နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ သံဝေဇနိယလေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ) စေတီတော်များ၏ ပွင့်စေတီအနောက်အရပ်ရှိ မဟာဗောဓိညောင်ပင်တော်အား ကဆုန်ညောင်ရေသွန်းလောင်းပူဇော်

 

နေပြည်တော် မေ ၂၂

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်ဗုဒ္ဓနေ့ဖြစ်သော ယနေ့တွင်ကျရောက်သည့် ကဆုန်ညောင်ရေသွန်းပွဲတော်တွင် နေပြည်တော်ကောင်စီမှကြီးမှူး၍ ကဆုန်လပြည့်ဗုဒ္ဓနေ့ ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ သံဝေဇနိယလေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ) စေတီတော်များ၏ ပွင့်စေတီအနောက်အရပ်ရှိ မဟာဗောဓိညောင်ပင်တော်တွင် ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့်ဇနီး၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်ဇနီး၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့်ဇနီး၊ နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ နေပြည်တော်ကောင်စီဝင် ဦးဟန်သူနှင့်ဇနီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သံဝေဇနိယလေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ) ဂေါပကအဖွဲ့နှင့် ဝတ်ရွတ်အသင်းတို့ တက်ရောက်၍ ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ကြသည်။ 

ဦးစွာ မဟာဗောဓိညောင်ပင်တော်အား ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး အခမ်းအနားမှူးက ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ရန် ပန်ကြားသည့် မဟာဗောဓိရုက္ခသိဉ္ဇနပူဇာဂါထာကို ဖတ်ကြားပူဇော်သည်။ 

ယင်းနောက် နေပြည်တော်ကောင်စီဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သတ်မှတ်ထားသည့် နေရာများအလိုက် မဟာဗောဓိညောင်ပင်တော်အား ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ကြကာ မဟာဗောဓိညောင်ပင်ကို လက်ယာရစ် လှည့်လည်ပူဇော်ခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဝင်း (ပြန်/ဆက်)