နေပြည်တော်မှာ လည်စရာ

၆ စက်တင်ဘာ

 

လွန်ခဲ့တဲ့ရက်အနည်းငယ်က နေပြည်တော် လှေခွင်းတောင် ဆုတောင်းပြည့်ဘုရားကို သွားရောက်ဖူးမြော်ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ဆယ်နှစ်လောက်က တောင်ထိပ်ကို  ခြေလျင်ပဲတက်ရတာဆိုတော့ လူသူအရောက်အပေါက်နည်းခဲ့တယ်လို့ ဆိုရမှာပါ။

 

အခုတော့ တောင်ထိပ်အထိ ကွန်ကရစ်လမ်းခင်းထားလို့ ဘုရားရင်ပြင်အထိ  ကားရောက်တာမို့ ရင်ပြင်တော်ပေါ်မှာ ဘုရားဖူးသူ၊ ရှုခင်းကြည့်သူတွေနဲ့စည်ကားနေတာကို တွေ့ရပါတယ်။

 

ဘုရားရင်ပြင်တော်ပေါ်ကနေ အရှေ့ဘက်ကို လှမ်းမျှော် ကြည့်လိုက်ရင်ပေါင်းလောင်းဆည် ပင်မတမံနဲ့ ရှမ်းရိုးမတောင် တန်းကြီးတွေကိုလှမ်းမြင်နေရပါတယ်။ တောင်ဘက်မှာတော့ စိမ်းပြာရောင်  ပေါင်းလောင်းမြစ်ဟာ  တောင်ခြေမှာကပ်ပြီး ကျည်တောင်၊  ခေါမရွာတွေဘေးကနေ    ရစ်ခွေစီးဆင်းနေပါတယ်။  အနောက်ဘက်  တစ်ခွင်မှာတော့  ဥပ္ပါတသန္တိစေတီနဲ့ နေပြည်တော်မြို့သစ်ကြီးကို မှုန်ပျပျမြင်နေရပါတယ်။

 

တောင်ပေါ်လေနုအေး


ဘုရားပေါ်ကို  ရောက်တဲ့အချိန်က  ညနေစောင်းဖြစ်နေတော့  နေကလည်းချို၊  ရာသီဥတုကလည်းကောင်းဆိုတော့ တောင်ပေါ်လေနုအေးကို အားပါးတရရှူရှိုက်ရင်း မြင်နေရတဲ့ ရှုခင်းတွေက အခါတိုင်းထက် အလှပိုနေကြသလားလို့တောင် ထင်မှတ်မိပါတယ်။ အဲဒီအချိန်မှာပဲ စိတ်ကူးတစ်ခုဖျတ်ကနဲဝင် ရောက်လာပါတော့တယ်။  အဲဒီစိတ်ကူးကပဲ ကိစ္စတစ်ခုကို ပေါ့လျော့စွာမေ့လျော့ထားခဲ့မိသလိုလည်း  ခံစားမိစေပြန်ပါတယ်။

 

ကျွန်တော်ဟာခရီးသွားခြင်းကို နှစ်သက်ပါတယ်။ နှစ်သက်တဲ့အတိုင်းလည်း   ကိုယ်ရောက်ခဲ့တဲ့   နေရာဒေသ အကြောင်းလေးတွေကို ကိုယ်လိုနှစ်သက်တဲ့သူတွေသိရှိအောင် ခရီးသွားဆောင်းပါးလေးတွေရေးပြီး မျှဝေပေးလေ့ရှိပါတယ်။ ဒါပေမယ့်လည်း ဆယ်စုနှစ်တစ်နှစ်လောက်နေလာခဲ့တဲ့ နေပြည်တော်အကြောင်းကို     တစ်ကြိမ်တစ်ခါမှ    ရေးသားမျှဝေခဲ့ဖူးခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် နေပြည်တော်မှာရှိနေတဲ့ လေ့လာစရာ၊            လည်ပတ်စရာနေရာတွေရဲ့အကြောင်းကို ရေးသားဖို့စိတ်ကူးနဲ့ မေ့လျော့ထားခဲ့မိလေခြင်းဆိုတဲ့ ခံစားမှုတို့ တစ်ပြိုင်တည်းဖြစ်ပေါ်လာတယ်လို့ပဲ ထင်ပါတယ်။

