နှစ်သစ်ကို မင်္ဂလာရှိစွာ ကြိုဆိုကြပါစို့

မောင်သောင်းဝင်း(တမန်ဟောင်း)

၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်(အင်္ဂါနေ့)သည် နှစ်ဆန်းတစ်ရက်နေ့ဖြစ်သည်။ နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ ကူးပြောင်းသွားပြီဖြစ်သည်။ ပြောင်းလဲမှုလှိုင်းနှင့်အတူ နှစ်သစ်သို့ရောက်ရှိလာပြီဖြစ်သည်။ နှစ်သစ်ကို မင်္ဂလာရှိစွာကြိုဆိုနိုင်ရန်အတွက် မင်္ဂလာရှိသောအလုပ်များကို လုပ်ဆောင်သွားရန်လိုအပ်မည်ဖြစ်သည်။ လောကလူသားများအတွက် ထာဝရမှန်ကန်နေသော အရာများစွာရှိနေသည်။ ထိုအရာများအနက် ပြောင်းလဲမှု ဆိုသောအရာလည်းပါရှိသည်။ အချိန်နှင့်အမျှ ပြောင်းလဲမှုများဖြစ်ပျက်နေသည်။

ထိုပြောင်းလဲမှုနိယာမကြောင့် လူသားတို့သည် စက္ကန့်တိုင်းအိုမင်းရင့်ရော်နေကြသည်။ လူတစ်ဦး၏ သက်တမ်းသည် အမှတ်တမဲ့အချိန်အတွင်း လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ထို့ကြောင့် နှစ်ဆန်းတစ်ရက် နေ့တွင် ကျွန်ုပ်တို့ အားလုံးလက်ခံလိုက်ရသောအချက်သည် အသက်တစ်နှစ်စီကြီး သွားကြခြင်းပင်ဖြစ်သည်။ နှစ်ဟောင်းတွင် အောင်မြင်မှုများကို ထုဆစ်ပုံဖော်နိုင်ကြသူများရှိသလို ကျရှုံးမှုများနှင့် မလွှဲသာမရှောင်သာ ကြုံတွေ့ခဲ့ရသူများလည်း ရှိနေမည်မှာ အသေအချာပင်ဖြစ်သည်။ အဆွေစာရှုသူသည် အောင်မြင်သူလား၊ ကျရှုံးသူလား။

အောင်မြင်မှုတံခါးများကိုခေါက်သင့် 

နှစ်ဟောင်းတွင် အောင်မြင်မှုမရရှိခဲ့သည့်တိုင်အောင် နှစ်သစ်အတွက် ခွန်အားများ မွေးမြူသွားကြရ မည်ဖြစ်သည်။ လူတစ်ဦးချင်း၊ မိသားစုတစ်စုချင်း၊ လူ့အသိုက်အဝန်းတစ်ခု ချင်းမှသည် တိုင်းပြည်တိုးတက်ရေး အတွက် ရည်မှန်းလျက် ကြိုးပမ်းသွားရန်လိုအပ်မည်ဖြစ်သည်။ လူတိုင်းတွင် လုပ်ဆောင်နိုင်သည့် စွမ်းအားများရှိနေကြသည်။ မလုပ်သေးလို့ပါ။ လုပ်မည်ဆိုလျှင် အောင်မြင်မှုသည် လက်တစ်ကမ်းတွင် ရှိနေသည်။ ထို့ကြောင့် နှစ်သစ်တွင်အောင်မြင်မှု တစ်ခုခုကိုရရှိအောင် ကြိုးပမ်းသွားမည် ဆိုသော စိတ်ကူးအိပ်မက်များကို ကိုယ်စီမက်ထားဖို့လိုမည် ထင်ပါသည်။ အောင်မြင်လိုသူတိုင်းသည် အောင်မြင်မှု ဆိုသောတံခါးကို အကြိမ်ကြိမ်ခေါက်နေရန် လိုအပ်သည်။ မည်သည့်တံခါးကိုမျှ မခေါက်သူသည် မည်သည့်အောင်မြင်မှုမျှ ရရှိမည်မဟုတ်ချေ။

