နေပြည်တော်ကောင်စီနယ်မြေ ဆီထွက်သီးနှံ ဧက (၁၃၀၀၀၀)ကျော် နှင့် ချည်မျှင်ရှည်ဝါ ဧက(၁၀၁၀၀)စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိ

နေပြည်တော် ဧပြီ ၂၆

နေပြည်တော်ကောင်စီနယ်မြေ၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးနှင့် အဓိကသီးနှံ(၁၀)မျိုး ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် တောင်သူပညာပေးလုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်ရန် ၊ ဆီထွက်သီးနှံ(၆)မျိုး ဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာ၊ ဆီမုန်ညှင်း၊ ပန်းနှမ်းနှင့် ဆီအုန်းသီးနှံများ အထွက်နှုန်း တိုးတက်စေရေးနှင့် အရည်အသွေးကောင်း မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

အစည်းအဝေးတွင် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က နေပြည်တော်ကောင်စီနယ်မြေအတွင်း သီးထပ်စိုက်စွမ်းအား မြှင့်တင်ရေး နှင့် သီးနှံအလိုက် သတ်မှတ်ထားသော ပန်းတိုင်အထွက်ရရှိရေးအတွက် တောင်သူပညာပေး လုပ်ငန်းများကို နယ်မြေအလိုက်၊ သီးနှံအလိုက်၊ စိုက်ပျိုးရာသီအလိုက် စီမံချက်ချမှတ်ပြီး အချိန်ကိုက် ဆောင်ရွက်ရန် ၊ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးကျရောက်မှုများကြောင့် သီးနှံများပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း နှင့် ကြုံတွေ့လာပါက သက်ဆိုင်ရာဌာနများ ဒေသခံတောင်သူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ တာဝန်ရှိသူများက စိုက်ပျိုးနည်းပညာပေးလုပ်ငန်းများ စီမံဆောင်ရွက် ထားရှိမှုနှင့် စိုက်ကွင်းများအရောက် နည်းပညာဝန်ဆောင်မှုပေးနိုင်ရေး ဆောင်ရွက်ထားရှိမှု၊ မြေပဲ နှမ်း နေကြာ ဆီထွက်သီးနှံများ၏ မျှော်မှန်းအထွက်နှုန်းရရှိရေး၊ မျိုးပြောင်းလဲ စိုက်ပျိုးမည့် အစီအစဉ်များ၊ သဘာဝမြေဩဇာနှင့် ဓါတ်မြေဩဇာ ပေါင်းစပ်အသုံးပြုနိုင်ရေး နည်းပညာဖြန့်ဝေခြင်းနှင့် လိုက်နာဆောင်ရွက်စေခြင်းတို့အတွက် ပညာပေးဆောင်ရွက်သွားမည့် အစီအစဉ်များ၊ သီးနှံအလိုက် စိုက်ပျိုးရေရရှိရေးနှင့် ဖြည့်စွက်ရေ ပေးသွင်းနိုင်ရေးအတွက် သက်ဆိုင်ရာဌာနနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်နေမှု ၊ စိုက်ပျိုးရာသီအလိုက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေး၊ တပ်ကုန်းနှင့် ဥတ္တရသီရိမြို့နယ် ဆီထွက်သီးနှံအထူးဇုန်ဧရိယာတွင် ၂၀၂၄-၂၀၂၅ မိုးသီးနှံ ၊ ဆောင်းသီးနှံ ၊ နွေသီးနှံများအဖြစ် စုစုပေါင်း ဆီထွက်သီးနှံ ဧက (၁၃၀၀၀၀)ကျော် စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း ၊ အလားတူ မိုးကောင်းသောက် စိုက်ပျိုးမြေဧရိယာများ၌ ချည်မျှင်ရှည်ဝါသီးနှံ တိုးချဲ့စိုက်ပျိုးရေးကို ဆောင်ရွက်လျက်ရှိရာ တပ်ကုန်း ၊ ဥတ္တရသီရိ ၊ ဇေယျာသီရိနှင့် ပုဗ္ဗသီရိ မြို့နယ်များတွင် စုစုပေါင်း ချည်မျှင်ရှည်ဝါ ဧက(၁၀၁၀၀)စိုက်ပျိုးရန် လျာထား ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေးဦးစီးဌာနက နည်းပညာနှင့်လိုအပ်ချက်များ ကူညီ ဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်