နွေစပါးစိုက်ပျိုးသော တောင်သူများအား ပုလဲဓာတ်မြေဩဇာအိတ်များ ထောက်ပံ့ပေး

ကျောင်းကုန်း ဒီဇင်ဘာ ၂၀

 

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၂၀၂၁-၂၀၂၂ ခုနှစ် နွေစပါးစိုက်ပျိုးသော တောင်သူများအား ပုလဲဓာတ်မြေဩဇာအိတ်များ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၁၁ နာရီ ကျောင်းကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးရုံး၌ ကျင်းပခဲ့သည်။

 

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက ယခုခွဲဝေထောက်ပံ့ပေးသော ပုလဲဓာတ်မြေဩဇာများအား မိမိကျေးရွာများ၌ စနစ်တကျ တောင်သူလက်ဝယ်အရောက် ဖြန့်ဝေပေးရန် ပြောကြားပြီး ကျောင်းကုန်းမြို့နယ်အတွင်း နွေစပါးစိုက်ဧက‌ (၂၃၆၀၀) ကျော်အတွက် ပထမအကြိမ်တွင် မြေဩဇာအိတ် (၈၃၀)၊ ယခု ဒုတိယအကြိမ်တွင် (၇၉၅)အိတ်ကို သက်ဆိုင်ရာ ကျေးရွာအုပ်စုများသို့ တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

 

လာမည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအထိ စုစုပေါင်း (၅)ကြိမ်တိုင်တိုင် ဆက်လက်ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း၊ အထွက်နှုန်းကောင်းရန်အတွက် ပုလဲဓာတ်မြေဩဇာကို သတ်မှတ်အပင်သက်တမ်းအလိုက် အချိုးကျကျွေးပါက ဓာတ်မြေဩဇာ လေလွင့်ဆုံးရှုံးမှုသက်သာစေမည့်အပြင် အထွက်နှုန်း ကောင်းမွန်စေမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။

 

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ နွေစပါးစိုက်ပျိုးသောကျေးရွာမှ အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)