အချိန်မရှိတော့ပေ

ပြိုင်ဆိုင်မှုပြင်းထန်သောခေတ်ကြီးတွင် အချိန်ကုန်ဆုံးမှုသည် မြန်ဆန် လွန်းလှသည်။ ထိုသို့အဖိုးတန်သော အချိန်ကို သူများအကြောင်းမကောင်း ပြောရင်း မဖြုန်းမိဖို့အထူး သတိထားသင့်သည်။ လက်ရှိအချိန်တွင် တချို့သော မြန်မာများသည် လူမှုကွန်ရက်ပေါ်တွင် တစ်ဦးနှင့်တစ်ဦး ပြစ်တင်ဝေဖန်ရင်း၊ ဆဲဆိုရင်း၊ ငွေဖြုန်းရင်း အချိန်ဖြုန်းနေကြသည်။ စိတ်မကောင်းစရာပင်ဖြစ်သည်။ အောင်မြင်မှုရရှိလိုသောသူများသည် သူများအကြောင်း မကောင်းပြောဖို့အချိန် မရှိတော့ပေ။

လူတစ်ဦးသည် လွန်ခဲ့သော တစ်နှစ်လုံးတွင် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ဘာသာရေး စသည့် နယ်ပယ်တစ်ခုခုတွင် အောင်မြင်မှုတစ်စုံတစ်ရာမျှ မရရှိခဲ့ဘူးဆိုလျှင် ထိုသူသည် တစ်နှစ်ဆိုသော အချိန်ကာလကို အကျိုးမဲ့ဖြတ်သန်းခဲ့ခြင်းဖြစ်သည်။ မနားမနေစဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်နေမှ သာလျှင် အောင်မြင်မှုဆိုသောအရာကို ဆုပ်ကိုင်နိုင်ကြမည်ဖြစ်သည်။ မျက်မှောက်ခေတ်ကြီးတွင် ပျင်းရိလေးလံ တွေဝေထိုင်းမှိုင်းနေသောသူများအတွက် နေရာမရှိတော့ပေ။ အထူးသဖြင့် တန်ဖိုးရှိသောအချိန်ကို အလေ အလွင့်မရှိအောင် သုံးစွဲနိုင်စွမ်းမရှိသူများသည် အဘက်ဘက်မှနောက်ကျကျန် ရစ်နေမည်မှာ မြေကြီးလက်ခတ် မလွဲပင်ဖြစ်သည်။ ထို့ကြောင့် ၂၀၁၉ ခုနှစ်တွင် အလဟဿအချိန်မဖြုန်းဘဲ ကိုယ်စီအလုပ်လုပ်ကြရ တော့မည်ဖြစ်သည်။

နှစ်သစ်သန္နိဋ္ဌာန် 

စင်စစ်အားဖြင့် လူတစ်ဦးချင်းစီသည် နှစ်ဟောင်းတွင် လုပ်ဆောင်ခဲ့မှုများကို နှစ်ချုပ်သုံးသပ်ချက် ပြုလုပ်သွားသင့်ပေသည်။ နှစ်ဟောင်းတွင် ပျော်ရွှင်စရာ အောင်မြင်မှုများစွာရရှိခဲ့နိုင်သလို ရင်နာဖွယ်ရာ ဖြစ်ရပ်များကိုလည်းကြုံ တွေ့ခဲ့ရနိုင်ပါသည်။ ထိုအောင်မြင်မှုနှင့် ကျရှုံးမှုတို့သည် လူတစ်ဦးချင်းစီ၏ ကြိုးစားအားထုတ်မှုအပေါ်မူတည်၍ ကွဲပြားမှုရှိနိုင်ပါသည်။ မည်သို့ပင်ဆိုစေကာမူ ၂၀၁၉ ခုနှစ်ဆိုသော နှစ်သစ်ကိုမူ စိတ်သစ်၊လူသစ်၊ ခွန်အားသစ်များနှင့် မင်္ဂလာရှိစွာ ကြိုဆိုသွားသင့်ပါသည်။ သို့မှသာလျှင် နှစ်သစ်အတွက် လိုအပ်ဖွယ်ရာများကို ကြိုတင်ပြင်ဆင်နိုင်ကြမည်ဖြစ်သည်။ အထူးသဖြင့် နှစ်သစ်သန္နိဋ္ဌာန် တစ်ခုလောက်တော့ မပျက်မကွက် ချမှတ်သွားသင့်သည်။

 