 

ထူးခြားနေရာဒေသတစ်ခု    


တကယ်တော့    နေပြည်တော်ကိုရောက်ရင်    လေ့လာလည်ပတ်စရာနေရာတွေ အများကြီးရှိပါတယ်။ မူလကတည်းက မင်းနေပြည်တော်တွေနဲ့ ဆက်စပ်မှုရှိခဲ့တဲ့ နေရာတွေရှိသလို ယခုနေပြည်တော်လို့ သတ်မှတ်ပြီးတဲ့နောက်ပိုင်းမှ တည်ဆောက် ခဲ့ကြတဲ့နေရာတွေလည်း ရှိပါတယ်။ ပြောရမယ်ဆိုရင် နေပြည်တော်ဆိုတာ  ရှေးကျတဲ့ နေရာတွေနဲ့  ခေတ်နဲ့အညီ  တည်ဆောက်ထားတဲ့    နောက်တိုးလေ့လာစရာနေရာတွေကို ပေါင်းစပ်တွေ့ မြင်နိုင်တဲ့ နေရာဒေသတစ်ခုဖြစ်ပါတယ်။

 

နေပြည်တော်ကိုရောက်ရင် လေ့လာနိုင်တဲ့နေရာတွေအကြောင်း မပြောခင်နေပြည်တော်အကြောင်းကို အရင်ပြောမှ သင့်မယ်ထင်ပါတယ်။  မြန်မာရာဇဝင်မှာ နေပြည်တော်တွေ အများကြီးရှိခဲ့တာပေါ့ဗျာ။  အခုပြောမယ့်   နေပြည်တော်က ရာဇဝင်မှာရှိခဲ့သလို နန်းဆောင်ကြီးတွေ၊ ကျုံးတွေ၊ မြို့ရိုးတွေတော့ တွေ့ရမှာ တော့မဟုတ်ပါဘူး။ ဒါ့အပြင် ဘယ်တိုင်းဒေသကြီးနဲ့    ပြည်နယ်ထဲမှာ    ပါသလဲဆိုရင်လည်း   ဘယ်ထဲမှာမှ မပါပြန်ဘူး။ တိုင်းဒေသကြီးလား၊  ခရိုင်မြို့ ကြီးလား၊   မြို့နယ် အဆင့်ရှိတဲ့  မြို့တစ်မြို့လားဆိုတော့လည်း  မဟုတ်ပြန်ပါဘူး။ ဒါပေမယ့်လည်း နေပြည်တော်ဆိုတာကတော့ သေချာပေါက် ရှိနေတယ်နော်။ အခုနေပြည်တော်က အဲဒီလိုထူးခြားနေတာပါ။

 

ဂုဏ်ယူစရာတစ်ချက်


နေပြည်တော်မတည်ခင်က  အဲဒီဒေသမှာ    တပ်ကုန်း၊ ပျဉ်းမနားနဲ့ လယ်ဝေးဆိုတဲ့ မြို့နယ်သုံးခုရှိနေပါတယ်။ ဇေယျာသီရိ၊ ဇမ္ဗူသီရိ၊ ပုဗ္ဗသီရိ၊ ဒက္ခိဏသီရိနဲ့ ဥတ္တရသီရိဆိုတဲ့ သီရိငါးမြို့ကိုတော့ အသစ်တည်ဆောက်ခဲ့ကြတာပါ။ ယခင်ရှိပြီးသား  သုံးမြို့နဲ့   အသစ်တည်တဲ့   သီရိငါးမြို့နယ်ကိုပေါင်းပြီး နေပြည်တော်ပြည်ထောင်စုနယ်မြေလို့ သတ်မှတ်ထားပါတယ်။

 

