နှာခေါင်းစည်းနေရာမှာ မျက်နှာဖုံးအကာ အစားထိုးသုံးနိုင်သလား

ကလျာမိုးမြင့်

 

ပလတ်စတစ်အကြည်နဲ့ပြုလုပ်ထားပြီး Face Shield လို့ ခေါ်နေကြတဲ့ မျက်နှာဖုံးအကာတွေကို နိုင်ငံအများအပြားမှာ ရှိကြတဲ့ ဆေးရုံတွေမှာ ဆရာဝန်တွေနဲ့ သူနာပြုဝန်ထမ်းတွေ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြသလို ဈေးဝယ်ကုန်တိုက်တွေနဲ့ တခြားနေရာတွေမှာလည်း ပိုပြီးအသုံးပြုလာကြတာကို တွေ့မြင်ရပါတယ်။ မျက်နှာဖုံးအကာတွေကို အသုံးပြုနေကြတဲ့ အဓိကရည်ရွယ်ချက်ကတော့ ကိုဗစ်-၁၉ ဗိုင်းရပ်စ် မျက်စိအမြှေးပါးကနေတစ်ဆင့် ခန္ဓာကိုယ်ထဲ ဝင်ရောက်မလာအောင် တားဆီးကာကွယ်ဖို့ပါပဲ။

 

အဝတ်နှာခေါင်းစည်းကဲ့သို့ အကျိုးပြု

 

ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းတွေမှာ လုပ်ကိုင်နေကြတဲ့ ဝန်ထမ်းတွေအများစုမှာဆိုရင် နှာခေါင်းစည်းကိုရော မျက်နှာဖုံးအကာပါ နှစ်မျိုးလုံး တပ်ဆင်ထားကြတာကို တွေ့ရပါတယ်။ တိုကျို ကျန်းမာရေးစောင့်ရှောက်ရေး တက္ကသိုလ်က ကူးစက်ရောဂါ တားဆီးကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးဖြစ်တဲ့ ပါမောက္ခ စူဂါဝါရာအဲရီဆာက လူတွေတစ်ယောက်နဲ့တစ်ယောက် နီးကပ်တဲ့အနေအထားနဲ့ စကားပြောဆိုကြတဲ့အခါမှာ မျက်နှာဖုံးအကာ ဝတ်ဆင်ထားခြင်းအားဖြင့် တံတွေးအမှုန်အမွှားတွေ ကိုယ့်ဆီလွင့်စဉ်ဝင်ရောက် မလာအောင် တားဆီးပေးတဲ့အတွက်ကြောင့် မျက်နှာဖုံးအကာဟာ အဝတ်နှာခေါင်းစည်းကဲ့သို့ အကျိုးပြုတယ်လို့ ဆိုထားပါတယ်။

 

အပြည့်အဝမကာကွယ်နိုင်

 

ဒါပေမယ့် ပါမောက္ခ စူဂါဝါရာက မျက်နှာဖုံးအကာတစ်မျိုးတည်းကို တပ်ဆင်တာက ရောဂါပိုးကူးစက်ခြင်းကနေ လုံလုံလောက်လောက်ကာကွယ်မှု မပေးနိုင်ဘူးလို့ သတိပေးခဲ့ပါတယ်။ မျက်နှာဖုံးအကာ တပ်ဆင်ထားတဲ့အခါ နှာခေါင်းတွေ၊ ပါးစပ်တွေဆီ ရောဂါပိုးထိတွေ့ ဝင်ရောက်ခြင်းကနေ ထိရောက်စွာ တားဆီးပေးနိုင်ပေမယ့် မျက်နှာဖုံးအကာဟာ လေထဲမှာရှိနေတဲ့ ဗိုင်းရပ်စ်တွေ လူရဲ့နှာခေါင်းပေါက်နဲ့ ပါးစပ်ပေါက်တွေကနေ ဖြတ်သန်းဝင်ရောက်လာမှာကို တားဆီးကာကွယ်ပေးနိုင်ခြင်းမရှိဘူးလို့ ၎င်းကပြောပါတယ်။

 

ဘယ်လိုသုံးမလဲ

 