အချို့သော မြန်မာများသည် နှစ်ဟောင်းကုန်ဆုံးချိန်တွင် နှစ်သစ်အတွက် နှစ်သစ်သန္နိဋ္ဌာန် ချမှတ်ရမည်ကိုပင် မသိရှိကြချေ။ မြန်မာ့ယဉ်ကျေးမှု မဟုတ်ဟုဆိုကာ စောဒကတက်နိုင်ကောင်း တက်နိုင်ပါသည်။ မည်သို့ပင် ဆိုစေကာမူ မိမိဘဝတိုးတက်ရေးနှင့် လောကလူ့ရွာကောင်းကျိုးအတွက် အထောက်အကူပြုမည်ဆိုလျှင် အနောက်တိုင်းယဉ်ကျေးမှုဖြစ်နေသည့်တိုင်အောင် ထိုအလေ့အထကိုလည်း မွေးမြူကျင့်သုံးသွားသင့်ပါသည်။

 

တိုင်းပြည်တိုးတက်ရေးဖော်ဆောင်ရန်လို  

လူတစ်ဦးသည် မိမိကိုယ်တိုင် ကြီးပွားတိုးတက်ရေးအပြင်မိမိနေထိုင်သော လူ့အသိုက်အဝန်းနှင့် တိုင်းပြည် တိုးတက်ရေးကိုလည်းအုတ်တစ်ချပ် သဲတစ်ပွင့်မျှ ပါဝင်ဆောင်ရွက်သင့်ပေသည်။ သို့မှသာလျှင် နိုင်ငံသား တစ်ဦး၏ တာဝန်ကျေပွန်မည်မဟုတ်ပါလား။ လူတစ်ဦးသည် မွေးဖွာရာတိုင်းပြည်နှင့် လူမျိုးအတွက် မည်သည့်အရာမျှ စွမ်းဆောင်နိုင်ခြင်းမရှိလျှင် ထိုတိုင်းပြည် အတွက် လူပိုတစ်ဦးလိုဖြစ်နေမည်။ ထို့ကြောင့် ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများတွင် တတ်နိုင်သမျှပူးပေါင်းပါဝင် ဆောင်ရွက် သွား ဖို့လိုပါသည်။

 

ဆိုရလျှင်မြန်မာနိုင်ငံသည် ၂၀၁၈ ခုနှစ်အတွင်း အတက်၊အကျကြမ်းခဲ့သည်။ အထူးသဖြင့် ရခိုင်အရေး ပင်ဖြစ်သည်။ နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံ၏ ပုံရိပ်ကျဆင်းခဲ့ရသည်။ လက်ရှိအချိန်အထိလည်း တချို့သော အဖွဲ့အစည်းများနှင့် နိုင်ငံများက ကုလသမဂ္ဂတွင် ရခိုင်အရေးကိုပုံကြီးချဲ့ ဆွေးနွေးနေကြဆဲ ပင်ဖြစ်သည်။ ရခိုင်အရေးတွင် နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် ပြည်သူအားလုံး ပူးပေါင်းပါဝင်မှသာ ထိရောက်မှုရှိမည်ဖြစ်သည်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် အသက်တမျှပင် အရေးပါလှသည်။
တိုင်းပြည်လွတ်လပ်ရေးရရှိခဲ့သည်မှာ (၇၁) နှစ်ပင် ပြည့်တော့မည်ဖြစ်သည်။ သို့သော် တစ်နိုင်ငံလုံး လွှမ်းခြုံသော ငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင် ခြင်းမရှိသေးပေ။ ကိုလိုနီအမွေဆိုးကြောင့် တိုင်းရင်းသားများ အကြား စိတ်ဝမ်း ကွဲနေဆဲပင်ဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ NCA ၌ ပါဝင်လက်မှတ်ရေးထိုးခဲ့သဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်မှုရှိသည်ဟု ဆိုနိုင်ပေသည်။

 

ထို့အပြင် တပ်မတော်ကလည်း စစ်တိုင်းနယ်မြေ ငါးခုတွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများရပ်ဆိုင်းထားသဖြင့် ဒေသခံပြည်သူများ ဝမ်းမြောက် လျက်ရှိကြသည်။ စစ်ဘေးရှောင်စခန်းမှပြည်သူများသည် သက်ဆိုင်ရာကျေးရွာများသို့ ပြန်နိုင်ကြတော့မည် ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ကြတော့ မည်ဖြစ်သည်။ ကလေးငယ်များသည် ပုံမှန်ပညာရေးသင်ယူနိုင်တော့မည် ဖြစ်သည်။ ငြိမ်းချမ်းရေးအတွက် ရောင်ခြည်သန်းလာခြင်းပင် မဟုတ်ပါလား။ ဝမ်းမြောက်ဖွယ်ရာပင်ဖြစ်သည်။

 

