မယ်စဲ့မြို့နယ်တွင် (၁၄)ကြိမ်မြောက် ရှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပ

မယ်စဲ့  ၈  ဒီဇင်ဘာ   

 

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် သာသနာသက္ကရာဇ် ၂၅၆၂ ခုနှစ်၊ ရှမ်းသက္ကရာဇ်၂၁၁၃ ခုနှစ်၊ တန်ဆောင်မုန်းလကွယ်နေ့တွင် ရှမ်းနှစ်သစ်ကူးပွဲတော် ဖြစ်မြောက်ရေးကော်မတီမှ ကြီးမှူးကျင်းပသော (၁၄)ကြိမ်မြောက် ရှမ်းနှစ်သစ်ကူးပွဲတော်ကို ဒီဇင်ဘာ ၇ ရက် ည ၇ နာရီက တောင်ပိုင်းရပ်ကွက်ရှိ သီရိမင်္ဂလာရတနာသုခမြို့မ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။

 

 

ရှေးဦးစွာ ရှမ်းနှစ်သစ်ကူးပွဲတော်ကို မြို့မကျောင်းဆရာ တော်ဦးသြဇေယျ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးအောင် အေးခန့်၊ ရှမ်းနှစ်သစ်ကူးပွဲတော် ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌဦးမြစံတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့မကျောင်းဆရာတော်က ရိုးရာယဉ်ကျေးမှုများ ရေရှည်တည်တံ့ခိုင်မြဲစေရေး အတူတကွလက်တွဲ ထိန်းသိမ်းကြရန် မိန့်ကြားခဲ့ပြီး မြောက်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ထွန်းက ရှမ်းနှစ်သစ်ကူးအထိမ်းအမှတ် ပြုလုပ်ရခြင်းနှင့် ပြည့်စုံမင်္ဂလာ  ကိန္နရီ၊ ကိန္နရာနှင့် ရွှေငွေစပါးတိုးတက် ကြီးပွားတိုးနယားအကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။

 

 

ဆက်လက်ပြီး ရှမ်းရိုးရာအကများ၊ ကိန္နရာ/ကိန္နရာအက၊ တိုးနယားအက၊ ရှမ်းအိုးစည်ဗုံမောင်း အကများဖြင့် ဖျော်ဖြေခြင်း၊ ကြွရောက်လာသော ဧည့်ပရိသတ်များကို ရိုးရာဓလေ့ ကောက်ညှင်းပေါင်းနှင့် ဧည့်ခံကျွေးမွေးခြင်း၊ ည ၁၂ နာရီတွင် မီးရှူးမီးပန်းများဖောက်ခြင်း၊ မီးပုံးပျံလွှတ်တင်ခြင်းဖြင့် ရှမ်းနှစ်သစ်ကို စည်ကားသိုက်မြိုက်စွာ ကြိုဆိုခဲ့ကြောင်း သိရသည်။

 

ဝတ်ရည်(ပြန်/ဆက်)