အဲဒီပြည်ထောင်စုနယ်မြေကို စီမံခန့်ခွဲဖို့  နေပြည်တော် စည်ပင်သာယာရေးကော်မတီကို  ၂၀ဝ၆ခုနှစ်  ဇွန်လ  ၁  ရက်နေ့မှာ    ဖွဲ့စည်းခဲ့ကြပါတယ်။   နေပြည်တော်ကိုတည်တော့ မြို့ကွင်းမြို့ကွက်နဲ့ အဆောက်အအုံတွေကို မျက်မှောက်ခေတ်နဲ့အညီ  တည်ဆောက်ခဲ့ကြတာဆိုတော့  ရောက်ဖူးတဲ့သူတွေ ပြောပြချက်အရ စင်ကာပူနဲ့ တူတယ်လို့ပြောကြပါတယ်။ ဒါက တော့ဂုဏ်ယူစရာတစ်ချက်ပါပဲ။ နေပြည်တော်ရဲ့ အကြောင်းကို ဒီလောက်နဲ့ပဲ ရပ်ထားလိုက်ပါမယ်။

 

ပြောချင်တာက နေပြည်တော်မှာ လေ့လာလည်ပတ်စရာနေရာတွေကို ဖြစ်ပါတယ်။ ခရီးတစ်ခုသွားတယ်ဆိုတာက လွယ်တာမှမဟုတ်တာ။  မလွယ်တဲ့ကြားက    ရောက်ဖြစ်တဲ့ အချိန်မှာ ရတဲ့အချိန်အပေါ်မူတည်ပြီး ဘယ်နေရာတွေကိုသွားမယ် ဆိုတာဆုံးဖြတ်နိုင်အောင်နေရာလေးတွေ သိထားဖို့လိုပါလိမ့်မယ်။ အေးအေးဆေးဆေး    အချိန်ယူလေ့လာနိုင်တဲ့ သူတွေအတွက်လည်း နေရာလေးတွေ ကျန်သွားတယ် မရှိရအောင်၊ အစီအစဉ်ရေးဆွဲလေ့လာနိုင်အောင်  လမ်းညွှန်ပေး လိုတာပါ။

 

မြောက်အရပ် 


ပြောသာပြောရတာပါ။ အခုခေတ်မှာ ခရီးသွားရတာက နည်းပညာ အထောက်အကူနဲ့ နေရာတစ်ခုကို အလွယ်တကူ ရှာဖွေသွားလာနိုင်ကြပါတယ်။ ဒါပေမယ့်လည်း လေ့လာစရာ နေရာက  ဘာတွေလဲဆိုတာမှမသိရင်  သွားဖို့စိတ်ကူးမရှိနိုင် တော့သလို  နည်းပညာကလည်း  အထောက်အကူ  မပေးနိုင် တော့ပါဘူး။

 

ဒါကြောင့်  နေပြည်တော်ရောက်ရင် လေ့လာသင့်တဲ့ နေရာတွေကို မြောက်အရပ်ကို မူတည်ပြီး လက်ယာရစ်နည်းနဲ့ ပြောပြသွားပါမယ်။ ပြီးတော့ အတွင်းပိုင်းနေရာတွေနဲ့ နောက်ဆုံး အဝေးပိုင်းနေရာတွေဆိုပြီး ခွဲခြားဖော်ပြပေးပါမယ်။

 