သို့သော် တချို့သောသတင်းဌာနများက စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ရပ်ဆိုင်းထားသည့် ဒေသများတွင် တိုက်ပွဲများဖြစ်ပွားနေသယောင် မဟုတ်မမှန်သတင်းများ ထုတ်လွှင့်လျက်ရှိကြသည်။ တိုင်းရင်းသားများ အနေဖြင့် ထိုသတင်းမှားများကို မယုံကြည်ဖို့လိုပေသည်။ ခေတ်သစ်ကိုလိုနီများသည် မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားစည်းလုံးညီညွတ်မှုပြန်လည်ရရှိပြီး ငြိမ်းချမ်းလာမည်ကို မနာလိုမရှုစိတ်ဖြစ်လျက် ရှိကြသည်။

 

ဆိုရလျှင်မြန်မာအများစုသည် ခံစားလွယ်ကြသည်။ ပြဿနာတစ်ခု၏ အခြေခံအကြောင်းအရင်းကိုမသိဘဲ အလျင်စလို ကောက်ချက်ချလေ့ရှိကြ သည်။ အကျိုးဆက်အနေဖြင့်ပြဿနာကိုသာ ပိုမိုကြီးထွားစေပါသည်။ သူများ ပါးစပ်တွင် လမ်းဆုံးမနေရအောင်စာများများဖတ်ဖို့လိုပါသည်။ နည်းနည်းပြော ပြီး များများတွေးဖို့လည်း လိုပါသည်။ မည်သို့ပင်ဆိုစေကာမူ နှစ်သစ်တွင် ပြည်သူအားလုံး အခြေခံစိတ်ဓာတ် ပြုပြင်ရန်လိုမည်ဟု ထင်သည်။

 

ထို့အပြင် တချို့သောပြည်သူများသည် မိမိထောက်ခံသည့်ပါတီများကို အကြောင်းပြု၍ အုပ်စုကွဲနေကြသည်။ လူမှုကွန်ရက်တွင် တစ်ဖွဲ့ကိုတစ်ဖွဲ့ အပြန်အလှန်ပြစ်တင်ရှုတ်ချဆဲဆိုနေကြသည်။ အကျိုးမရှိသော လုပ်ရပ်များ ပင်ဖြစ်သည်။တိုင်းပြည်တိုးတက်ရေးနှင့် အေးချမ်းသာယာရေးကို အမှန်တကယ် လိုလားသူများသည် ထိုသို့လုပ်နေမည်မဟုတ်ချေ။ နိုင်ငံအရေးနှင့်ယှဉ်လာလျှင် မိမိတို့၏ စိတ်ခံစားချက်များကို လျစ်လျူရှုနိုင်ရမည် ဖြစ်သည်။ ထိုသို့အုပ်စုကွဲပြား နေမည်ဆိုလျှင် တိုင်းပြည်သည် တိုးတက်သင့်သလောက် တိုးတက်မည် မဟုတ်ချေ။ စည်းလုံးခြင်းသည် အင်အားမဟုတ်ပါလား။

 

ဗြဟ္မစိုရ်တရားကိုလက်ကိုင်ထား 

ဤနေရာတွင် မေတ္တာတရားသည် အရာအားလုံးကို လွှမ်းမိုးနိုင်စွမ်းရှိပါသည်။ ထို့ကြောင့် နှစ်သစ်တွင် လူတစ်ဦးနှင့်တစ်ဦး၊ ဘာသာတစ်ခုနှင့်တစ်ခု၊ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား မေတ္တာထားသွားကြရန် လိုအပ်မည်ဖြစ်သည်။ သို့မှသာလျှင် အချင်းချင်း အမြင်လွဲမှားနေမှုများ၊ ပဋိပက္ခများ၊ စစ်ပွဲများကို ရှောင်ရှားနိုင်မည်ဖြစ်သည်။ လူအချင်းချင်း ဆင်းရဲ၊ ချမ်းသာ၊ ပညာတတ်၊ ပညာမဲ့၊ ရာထူးကြီး/ ငယ်၊ ဇာတ်နိမ့်၊ ဇာတ်မြင့် မခွဲခြားဘဲ မေတ္တာအရင်းခံဖြင့်သာ ဆက်ဆံသွားမည်ဆိုလျှင် အေးချမ်းသောလူ့အသိုက်ဝန်းကြီးကို ဧကန်မုချ တည်ဆောက်နိုင်မည်ဖြစ်သည်။ ထိုသို့ဆိုလျှင် ကျွန်ုပ်တို့ကမ္ဘာကြီးသည် ထာဝစဉ် အေးချမ်းသာယာနေမည် ဖြစ်သည်။

 

