင်း၊ အကျဉ်းထောင်များ၏ ဘဏ္ဍာငွေသုံးစွဲမှုနှင့် စီမံခန့်ခွဲမှုများတွင် ဝန်ထုပ် ဝန်ပိုးဖြစ်စေကြောင်း၊ မူးယစ်ဆေးသုံးစွဲသူများအား ဥပဒေအရ တရားစီရင် အပြစ်ပေးခြင်းသည် ပြစ်မှုဆိုင်ရာ တရားစီရင်ရေးစနစ်ကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေရုံသာမက အကျဉ်းကျခြင်းခံရသော မူးယစ်ဆေးဝါးသုံးစွဲသူများ အပါအဝင် ၎င်းတို့၏ မိသားစုများနှင့် လူ့အဖွဲ့အစည်းအပေါ်ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာဆိုးကျိုးများ ကျရောက်စေလျက်ရှိသည်ကို တွေ့ရှိရကြောင်းဖြင့်လည်း မူဝါဒသစ်တွင် သုံးသပ်ဖော်ပြထားသည်ကို တွေ့ရသည်။

 

၂၀၁၉ ခုနှစ်တွင် မူးယစ်ဆေးဝါးကင်းစင်သော နိုင်ငံတစ်ခုအဖြစ် ရေရောက်ရှိစေရန် ရည်မှန်းချက်ထားကာ မူးယစ်ဆေးဝါးထုတ်လုပ်မှု လျှော့ချရေးနှင့် ဘိန်းစိုက်ပျိုးမှုလျော့ကျရေး ဦးတည်ဆောင်ရွက်သည့် နှစ် ၂၀ စီမံချက်မှာ မျှော်မှန်းသည့်အတိုင်း ခရီးမပေါက်ဖြစ်ခဲ့ရသည်။ ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ မူးယစ်ဆေးသုံးစွဲသူများမှာ ထောင်ဒဏ်ရှစ်နှစ်အထိ အပြစ်ပေးခံရနိုင်သည့် ရာဇဝတ်မှုကျူးလွန်သူများဖြစ်ပြီး အကျဉ်းထောင်များတွင် အကျဉ်းသား များအဖြစ် အများအပြားရောက်ရှိ အပြစ်ပေးခံကြရသည့်တိုင် မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးပြဿနာမှာ လျော့နည်းသွားခြင်းမရှိဘဲ တိုး၍တိုး၍သာ အတက်ဘက်သို့ ပြနေခဲ့သည်။ ၂၀၀၈ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း မူးယစ်ဆေးဝါးဖမ်းမိမှုများ နှစ်အလိုက် မြင့်တက်ခဲ့ကြောင်း တာဝန်ရှိသူက ပြောကြားခဲ့သည်ကိုလည်း မီဒီယာများတွင် ဖော်ပြခဲ့ရာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအတွက် မူဝါဒအသစ်ကို ရေးဆွဲထုတ်ပြန်ခဲ့ပြီးနောက် ၁၉၉၃ ခုနှစ် မူးယစ်ဥပဒေကိုလည်း ပြန်လည်သုံးသပ်ပြင်ဆင်ကာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။

 

အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒသစ်ကို အကောင်အထည် ဖော်ရန်အတွက် အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမဟာဗျူဟာ စီမံချက်တစ်ခုကိုလည်း ရေးဆွဲခဲ့ရာ ယင်းစီမံချက်အရ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် မိမိတို့ဒေသများတွင် ဖြစ်ပေါ်နေသည့်အခြေအနေများနှင့် ကိုက်ညီမည့် လုပ်ငန်းစီမံချက်များကို မိမိတို့ကိုယ်တိုင် ရေးဆွဲအကောင်အထည်ဖော်ကြရမှာဖြစ်သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စစ်ကိုင်းတိုင်းဒေသကြီး ခရီးစဉ်အတွင်း ဇန်နဝါရီ ၂၃ ရက်က တမူးမြို့သို့ ရောက်ရှိစဉ် ဒေသခံပြည်သူများနှင့် တွေ့ဆုံအမှာစကား ပြောကြားရာ၌ လူငယ်များအကြား မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် စပ်လျဉ်း၍လည်း ထည့်သွင်း ပြောကြားခဲ့သည်။

 