ကိုဗစ်-၁၉ ကနေကာကွယ်ဖို့ မျက်နှာဖုံးအကာကို တပ်ဆင်အသုံးပြု ပြီးပြီဆိုတဲ့အခါ မျက်နှာဖုံးအကာရဲ့ အပြင်ဘက်မျက်နှာပြင်ဟာ ရောဂါပိုးတွေ ကပ်နေနိုင်တဲ့အတွက် မျက်နှာဖုံးအကာ အပြင်ဘက် မျက်နှာပြင်ကို မထိမိအောင် သတိထားပြီး ကိုင်တွယ်ရမှာဖြစ်ပါတယ်။ အသုံးပြုပြီးသွားတဲ့ မျက်နှာဖုံးအကာကိုလည်း အယ်လ်ကိုဟောပါတဲ့ သန့်စင်ဆေးရည်နဲ့ သန့်စင်ပေးဖို့ သို့မဟုတ် ဒီတားဂျင့်ပါတဲ့ အဝတ်လျှော်ဆပ်ပြာနဲ့သေချာစွာ ဆေးကြောပေးဖို့ လိုအပ်ပါတယ်။

 

ရောဂါကာကွယ်ဖို့ပစ္စည်းကိရိယာတွေ ဘယ်လောက်သုံးသုံး အထိရောက်ဆုံးသော ရောဂါကာကွယ်နည်းကတော့ လူအချင်းချင်းနီးကပ်စွာ ထိတွေ့ဆက်ဆံခြင်းကို အတတ်နိုင်ဆုံး ရှောင်ရှားခြင်းနဲ့ လက်ကိုမကြာခဏ သေချာစွာ ဆေးကြောခြင်းပဲဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။

 

သက်သေမပြနိုင်သေး

 

အခုအချိန်အထိကတော့ နှာခေါင်းစည်းနေရာမှာ မျက်နှာဖုံးအကာနဲ့ အစားထိုး အသုံးပြုဖို့ ဘယ်ကျန်းမာရေး အာဏာပိုင်ကမှ ညွှန်ကြားချက်မပေးပါဘူး။ ဘာကြောင့်လဲဆိုတော့ မျက်နှာဖုံးအကာကနေ တခြားသူတွေဆီ ရောဂါကူးစက်မှု ရှိ မရှိသက်သေပြနိုင်တဲ့ တွေ့ရှိချက်တွေ မရှိသေးလို့ပါပဲ။ သို့သော်လည်း မိမိကိုယ်ကို ရောဂါကူးစက်မှုကနေ ကာကွယ်ဖို့ အထူးသတိထားတဲ့ သူတွေကတော့ နှာခေါင်းစည်း တပ်ဆင်တာအပြင် မျက်နှာဖုံးအကာကိုပါ တပ်ဆင်ခြင်းအားဖြင့် မိမိကိုယ်ကို ကာကွယ်လိုကြပါတယ်။

 

ဘယ်ဟာက အကောင်းဆုံးလဲ

 

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုမှာတော့ မျက်နှာရဲ့ဘေးနှစ်ဖက်နဲ့ မျက်နှာအောက်ခြေအထိ လုံခြုံအောင် လွှမ်းခြုံပေးနိုင်တဲ့ မျက်နှာဖုံးအကာတွေသာလျှင် ကူးစက်ရောဂါအန္တရာယ်ကနေ ကာကွယ်ပေးမယ့် အကောင်းဆုံး မျက်နှာဖုံးအကာတွေ ဖြစ်တယ်လို့ အမေရိကန် ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးစင်တာက ထောက်ပြထားပါတယ်။

 

ဘာကြောင့်လဲဆိုတော့ တစ်မျက်နှာလုံးကို လုံခြုံအောင်လုပ်ထားတဲ့ မျက်နှာဖုံးအကာတွေက နှာချေခြင်း၊ ချောင်းဆိုးခြင်းတွေနဲ့ စကားပြောဆိုခြင်းတွေကနေ လွင့်စဉ်လာတဲ့ အရည်အစက်တွေ ဝင်ရောက်နိုင်တဲ့နေရာ မရှိသလောက် နည်းသွားတဲ့အတွက် ရောဂါကူးစက်မှုကနေ ပိုမိုကာကွယ်ပေး နိုင်တဲ့အတွက်ကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