စင်စစ်အားဖြင့် နှစ်ဟောင်းတွင် အကောင်းနှင့်အဆိုးဒွန်တွဲ၍ ကြုံတွေ့ခဲ့ကြရသည်။ ထိုအတွေ့အကြုံများမှ သင်ခန်းစာဖော်ထုတ်ပြီး နှစ်သစ်အတွက် ဆောင်ရွက်ဖွယ်ရာများကိုအကောင်းဆုံးကြိုတင်ပြင်ဆင်သွားရန် လိုအပ်မည်ဖြစ်သည်။ အခြေခံအားဖြင့် ကျွန်ုပ်တို့၏ စိတ်ဓာတ်များကို ပြင်ဆင်သွားကြရ မည်ဖြစ်သည်။ အထူးသဖြင့် နေ့စဉ် စားဝတ်နေရေးအတွက် လုပ်ကိုင်ရှာဖွေ စုဆောင်းကြရာတွင် စိတ်ကောင်းရှိဖို့လိုပါသည်။ အရာရာတွင် ကိုယ်ချင်းစာတရား လက်ကိုင်ထားကြမည်ဆိုလျှင် အေးချမ်းသော လူ့အဖွဲ့အစည်းကို တည်ဆောက် နိုင်မည်ဖြစ်သည်။ နှစ်သစ်တွင် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်ပေါင်းစုံတွင် အောင်မြင်မှုများ ပိုင်ဆိုင်နိုင်ရေးအတွက် ကိုယ်စီစိတ်ကူးအိပ်မက် များရှိနေရန်လိုအပ်ပါသည်။ ထိုစိတ်ကူးအိပ်မက်များ အမှန်တကယ် ရုပ်လုံးပေါ်လာစေရန်အတွက် လက်တွေ့ကျကျ ကြိုးပမ်းအကောင် အထည်ဖော်သွားရန်လည်း လိုအပ်မည်ဖြစ်သည်။ ထို့ကြောင့် နှစ်သစ်တွင် ကျွန်ုပ်တို့၏ကိုယ်စီဘဝများ တိုးတက်အောင်မြင်ရေးအပြင် မိသားစု၊ လူမှုအဖွဲ့အစည်းနှင့် တိုင်းပြည်အကျိုးကိုပါ သယ်ပိုးနိုင်ရေးအတွက် ဗြဟ္မစိုရ်တရားကို လက်ကိုင်ထားလျက် ပြုမူကျင့်ကြံနေထိုင်သွားရန် အထူးလိုအပ်ပေသည်။

နှစ်သစ်ကိုမင်္ဂလာရှိစွာကြိုဆိုကြပါစို့ 

၂၀၁၉ ခုနှစ်ဆိုသည့် မင်္ဂလာရှိသောနှစ်သစ်ကို မင်္ဂလာရှိစွာဖြင့် ကြိုဆိုနိုင်ရေးအတွက် လူတစ်ဦးချင်းစီသည် လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနများကိုလျှော့ချကာ မေတ္တာစိတ်မွေးမြူသွားရန် လိုအပ်မည်ဖြစ်သည်။ လူတစ်ဦးသည် လွန်ခဲ့သောနှစ်ဟောင်းအတွင်း အောင်မြင်မှုမှတ်တိုင်တစ်ခုမျှ စိုက်ထူနိုင်ခဲ့ခြင်းမရှိလျှင် တစ်နှစ်ဆိုသောသက်တမ်းကို အကျိုးမဲ့ဖြတ်သန်းခဲ့သူသာဖြစ်သည်။ ထိုသို့မဖြစ်စေရန် နှစ်သစ်အတွက် အစစအရာရာကြိုတင်ပြင်ဆင် သွားကြရမည်ဖြစ်သည်။ အထူးသဖြင့် မိမိနှင့် မိမိမိသားစု၊ မိမိအသိုက်အဝန်း၊ မိမိတိုင်းပြည်အတွက် ကောင်းရာကောင်းကျိုးတစ်ခုခုကို ဆောင်ကြဉ်းပေးနိုင် အောင် ကြိုးပမ်းသွားသင့်သည်။ သို့မှသာလျှင် လူ့တာဝန်ကျေပွန်သည့် လူသားဆန်သော လူတစ်ဦးဖြစ်နေမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ၂၀၁၉ ခုနှစ် တွင် ပြည်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး စိတ်ကူးအိပ်မက်များကို အောင်မြင်စွာ အကောင်အထည်ဖော်သွားနိုင်ကြပါစေ။ ။