လူငယ်တွေ ကြားထဲမှာ မူးယစ်ဆေးသုံးစွဲမှုနှုန်းဟာ တက်လာတယ် ဆိုတာကို ကြားရတဲ့အတွက် ကျွန်မဒါကိုစိုးရိမ်ပူပန်မိပါတယ်။ လူငယ်တွေ ကျန်းမာရေးကောင်းအောင်၊ ပညာရေးကောင်းအောင် ကြိုးစားနေတဲ့အထဲမှာ ဒီမူးယစ်ဆေးဝါးအန္တရာယ်ကို မတိုက်ဖျက်နိုင်ဘူးဆိုရင် ဒီကြိုးစားမှုတွေက သဲထဲရေသွန်ဖြစ်သွားမှာပါ။ ဒါကလည်း တစ်နိုင်ငံလုံးမှာရှိနေတဲ့ ပြဿနာပါ။ ကလေးမြို့မှာရှိနေတုန်းက ကြားခဲ့ရတာရှိပါတယ်။ အဲဒီပတ်ဝန်းကျင်မှာ မူးယစ်ဆေးဝါးစွဲနေတဲ့လူငယ်တွေ ၇၅ ရာခိုင်နှုန်းကျော်ရှိတယ်လို့ ကြားခဲ့ရပါတယ်။ ဒါ နိုင်ငံအတွက် အင်မတန်မှ ဝမ်းနည်းစရာ၊ စိုးရိမ်ဖွယ်ရာကိစ္စ တစ်ခုဖြစ်ပါတယ်ဟူ၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောကြားခဲ့သည်။ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒသစ်အရ မူးယစ်ဆေးစွဲ သူကို ကျန်းမာရေးပြဿနာအဖြစ် ရှုမြင်သော်လည်း မူးယစ်ဆေးသုံးစွဲရန် အားပေးထားခြင်းမဟုတ်ကြောင်း သတိမူကြရမည်ဖြစ်သည်။ ဆေးသုံးစွဲ သူသည် ဆေးကုသမှုကို မပျက်မကွက် ခံယူရမည်ဖြစ်သည်။ မူးယစ်ဆေးဝါး သုံးစွဲကြောင်း သံသယရှိသူကို ပဏာမဆေးစစ်ချက်ခံယူရန်၊ ဆေးဝါးသုံးစွဲကြောင်း စစ်ဆေးတွေ့ရှိပါက ဆေးကုသမှုခံယူရန် သတ်မှတ်ထားသည့် ဌာန၊ ဂေဟာတို့သို့ ဆောလျင်စွာ ပို့ဆောင်ရန်၊ ဆေးသုံးသူက ပဏာမဆေးစစ်ဆေးမှု ခံယူရန်လည်းကောင်း၊ ကုသမှုခံယူရန်လည်းကောင်း ပျက်ကွက်ခဲ့ပါက ခံဝန်ချုပ်ဆိုစေသည့် အမိန့်ချမှတ်နိုင်ရန်အတွက် ဆိုင်ရာတရားရုံးသို့ ဦးတိုက်လျှောက်ထားရန် ဆိုင်ရာရဲတပ်ဖွဲ့တွင် တာဝန်ရှိကြောင်း ဥပဒေ၌ ပြဋ္ဌာန်းထားသည်။

 

မူးယစ်ဆေးဝါးပြဿနာသည် ကမ္ဘာ့ပြဿနာဖြစ်သလို မိမိတို့နိုင်ငံအဖို့လည်း နှစ်ပရိစ္ဆေဒ ကြာညောင်းပြီဖြစ်သည့် အမျိုးသားရေးပြဿနာဖြစ်သည်။ သုံးစွဲသူများကို ဆေးဝါးကုသခြင်း၊ ပြန်လည်ထူထောင်ခြင်းနှင့် သက်မွေးဝမ်းကျောင်း ပညာသင်ကြားပေးခြင်းတို့  ပြုလုပ်ပေးရမည်ဖြစ်သလို စိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်း၊ သယ်ဆောင်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းတို့အတွက် ပြစ်ဒဏ်မှာမူ နှစ်ရှည်လများ ထောင်ဒဏ်မှသည် သေဒဏ်အထိ ပြင်းပြင်းထန်ထန်ရှိနေသည်။ ထိထိရောက်ရောက် စုံစမ်းဖော်ထုတ်ဖမ်းဆီးခြင်း၊ မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သည့် ငွေကြေးခဝါချမှုနှင့် အဂတိလိုက်စားမှုတို့ကို တိုက်ဖျက်ခြင်း အပါအဝင် ဘက်ပေါင်းစုံမှ နည်းလမ်း ပေါင်းစုံဖြင့် နှိမ်နင်းတိုက်ဖျက်နိုင်ပါစေကြောင်း ။

 

မြန်မာ့အလင်း