နှာခေါင်းဖြန်းဆေးဟာ ဆေးစွဲခြင်းပြဿနာဖြစ်စေသလား

ရေးသားသူ Dr.Thant Zin

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

နှာရည်ကျလာတဲ့အခါ နှာစေးလာတဲ့အခါ ကျွန်တော်တို့ရဲ့ဝန်းကျင်မှာ ကသိကအောင့်ဖြစ်လာပြီး အနေရခက်လာစေပါတယ်။ လူအများဟာ နှာစေးခြင်းကို သက်သာအောင် နှာခေါင်းဖြန်းဆေး (nasal spray) ကို အသုံးပြုကြပါတယ်။ နှာခေါင်းဖြန်းဆေးဟာလည်း အမျိုးမျိုးရှိတတ်ပါတယ်။

 

နှာစေးလာတဲ့အခါ နှာခေါင်းအတွင်းပိုင်းနံရံ ရောင်ရမ်းလာတတ်ပါတယ်။ နှာခေါင်းဖြန်းဆေးဟာ နှာခေါင်းအတွင်းပိုင်းမှာရှိတဲ့ သွေးကြောလေးတွေကို ကျုံ့သွားစေပြီး နှာခေါင်းအတွင်းပိုင်းနံရံတွေ ရောင်ရမ်းမှုကို လျော့ကျစေခြင်းဖြင့် နှာစေးခြင်း နှာပိတ်ခြင်းကို သက်သာသွားစေနိုင်ပါတယ်။

 

နှာခေါင်းဖြန်းဆေးများကို အများဆုံးသုံးရက်အထိ အသုံးပြုရတတ်ပါတယ်။ တစ်ခါတရံမှာ ပိုမိုပြီး သုံးစွဲမိတဲ့အခါ ဆေးယဉ်ပါးသလို ဖြစ်လာနိုင်ပါတယ်။ သဘောကတော့ လိုချင်တဲ့ ရလဒ်ထွက်လာအောင် ယခင်ကထက် ပိုမိုပြီး သုံးစွဲလာရတတ်ပါတယ်။ အဲဒီအခါ ဆေးကိုစွဲသွားတာမျိုး ဖြစ်လာနိုင်ပါတယ်။

 

နှာခေါင်းဖြန်းဆေးအမျိုးအစားတွေဟာ ပါဝင်တဲ့ပစ္စည်းတွေပေါ်မူတည်ပြီး ကွဲပြားသွားပါတယ်။ အဓိကအားဖြင့် အောက်ပါအမျိုးအစားတွေ ဖြစ်ပါတယ်။

 

-          ဆလိုင်းရည်ပါတဲ့ နှာဖြန်းဆေး

-          စတီးရွိုက်ဖြန်းဆေး

-          ဟစ်စ်တမင်းဆန့်ကျင်ဆေး

-          နှာခေါင်းပွင့်ဆေး

နှာခေါင်းဖြန်းဆေးကို ကြာကြာသုံးရင် ဘာဖြစ်လာနိုင်သလဲ

နှာခေါင်းတွင်းဖြန်းဆေးကို လိုအပ်တာထက်ပိုပြီး ကြာကြာသုံးမိရင် တကျော့ပြန်နှာပိတ်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါပေမယ့် သုတေသီတချို့က ဒီအချက်ကို လက်မခံဘဲ အငြင်းပွားနေဆဲ ဖြစ်ပါတယ်။

 

နောက်တစ်ချက်ကတော့ ဆေးယဉ်ပါးလာနိုင်ခြေ ရှိပါတယ်။ ဆေးယဉ်ပါးလာတဲ့အခါ ရောဂါဝေဒနာသက်သာအောင် အရင်က သုံးစွဲနေကြထက် ဆေးပမာဏကို တိုးမြှင့်သုံးစွဲရခြင်း၊ မကြာခဏ သုံးစွဲလာရခြင်း ဖြစ်ပါတယ်။

 

နှာခေါင်းဖြန်းဆေးတွေဟာ နှာခေါင်းတွင်းက သွေးကြောတွေကို ကျဉ်းသွားစေပါတယ်။ ဒါပေမယ့် ဆေးကိုရပ်လိုက်တာနဲ့ ပြန်ပြီးရောင်လာနိုင်ပါတယ်။

 

