နေပြည်တော် ဇူလိုင် ၂၅
၂၀၂၆ ခုနှစ် မိုးရာသီ ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် သီရိမဏ္ဍိုင်လမ်းနှင့် ချင်းတွင်းလမ်းထောင့်၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက အမှာစကားပြောကြားပြီး ကံ့ကော်ပင်အား စတင်စိုက်ပျိုးပေးသည်။
ထို့နောက် တက်ရောက်လာကြသူများက သတ်မှတ်နေရာများတွင် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ မဲဇလီ၊ တမလန်း၊ ခရေ၊ ကံ့ကော်၊ ရေတမာ၊ ယမနေ၊ မဟော်ဂနီနှင့် ဆီသပြေအပင် ၁၅၀၀ စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးသည်။
ယင်းနောက် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ကျေးရွာအုပ်စု ကွင်းအမှတ် ၁၈၂၀ တောင်သူ ဦးငွေဇင်နောင်၏ စိုက်ဧက ၆ ဒသမ ၀၀ ဧက၌ မိုးစပါး ဧရာမင်းစပါးမျိုးအား နေပြည်တော် စက်မှုလယ်ယာဦးစီးဌာနမှ ကောက်စိုက်စက်ဖြင့် ကွင်းသရုပ်ပြ စိုက်ပျိုးမှု၊ လယ်ဝေးမြို့နယ် ပုဏ္ဏမီဂုဏ်ဝေ သီလရှင်ကျောင်းတိုက်၌ ကျန်းမာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီ၏ လမ်းညွှန်မှုဖြင့် နေပြည်တော် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကြီးကြပ်၍ အထူးကုဆရာဝန်ကြီးများပါဝင်သော နယ်လှည့်ဆေးကုသရေးအဖွဲ့က သီလရှင်များ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများအား ဆေးကုသပေးမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက် စည်ပင်ဧည့်ရိပ်သာ (၂) ဂိတ် (၁) အဝင်လမ်း ငလိုက်ချောင်း၏ လက်တံမြောင်းရေတိုက်စားမှုကြောင့် အရှည်ပေ ၃၀၊ အကျယ်ပေ ၅၀၊ အမြင့် ၁၆ ပေရှိ ကျောက်ကြီးစီနှစ်ပေါက်တွဲ Box Culvert ပျက်စီးမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)


