နှစ်သစ်ကူးရုံးပိတ်ရက်ကာလ၌ ကချင်ပြည်ဂျော်ဘွမ်တောင်သို့ လာရောက်အပန်းဖြေသူများဖြင့် စည်ကား

မြစ်ကြီးနား ၂  ဇန်နဝါရီ 

 

အများပြည်သူတို့၏ အားလပ်ရက်၊ အစိုးရရုံးပိတ်ရက်ဖြစ်သော ဇန်နဝါရီ ၁ ရက် နှစ်သစ်ကူးပွဲတော်ကာလတွင်ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ဂျော်ဘွမ်တောင်သို့ လာရောက်အပမ်းဖြေသူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

 

ဂျော်ဘွမ်တောင်အား ကချင်ဘာသာစကားအားဖြင့် (Jaw Masat Akyu Hpi Bum) ဟု ဒေသခံတို့ သမုတ်ဆိုကြကြောင်း လာရောက်လည်ပတ်ကြသူ အချို့ထံမှ ပါးစပ်ရာဇဝင်ကိုကြားသိရသည်။

 

သုံးနှစ်သုံးရာကချင်နှစ်ခြင်းသာသနာပြုခြင်း အထိမ်းအမှတ် ကဗ္ဗည်းကျောက်စာတိုင်တွင် KBC 3/300 SaSaNa Masat DingSat (20.2.1978 - 20.2.1981) ဟုရေးသားဖော်ပြ ထားရှိသည်အား လေ့လာတွေ့ရှိရသည်။

 

 

မှတ်တိုင်တစ်ခုအဖြစ် ၁၉၇၈-၁၉၇၉ ခုနှစ်တွင် မူလအဆောက်အဦအား ပြန်လည်ပြုပြင်မွမ်းမံ ဆောက်လုပ်ကာ ဆုတောင်းတောင် (Jaw Bum ) ဟု ခေါ်ဆိုခဲ့ကြကြောင်း စတင်တည်ဆောက်ရေး လုပ်ငန်းများ၌ ကိုယ်တိုင်ပါဝင်ခဲ့ရဖူးသူ မြစ်ကြီးနားဒေသခံ ဦးလဘန်အောင်က ပြောကြားခဲ့ပါသည်။

 

``၁၉၇၇ ခုနှစ် ကချင်ပြည်နယ် နှစ်ခြင်းသာသနာပြု (KBC) ၏ အနှစ်တစ်ရာပြည့်ဂျူ ဗလီပွဲတော်ကျင်းပခဲ့ကြတယ်။ အဲဒီပွဲ မကျင်းပမီအချိန်ကတည်းက ကချင်ပြည်နယ်ရဲ့ နှစ်ခြင်းကျမ်းစာသင်ကျောင်း (နောင်နန်း) တည်ရှိခဲ့တဲ့နေရာလည်းဖြစ်တယ်။ အဲဒီအချိန်မှာ ဆုတောင်းတောင်မျှော်စင်က ဝါးများနဲ့သာ အဆင့်ဆင့်တည်ဆောက်ထားခဲ့ကြပေမယ့် မျက်မှောက်ကာလမှာ အခုမြင်တွေ့နေရတဲ့အတိုင်း  အဆင့် ၆ ဆင့်ကို( R.C အုတ်ညှပ်) အမြင့်ပေ (၆၀၀ပေ) အထက်ခန့်နဲ့ အခိုင်အမာ တည်ဆောက်ထားခဲ့ကြတာ ဖြစ်ပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။

 

အဆိုပါဆုတောင်းတောင်၏ သမိုင်းကြောင်းနှင့် ပတ်သက်၍  မှတ်တမ်းကဗ္ဗည်း ကျောက်စာတိုင်တွင် ကချင်ဘာသာအားဖြင့် ဖော်ပြရေးသားထားကြောင်း လေ့လာတွေ့ရှိခဲ့ရပြီး ၎င်းပတ်ဝန်းကျင်အနီးတစ်ဝိုက်တွင် စိမ်းလန်းသာယာသည့် တောင်တန်းများဝိုင်းရံထားသည်။

 

မနီးမဝေးတောင်ခြေနံဘေးရှိ မြေပြန့်လွင်ပြင်အား ဆုတောင်းမျှော်စင်မှ ရှုမြော်ကြည့်လိုက်လျင် ၎င်းဘာသာဝင်တို့၏ မြှုပ်နှံရာ သင်္ချိူင်းဂူတည်ရှိရာကိုလည်း မြင်တွေ့နိုင်သည်။ အချို့သူတို့က အလည်ပတ်လာရောက်ရင်း ဘိုးဘွားမိဘ ဆွေမျိုးသားချင်းတို့အား အောက်မေ့ဖွယ်ကန်တော့ ဆုတောင်းခြင်းများလည်း ပြုကြသည်။ ထို့အပြင် ဆုတောင်းမျှော်စင် အမြင့်အဆင့်မှ ကချင်ပြည်နယ် ဧရာဝတီမြစ်ကူးတံတား (ဗလမင်းထင်တံတား) အလှအား တစ်မျှော်တစ်ခေါ်ရှုမြင်ခံစားနိုင်သော နေရာဖြစ်ကြောင်း၊ ရှေးယခင်အချိန်ကာလက ကချင်နှစ်ခြင်းသာသနာဘာသာဝင်တို့၏ ဆုတောင်းခြင်းအတွက်သာ တည်ထားရှိသော နေရာတစ်ခုဖြစ်ခဲ့သော်လည်း နောင်ကြာမြင့် လာသောခေတ်စနစ် ပြောင်းလဲမှုနှင့်အတူ ဤဆုတောင်းတောင်နေရာသည် ကချင်ပြည်နယ်ရောက်ခရီးသွားများနှင့် ဒေသနေအများပြည်သူတို့ လာရောက်လည်ပတ် အနားယူလျက်ရှိသော ဂျော်ဘွမ်(JawBum) တောင်အပန်းဖြေစခန်းအဖြစ် ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

စိုင်းဇော်လတ်(လင်းခေး)