နှစ်တိုင်း ဒီလိုပွဲတွေ ကျင်းပပေးရင် ကလေးတွေအတွက် သူတို့ရဲ့ အတွေးအခေါ် အသစ်အဆန်းတွေကိုဖော်ထုတ်လာနိုင်တဲ့ ကလေးတွေ များလာမယ်လို့ မျှော်လင့်ပါတယ်

ပူတာအို ၁၉  မတ်

ကလေးစာပေပွဲတော်(ပူတာအို) ဒုတိယနေ့သို့ လာရောက်ကြသည့် ပြည်သူများ၏ ရင်တွင်းစကားသံများကို ဖော်ပြလိုက်ပါသည်-

 

mdn

ဒေါ်ဂွမ်ရိန်နန်

ရဝမ်လူမျိုး၊ဒုတ္ထန်ရပ်ကွက်(ပူတာအိုမြို့)

မအားတဲ့ကြားထဲက အမေကြီးရဲ့ မြေးတွေကို ဒီပြပွဲပြခန်းတွေနဲ့ ပြိုင်ပွဲတွေကို ပြဖို့လာခဲ့တာပါ။ သူတို့ကြိုက်တဲ့ စာအုပ်တွေရော ဘာတွေရော ဝယ်ပေးတယ်။ ဒီလိုပွဲလေးတွေ လုပ်ပေးတာ အတိုင်းထက်အလွန် တကယ့်ကို ဝမ်းသာပါတယ်။ အားရပါတယ်။ ဒီပူတာအိုမှာ လာလုပ်ပေးတာ အများကြီး ကျေးဇူးတင်ပါတယ်။

 

mdn

ဦးခေါင်ဖုန်

ဒေသခံ၊လေယာဉ်ကွင်းရပ်ကွက်(ပူတာအို)

အာရောဂျံ ပရမံလာဘံ ဆိုတဲ့ ဆောင်ပုဒ်အရ ကျန်းမာခြင်းရဲ့ အရင်းအမြစ်နဲ့ သက်ဆိုင်တဲ့ ကျွန်တော်တို့ဒေသက ထွက်တဲ့ ဆေးစွမ်းကောင်းတွေကို လူတိုင်းသိရှိနားလည်ပြီး ကျန်းမာသန်စွမ်းတဲ့ လူစွမ်းကောင်းတွေပေါ်ထွက်လာဖို့ရည်ရွယ်ပြီး လာရောက်ရောင်းချတာပါ။

ဝေးလံပြီး ဆေးဝါးလက်လမ်းမမီတဲ့ တောင်ပေါ်ဒေသဖြစ်လို့ ဒေသကထွက်တဲ့ သစ်မြစ်၊ သစ်ဖု၊ အရွက်တွေကိုပဲ အသုံးပြုရလောက်အောင် သဘာဝဆေး တွေက အစွမ်းထက်လှပါတယ်။ အကိုက်အခဲနဲ့ ရောင်ရမ်းနာကျင်မှုတွေ၊ ဝမ်းပျက်ဝမ်းလျှော၊ ယားယံမှုတွေအတွက် အစွမ်းထက်တဲ့ဆေးတွေလည်း ရှိပါတယ်။ ပယောဂနဲ့ ရာ သီအလိုက်ဖြစ်တတ်တဲ့ ရောဂါတွေကိုလည်း ပြုစုကုသနိုင်ပါတယ်။ အဲဒီအထဲမှာမှ ဆေးလျှော်ပင်နဲ့ ရက်လုပ်ထားတဲ့ ဆေးလျှော်ချည်ထည်လည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဆေးလျှော်ပင်ကို အရွက်၊ ချည်၊ ဆေးဝါးနဲ့ ရိုးရာဝတ်စုံအဖြစ်လည်း အသုံးပြုကြပါတယ်။ ဆေးလျှော်ချည်ကို ဝတ်ဆင်ထားပြီး အသက်ရာကျော်ရှည်ရှည်နေနိုင်တဲ့ လူကြီးတချို့လည်း အခုအချိန်အထိ သက်ရှိထင်ရှား ရှိနေပါသေးတယ်။

 

mdn

ဒေါ်ဂျီးတောင်

ရုံးစီမံခန့်ခွဲရေးမှူး၊ရှအမ်လူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်း(မြစ်ကြီးနား)