နေပြည်တော်ရဲ့မြောက်အရပ်၊ Mount  Pleasant Hotel သွားတဲ့ နေပြည်တော်-တပ်ကုန်း အမှတ်(၂)လမ်းပေါ် မှာ  စကျင်ကျောက်တစ်တုံးတည်းကို ထုလုပ်ထားတဲ့ မဟာသကျရံသီရပ်တော်မူဘုရားကြီး ရှိပါတယ်။  ကုန်းမြင့်ပေါ်မှာ တည်ထားတာကြောင့် ဘုရားကြီးရဲ့  ရင်ပြင်ပေါ်ကနေ ကြည့်ရင် နေပြည်တော်ရဲ့ ရှုခင်းအလှကို နေ့နေ့ညညကြည့်ရှု ခံစားနိုင်ပါတယ်။   နောက်တစ်နေရာကတော့   နေပြည်တော်-တပ်ကုန်း အမှတ်(၁)လမ်းမပေါ်မှာ အိန္ဒိနိုင်ငံဗုဒ္ဓါဂယာနဲ့  သံဝေဇနိယ လေးဌာနတို့မှာရှိတဲ့      အတိုင်းအတာအရွယ်အစားအတိုင်း မြတ်ဗုဒ္ဓရဲ့ ဖွား၊    ပွင့်၊  ဟော၊ စံ သံဝေဇနိယလေးဌာနကို တည်ထား တာရှိပါတယ်။ မူရင်းနေရာကို သွားရောက်ဖူးမြော်ရသလို  ကြည်ညိုနိုင်ကြတာမို့      အများပြည်သူသွားရောက် ဖူးမြော်ကြတဲ့နေရာဖြစ်ပါတယ်။

 

အရှေ့မြောက်အရပ် 


နေပြည်တော်ရဲ့အရှေ့မြောက်အရပ်၊ သိုက်ချောင်းလမ်းဆုံကနေ အရှေ့ဘက်ကို အနည်းငယ်သွားလိုက်ရင် တပ်မတော်စစ်သမိုင်းပြတိုက်ရှိပါတယ်။   မည်သူမဆို အခမဲ့ဝင်ရောက် လေ့လာနိုင်ပါတယ်။ စစ်သမိုင်းပြတိုက်ရဲ့ အရှေ့ဘက်ကပ်လျက်မှာ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်ရှိပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအလိုက် ထင်ရှားတဲ့ပြကွင်းပြကွက်တွေ၊ ရိုးရာအစားအစာအရောင်းဆိုင်တွေရှိတာမို့    လူအများလည်ပတ်အပန်းဖြေကြတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

 

သိုက်ချောင်းလမ်းဆုံကနေ ရန်ကုန်-မန္တလေးလမ်းဟောင်းအတိုင်း  တောင်ဘက်ကိုသွားရင်  တောရိုင်းတိရစ္ဆာန်တွေကို သဘာဝအတိုင်းမွေးမြူထားတဲ့ ဆာဖာရီဥယျာဉ်၊ တိရစ္ဆာန်ဥယျာဉ်နဲ့ နက္ခတ်တာရာပြခန်းတို့ကို ရောက်ပါတယ်။ အဲဒီကနေ တောင်ဘက်ကိုဆက်သွားရင် ပင်လောင်းလမ်းဆုံကို ရောက်ပါမယ်။

 

အရှေ့အရပ်ပင်လောင်းလမ်းဆုံကနေ  အရှေ့ဘက်ကိုသွားရင်တော့ မင်းသုံးပါးရုပ်တုကြီးတွေတည်ရှိရာ  တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကျင်းပတဲ့ စစ်ရေးပြကွင်းကြီးကို ရောက်ပါတယ်။ စစ်ရေးပြကွင်းအလွန်မှာရှိတဲ့ လမ်းအတိုင်း    အရှေ့ဘက်ကို ဆက်သွားရင် သူရဲကောင်းဗိမာန်(နေပြည်တော်)ကို ရောက်ပါတယ်။  အဲဒီမှာတော့  နိုင်ငံတော်အတွက်  အသက်ကို  ပဓာနမထားဘဲ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြတဲ့   သူရဲကောင်းတွေရဲ့ အမည်ကို  ကမ္ပည်းထိုးမှတ်တမ်းတင်ဂုဏ်ပြုထားတဲ့    စကျင်ကျောက်ဗိမာန်ကြီးကို    တွေ့ ကြရမှာဖြစ်ပါတယ်။ ဗိမာန်ကြီးရဲ့မြောက်ဘက်ရင်ပြင်ပေါ်မှာ  စွမ်းရည်သတ္တိဆိုင်ရာအမြင့်ဆုံး ဘွဲ့ဖြစ်တဲ့ အောင်ဆန်းသူရိယဘွဲ့ရရှိသူခြောက်ဦးကို  စကျင်ကျောက်နဲ့ပုံတူထု ဂုဏ်ပြုထားပါတယ်။

