နေပြည်တော်၊ ကလေးပြုစုရေးဌာနအဆောက်အဦ ဆောက်လုပ်လှူဒါန်းမည့်ကိစ္စ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၁၆ ဇန်နဝါရီ 

 

ရင်ခွင်မဲ့ကလေးများ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းက နေပြည်တော်၊ ကလေးပြုစုရေးဌာန အဆောက်အဦဆောက်လုပ်မည့်ကိစ္စ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ရင်ခွင်မဲ့ကလေးများလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းက နေပြည်တော်၊ ကလေးပြုစုရေးဌာန အဆောက်အဦဆောက်လုပ်ပြီးစီးလျှင် မိမိတို့ဝန်ကြီးဌာနထံ လှူဒါန်းမှာဖြစ်သည့်အတွက် ကျေးဇူးတင်စကား လာရောက်ပြောကြားခြင်း ဖြစ်ပါကြောင်း၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရန် ပညာရေး၊ ကျန်းမာရေး၊ လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ ခိုင်ခိုင်မာမာ ဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း၊ လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ဥပဒေနှင့်အညီ ဆောင်ရွက်ရသည်ဖြစ်ပါကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ်ကာလသည် မွေးစအရွယ်မှ အသက် (၈)နှစ်ထိဖြစ်ပါကြောင်း၊ ကလေးသူငယ် အခွင့်အရေးများဖြစ်သည့် အသက်ရှင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ အစောင့်အရှောက်ခံပိုင်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်များအနက် ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းသည် ကလေးသူငယ်များ၏ အခွင့်အရေးများအားလုံးကို ဖော်ဆောင်ရာတွင် အဓိကကဏ္ဍတစ်ရပ်အဖြစ် တည်ရှိမည်ဖြစ်ရာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ပြီး မိမိတို့၏ဝန်ကြီးဌာနက အကောင်အထည်ဖော်မှုများ ကိုပံ့ပိုးကူညီနိုင်မည်ဖြစ်ပါကြောင်း၊ ရင်ခွင်မဲ့ ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းက နေပြည်တော်တွင် ဆောက်လုပ်လှူဒါန်းမည့် ကလေးပြုစုရေး အဆောက်အဦအတွက် လှူဒါန်းကြသော အလှူရှင်များနှင့် ပူးပေါင်းဆောင်ရွက်ပေးကြသော အဖွဲ့အစည်းများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသထို့နောက် ဒုတိယဝန်ကြီး ဦးစိုးအောင်က ဝန်ကြီးဌာနအနေဖြင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများဖြစ်သော နေပြည်တော်၊ ကလေးပြုစုရေး အဆောက်အဦမြေနေရာအတွက် မြေသန့်ပရိတ်ရွတ်ဖတ်ခြင်းနှင့် အဆောက်အဦ ပန္နက်တင်မင်္ဂလာအခမ်းအနား ပြုလုပ်မည့်အစီအစဉ်များ၊ ရေနှင့်လျှပ်စစ်မီးရရှိရေး ဆောင်ရွက်နိင်မှုအခြေအနေများ၊ ခြံစည်းရိုးကာရံခြင်း လုပ်ငန်းများနှင့် ငလျင်ဒဏ်ခံအဆောက်အဦ ဖြစ်စေရန် ဆွေးနွေးခဲ့ကြရာ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)