ရုပ်ပိုင်းဆိုင်ရာအရ ဆေးအပေါ်မှီခိုလာရခြင်းနဲ့ ဆေးစွဲခြင်းဟာ အနည်းငယ်တော့ ကွာခြားမှုရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာအရ မှီခိုနေတယ်ဆိုတာကတော့ ဆေးကိုရပ်လိုက်တာနဲ့ ပျောက်နေတဲ့ လက္ခဏာတွေ (ဥပမာ နှာစေးခြင်း) ပြန်ပေါ်လာခြင်းမျိုး ဖြစ်ပါတယ်။

 

ဆေးစွဲခြင်းဆိုတာကတော့ သုံးစွဲနေတဲ့ဆေးအပေါ် ပြင်းပြင်းထန်ထန် တောင့်တနေတတ်ပြီး သုံးစွဲခြင်းကို ရပ်တန့်ဖို့ မဖြစ်နိုင်သလောက်ပါပဲ။ ရပ်တန့်လိုက်တာနဲ့ ဘေးထွက်ဆိုးကျိုးတွေ၊ နောက်ကြောင်းပြန် အကျိုးသက်ရောက်မှုတွေ ပေါ်လာနိုင်ပါတယ်။ ဥပမာပေးရရင် မူးယစ်ဆေးစွဲတာမျိုး ဖြစ်ပါတယ်။

 

အလွန်အကျွံသုံးစွဲမိခြင်း၏ လက္ခဏာများ

နှာခေါင်းဖြန်းဆေးကို အလွန်အကျွံသုံးစွဲမိခြင်းဆိုတာ အောက်ပါအခြေအနေတွေကို ဆိုလိုပါတယ်။

 

-          တစ်ပတ်ထက်ကျော်ပြီး သုံးစွဲခြင်း

-          ညွှန်ကြားသည်ထက် ပိုမိုပြီး မကြာခဏ သုံးစွဲခြင်း

-          ဆေးကိုရပ်လျှင်၊ သုံးစွဲရန်လွတ်သွားလျှင် နှာပြန်ပိတ်/စေးခြင်း

နှာခေါင်းဖြန်းဆေး သုံးစွဲမှုရပ်တန့်လိုက်တာနဲ့ အဓိကကြုံရတတ်တဲ့ ပြဿနာကတော့ နှာပြန်စေးတာပါပဲ။ အထူးသဖြင့် နာတာရှည်ဖြစ်ပွားတတ်တဲ့ ဓာတ်မတည့်ခြင်း ပြဿနာတွေ ဖြစ်ပါတယ်။

 

အောက်ပါအခြေအနေတွေ ကြုံနိုင်ပါတယ်။

 

-          နှာရည်ကျခြင်း

-          လည်ချောင်းနာခြင်း

-          နှာစေးခြင်း

-          အသက်ရှုရခက်ခြင်း

-          ခေါင်းကိုက်ခြင်း

-          နှာခေါင်းရင်းမှကိုက်ခြင်း

နှာခေါင်းဖြန်းဆေးစွဲခြင်း ပြဿနာမဖြစ်အောင် ဘယ်လိုသုံးစွဲသင့်လဲ

 

ဆေးပုလင်း/ဆေးဘူးတွေမှာပါတဲ့ အချက်တွေ၊ ဆရာဝန်ညွှန်ကြားတဲ့အချက်တွေကို လိုက်နာပါ။ အောက်ပါအချက်တွေကို အဓိကလိုက်နာပါ။

 

-          ဆေးကို ၃ရက်ထက် ပိုမသုံးပါနဲ့။

-          ၁၀-၁၂ နာရီကြာတိုင်း တစ်ခါသုံးပါ (တစ်နေ့ ၂ကြိမ်)

-          ၂၄ နာရီအတွင်း နှစ်ကြိမ်ထက်ပိုမသုံးပါနဲ့။

 

အချုပ်ပြောရမယ်ဆိုရင် နှာခေါင်းဖြန်းဆေးကို အလွန်အကျွံသုံးစွဲဖြစ်ခြင်းဟာ မူးယစ်ဆေးစွဲသလိုတော့ မဆိုးရွားပါဘူး။ ဒါပေမယ့် ရက်သတ္တပတ်ပေါင်းများစွာ (သို့) လနဲ့ချီပြီး သုံးနေရပြီဆိုရင် မိမိကိုယ်ခန္ဓာ ရုပ်ပိုင်းဆိုင်ရာအခြေအနေဟာ ဆေးအပေါ်စွဲလမ်းလာပြီဆိုတာ သတိချပ်သင့်ပါတယ်။ အကောင်းဆုံးကတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသတာ အကောင်းဆုံးပါပဲ။

 

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”