 

အဲဒီရင်ပြင်ကနေ အရှေ့ဘက်ကိုကြည့်ရင်    ရှမ်းရိုးမတောင်တန်းကြီးတွေ၊ အရှေ့တောင်ဘက်မှာ လှေခွင်းတောင်၊ တောင်ဘက်မှာဆင်ဖြူတောင်နဲ့ အနောက်ဘက်ကပ်လျက်မှာ သူရဲကောင်းဗိမာန် အတက်အဆင်းလမ်းဘေးက    ရေပန်း၊ ပန်းအလှ၊ မီးဆိုင်းအလှနဲ့ စစ်ရေးပြကွင်းထဲက မင်းသုံးပါးရုပ်တု ကြီးတွေကို မြင်တွေ့ ကြရမှာဖြစ်ပါတယ်။  အနောက်ဘက်အဝေး ပိုင်းမှာတော့    ဥပ္ပါတသန္တိစေတီတော်ကြီးကို   အဝေးကနေ ဖူးမြော်နိုင်ပါတယ်။

 

နေပြည်တော်ရဲ့အရှေ့အရပ်မှာတော့ သမိုင်းဝင်လှေခွင်း တောင်၊ ပေါင်းလောင်းဆည်၊ ဆင်ဖြူတောင်တို့ကို တစ်ကြော တည်းသွားရောက်နိုင်ပါတယ်။ အဲဒီဘက်ကိုသွားရင် တောင်ပေါ်ကသမိုင်းဝင်ဘုရားတွေကို   ဖူးမြော်ရင်း   တောင်အောက်က ရှုခင်းအလှတွေကို  ကြည့်ရှုနိုင်သလို  တောင်ပေါ်မှာ  နေထိုင်ကျက်စားတဲ့  မျောက်တွေကိုလည်း    အစာကျွေးနိုင်ပါတယ်။ ပေါင်းလောင်းမြစ်အတွင်းမှာ   ရေကစား၊ လှေလှော်၊ စက်လှေ စီးပြီး အပန်းဖြေစားသောက်နိုင်တဲ့ နေရာတွေလည်း ရှိပါတယ်။

 

တောင်အရပ် 


တောင်အရပ်မှာတော့  လယ်ဝေးမြို့  ဖောင်တော်ချက်မ ဘုရားရှိပါတယ်။ အဲဒီကနေ မြောက်ဘက်ကံ့ကော်ပန်းအဝိုင်း ဘက်ကိုသွားရင်  သမိုင်းဝင်ရွှေလက်လှ ရန်အောင်မြင်စေတီကို ဝင်ရောက်ဖူးမြော်နိုင်ပါတယ်။ ရွှေလက်လှစေတီရဲ့ တောင်ဘက်မလှမ်းမကမ်းမှာ ထာဝရငြိမ်းချမ်းရေးစေတီတော် ရှိပါတယ်။

နေပြည်တော်လမ်းတွေမှာ ပန်းနဲ့သက်ဆိုင်တဲ့အဝိုင်းပတ် ရှစ်ခုရှိပါတယ်။ နေပြည်တော်အတွင်းပိုင်းကနေရာတွေကို လမ်းညွှန်ဖို့အတွက်  အဲဒီအဝိုင်းတွေကို မူတည်ပြီးဆက်ပြော သွားပါမယ်။ ထာဝရငြိမ်းချမ်းရေးစေတီတော်နားက ကံ့ကော်ပန်းအဝိုင်းကနေ မြောက်ဘက်ကိုသွားရင် သပြေကုန်းအဝိုင်း ရှိပါတယ်။  သပြေကုန်းအဝိုင်း    မရောက်ခင်လေးမှာ ကျောက်မျက်ပြတိုက်ရှိပါတယ်။ သပြေကုန်းအဝိုင်းကျော်တာနဲ့ ရေပန်းဥယျာဉ်ရှိပါတယ်။      ညနေပိုင်းနဲ့      ညဦးပိုင်းတွေမှာ ရေပန်းအကနဲ့  ရေပန်းရုပ်မြင်သံကြားပြသတာကို ကြည့်ရှုနိုင်ပါတယ်။ ဥယျာဉ်ထဲက ကန်တွေမှာ ရေကူးတာ၊ လှေစီးတာလုပ် နိုင်ပါတယ်။ ကစားကွင်းမှာကစားနိုင်သလို မျှော်စင်ပေါ်ကိုလည်း တက်ရောက်အပန်းဖြေနိုင်ပါတယ်။