 

လက်တွေဆေးဖို့ အရေးကြီး

 

ပြီးတော့ မျက်နှာဖုံးအကာကို မတပ်ဆင်ခင်နဲ့ တပ်ဆင်အသုံးပြုပြီးလို့ ချွတ်ပစ်လိုက်ပြီးနောက်မှာ သင့်လက်တွေကို သေချာစွာ ဆေးကြောဖို့ကလည်း အရေးကြီးတဲ့အချက်ပါပဲ။ မျက်နှာပေါ်ကနေ ချွတ်နေတဲ့အချိန်မှာလည်း၊ မျက်နှာကို လက်နဲ့ထိတွေ့ ကိုင်တွယ်ခြင်း မပြုမိအောင် သတိထားရမှာဖြစ်ပါတယ်။ ဒီအချက်လေးတွေက လိုက်နာဖို့ မေ့လျော့တတ်တဲ့အတွက် အထူး ဂရုစိုက်ဖို့လိုပါတယ်။

 

မျက်နှာဖုံးအကာအသုံးပြုဖို့ ဆန္ဒမရှိသူတွေအနေနဲ့ နှာခေါင်းစည်းကိုပဲ တပ်ဆင်မယ်ဆိုတဲ့အခါ နှာခေါင်းစည်းဟာ နှာခေါင်းကို လုံခြုံအောင်အုပ်မိဖို့အရေးကြီးတယ်လို့ ကျွမ်းကျင်သူတွေက ညွှန်ကြားထားပါတယ်။ နှာခေါင်းစည်း တပ်ဆင်တဲ့အခါ နှာခေါင်းကိုလုံအောင် မတပ်ဆင်ဘူးဆိုရင် မိမိနှာချေတဲ့အခါ မိမိဆီမှာရှိနေတဲ့ ဗိုင်းရပ်စ်ပိုး လေထဲကို အလွယ်တကူပျံ့နှံ့သွားနိုင်သလို တခြားသူတွေဆီက ပိုးတွေလည်း လေထဲကနေ သင့်နှာခေါင်းထဲဝင်ရောက်ဖို့ အခွင့်အလမ်းပိုများတဲ့အတွက် အန္တရာယ်ကြီးပါတယ်။

 

ကျွန်ုပ်တို့တွေ လေအသက်ရှူသွင်းတဲ့အခါ ၉၀ ရာခိုင်နှုန်းအထိကို နှာခေါင်းကနေ ရှူသွင်းတာဖြစ်တဲ့အတွက် နှာခေါင်းကို သေချာစွာဖုံးအုပ်ထားခြင်း မရှိလေလေ လေထဲက ကူးစက်ရောဂါတွေ ပိုမိုဝင်ရောက်နိုင်လေဖြစ်ကြောင်း ကျန်းမာရေးပညာရှင်တွေက အသိပေးထားပါတယ်။

 

တစ်ချိန်လုံး တပ်ဆင်ဖို့မလို

 

ရောဂါကူးစက်မှုကနေကာကွယ်ဖို့ နှာခေါင်းစည်းကို တစ်ချိန်လုံးတပ်ဆင်ထားခြင်းဟာ အပူလျှပ်ခြင်း ဖြစ်နိုင်တဲ့ အန္တရာယ်ကလည်း ရှိသေးတဲ့အတွက် နှာခေါင်းစည်းကို မဖြစ်မနေလိုအပ်တဲ့ အချိန်ကလွဲပြီး တစ်ချိန်လုံးတပ်ဆင်ထားဖို့ မလိုအပ်ဘူးလို့ ဂျပန်နိုင်ငံ စိန့်လူကီ နိုင်ငံတကာဆေးရုံက ကူးစက် ရောဂါကျွမ်းကျင်ပညာရှင် ဆာကာမိုတိုဖူမီက ပြောကြားခဲ့ပါတယ်။ ။

 

အင်န်အိတ်ကေ