နေပြည်တော်ကောင်စီနယ်မြေ၌ မွေးမြူရေးထွက်ကုန် ပစ္စည်းထုတ်လုပ်မှု တိုးမြှင့်ဆောင်ရွက်နိုင်ရေး မွေးမြူရေးဇုန်များ ဖော်ထုတ်ဆောင်ရွက်လျက်ရှိ

နေပြည်တော် မေ ၁၈ 

နေပြည်တော်ကောင်စီနယ်မြေ၌ မွေးမြူရေးထွက်ကုန် အသား၊ ဥ၊ နို့နှင့် နို့ထွက် ပစ္စည်းထုတ်လုပ်မှုတိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် တပ်ကုန်းမြို့နယ် ကံကြီးကျေးရွာ၊ သပြေချောင်းကျေးရွာနှင့် လယ်ဝေးမြို့နယ် ပြောင်းခေါင်းကြီးကျေးရွာ၊ မင်းပြင်ကျေးရွာတို့တွင် မွေးမြူရေးဇုန်များ ဖော်ထုတ်၍ မွေးမြူရေးတောင်သူများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ အောင်မြင်စွာ မွေးမြူလုပ်ကိုင်နိုင်ကြစေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက လိုအပ်ချက်များကူညီပံ့ပိုးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ကံကြီးမွေးမြူရေးဇုန်နှင့် ရွှေမြို့မွေးမြူရေးဇုန်များအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

ထိုသို့စစ်ဆေးစဉ် မွေးမြူရေးတောင်သူများ ပုဂ္ဂလိကမွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းခွင်အတွေ့အကြုံများကို ရင်းနှီးခင်မင်စွာ မေးမြန်းပြီး နိုင်ငံတော်အစိုးရ၏ စားရေရိက္ခာဖူလုံပိုလျှံရေး အလေးထားဆောင်ရွက်နေမှု၊ မိမိတို့ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များနှင့် မွေးမြူသူများ၏အခက်အခဲများကို ဇုန်တာဝန်ခံနှင့် တာဝန်ရှိသူများကို တင်ပြ၍ အကူအညီရယူနိုင်မှု၊ မြေယာအသုံးပြုခွင့် လုပ်ကိုင်ခွင့်များကို ဥပဒေနှင့်အညီလိုက်နာ ဆောင်ရွက်ကြရန်နှင့် မွေးမြူရေးဇုန် ဆိုင်ရာ ညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ချက်များ၊ ဇုန်အတွင်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသော နေရာများတွင်အမှန်တကယ် ရင်းနှီးမြုပ်နှံလုပ်ကိုင်လိုသူများ လုပ်ပိုင်ခွင့်ရရှိရေး စီမံ ဆောင်ရွက်နေမှုအခြေအနေများ၊ မွေးမြူရေး ထွက်ကုန်များ၏ ဈေးကွက်အလားအလာနှင့် ထုတ်လုပ်မှုတိုးမြှင့်နိုင်ရေး အခွင့်အလမ်းများကို ဆွေးနွေးပြောကြားသည်။ 

ဆက်လက်၍ မွေးမြူရေးတောင်သူများ ပုဂ္ဂလိကမွေးမြူရေးလုပ်ငန်းရှင်များ၏ တင်ပြ ချက်များကို ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဝင်တို့က ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

နေပြည်တော်ကောင်စီနယ်မြေတွင် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေးနှင့် မွေးမြူရေးအခြေခံကုန်ထုတ်လုပ်မှု တိုးမြှင့်နိုင်ရေးအတွက် သတ်မှတ်ဇုန်(၄)ခုတွင် ဒေသနွား၊ နို့စားနွား၊ အသားတိုးဝက်၊ သိုး၊ ဆိတ်နှင့် ကြက်များ မွေးမြူလုပ်ကိုင်လျက်ရှိပြီး ဒေသ၏ အသား၊ ဥ၊ နို့စားသုံးမှုအပြင် တိုင်းဒေသကြီး ပြည်နယ်အသီးသီးသို့လည်း တင်ပို့ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပျဉ်းမနားမြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ပျားမွေးမြူရေးအလုပ်ရုံသို့ သွားရောက်ပြီး မြန်မာနိုင်ငံပျား လုပ်ငန်းအသင်း က မေလ ပထမပတ်အတွင်း ပြည်ပမှတင်သွင်း လှူဒါန်းထားသည့် ပျားဘုရင်မများအား ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲထွန်းဝင်းနှင့် တာဝန်ရှိသူများ က ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဥအုနှုန်းကျဆင်းလာသည့် ပျားဘုရင်မများနေရာတွင် အစားထိုး လဲလှယ်နိုင်ရေး၊ ပျားအုံများ တိုးပွားရေးနှင့် နေကြာစိုက်ခင်းများတွင် စနစ်တကျအသုံးပြုသွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်