ကလေးတွေမှ မဟုတ်ဘဲ ကလေးမိဘတွေ၊ ကျောင်းဆရာ ဆရာမတွေ၊ ရပ်ကွက်လူကြီးမိဘတွေအားလုံး လာရောက်ကြတဲ့အတွက် သူတို့အားလုံး စားသုံးမှုနဲ့ဆိုင်တဲ့ အသိပညာလေးတွေ၊ ကုန်ပစ္စည်းတစ်ခုခု ဝယ်ယူမယ်ဆိုရင် သူတို့ သတင်းအချက်အလက်လေးတွေ သိရှိဖို့၊ နေ့စဉ်နဲ့အမျှ အသုံးပြုနေတဲ့ အသုံးအဆောင်တွေမှာ သတိထားသင့်တဲ့ အသိပညာတွေ သိရှိဖို့ရည်ရွယ်ပြီးမှ လာရောက်ပြသခြင်းဖြစ်ပါတယ်။ ကျောင်းဆရာ ဆရာမတွေကိုယ်တိုင် စားသုံးမှုဆိုင်ရာ အသိပညာတွေသိထားရင် သူတို့ကျောင်းစာသင်တဲ့အချိန်တွေမှာ အသိပညာတွေ ဝေငှပေးသင့်ပါတယ်။ အဲဒါဆိုရင် ပိုပြီးအကျိုးရှိနိုင်မှာပါ။ ကလေးတွေတင်မက ဒေသခံတွေအားလုံး အသိပညာ ရသွားစေမှာပါ။ နေ့စဉ် အသုံးပြုနေတဲ့ အစားအသောက်၊ အသုံးအဆောင်တွေကို ဒီအတိုင်း ဝယ်ယူလိုက်ကြတယ်။ ဒါပေမယ့် အသိပညာပေးလိုက်တဲ့ အချိန်တွေမှာ ထုတ်လုပ်တဲ့ရက်နဲ့ ကုန်ဆုံးတဲ့ရက်တွေ၊ ပြီးရင် ဘယ်အရာက ဆိုးဆေးတွေ တအားများနေတယ် ဆိုတာမျိုးတွေ၊ နောက်တစ်ခါ တစ်ခုခုသွားဝယ်မယ်ဆိုရင် ဒါတွေကို ကြည့်တတ်လာမှာဖြစ်ပါတယ်။ FDA ရဲ့ ထောက်ခံချက်ပါ၊ မပါကိုလည်း ကြည့်ပြီးမှ ဝယ်ယူတတ်လာမယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်။ ပူတာအိုမှာ ပထမဦးဆုံး လာလုပ်တဲ့ ပွဲဖြစ်တဲ့အတွက် နှစ်တိုင်း ဒီလိုပွဲတွေကျင်းပပေးရင် ကလေးတွေအတွက် သူတို့ရဲ့ အတွေးအခေါ် အသစ်အဆန်းတွေကို ဖော်ထုတ်လာနိုင်တဲ့ ကလေးတွေများလာမယ်လို့ မျှော်လင့်ပါတယ်။ ကျောင်းစာမှာဆိုရင် စာသင်တဲ့အရာတစ်ခုပဲ ရှိတယ်။ စားသုံးသူရေးရာဦးစီး ဌာနတွေနဲ့ ပူးပေါင်းပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်မယ်ဆိုရင် ပိုပြီး အသိအမြင် ကျယ်လာနိုင်ပါတယ်။ သူတို့ရဲ့နေ့စဉ်ဘဝ စားသောက်နေထိုင်မှုတွေမှာ အကျိုးရှိလာနိုင်ပါတယ်။

 

mdn

မနောယော်နာ

(လီဆူတိုင်းရင်းသူ)နဝမတန်း၊အထက(ခွဲ)နမ်ဟော့

သမီးတို့က ဖျော်ဖြေရေးကဏ္ဍမှာ ပါဝင်ပါတယ်။ လီဆူတိုင်းရင်းသားအက နဲ့ ဖျော်ဖြေခဲ့ပါတယ်။ ဖျော်ဖြေရေးအတွက် နှစ်ပတ်၊ သုံးပတ်လောက် ကြိုတင်ပြင်ဆင်ရပါတယ်။ ဖျော်ဖြေခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ မကြုံဖူးတဲ့အရာတွေလည်း သိရှိရပါတယ်။ သမီးတို့ လီဆူတိုင်းရင်းသားအက သာမက တခြားတိုင်းရင်းသားတွေရဲ့ ရိုးရာအကတွေကိုလည်း ကြည့်ရှုရတဲ့အတွက် ပျော်ရွှင်ရပါတယ်။

သတင်းနှင့် ဓာတ်ပုံ- ကျော်စိုးနိုင်(ရွှေကူ)၊ သန်းလွင်ဦး(မိုးကောင်း)