 

နေပြည်တော်ပုဂံ


သပြေကုန်းအဝိုင်းကနေ  အရှေ့ဘက်ဇီဇဝါအဝိုင်းကိုသွားပြီး အဝိုင်းရဲ့မြောက်ဘက်  နေပြည်တော်ကောင်စီလမ်း အတိုင်းသွားရင်      ညောင်ပင်ကြီးစုရွာကို    ရောက်ပါတယ်။ ညောင်ပင်ကြီးစု   ရွာဘုန်းကြီးကျောင်းဝင်းထဲမှာ  ကုန်းဘောင်ခေတ်နှောင်း  သာသနိကအဆောက်အအုံတွေရှိပါတယ်။  ခရီးသွားတွေကတော့      အဲဒီနေရာကို နေပြည်တော်ပုဂံလို့ တင်စားပြီးခေါ်ကြပါတယ်။ စေတီတွေနဲ့ အဆောက်အအုံတွေကို ရှေးမူမပျက်ပြန်လည်ပြုပြင်ထားတာပါ။ မူလတည် သက္ကရာဇ်ကို ၁၂၂၀ လို့ ဖော်ပြထားတာတွေ့လို့  ကုန်းဘောင်ခေတ်နှောင်းလို့ ပြောရတာပါ။ အချို့ကတော့ မူလအုတ်ချပ်တွေမှာ လက်ရေး စင်းအမှတ်အသားတွေတွေ့လို့   ပျူခေတ်ယဉ်ကျေးမှုလို့လည်းပြောကြပါတယ်။      ဒါလည်းဖြစ်နိုင်ပါတယ်။      မြန်မာတွေရဲ့ ဘာသာသာသနာစောင့်ရှောက်မှုက  ဒီလိုပဲလက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့ကြတာ မဟုတ်ပါလား။

 

စုံသလောက်ရှိ 


ဇီဇဝါပန်းအဝိုင်းကနေ အရှေ့ဘက်ကိုသွားရင် ဆင်ရတနာ၊ မြင်းရတနာ ရုပ်တုကြီးတွေဖြတ်ပြီး ပျဉ်းမနားမြို့ထဲကို ရောက်ပါတယ်။  ပျဉ်းမနားမြို့ရဲ့အထင်ကရ  နေရာကတော့  သမိုင်းဝင် ကိုးဆူဘုရားနဲ့ ကန်တော်မင်္ဂလာကန်ပဲ ဖြစ်ပါတယ်။ အဲဒီအနား တစ်ဝိုက်မှာပဲ လောကမာရဇိန်ဘုရားနဲ့ ကိုးခန်းကြီးဘုရားလည်း ရှိပါတယ်။

 

အဲဒီကနေ   မြောက်ဘက်ကိုသွားရင်   နေရောင်ပြအင်းဘုရား၊    ဥပ္ပါတသန္တိစေတီတော်နဲ့        ဆင်ဖြူတော်ရုံတွေကို ရောက်ပါတယ်။

 

ဥပ္ပါတသန္တိစေတီတော်ကနေ      ရာဇဌာနီလမ်းအတိုင်း အနောက်ဘက်ကိုသွားရင် သမိုင်းဝင်လက်လုပ်တောင် ရွှေနန်းသွင်းစေတီကို ရောက်ပါတယ်။ အဲဒီကနေ အနောက်ဘက် ဆက်သွားရင် ကုမုဒြာကြာပန်းဝိုင်းရောက်ပါတယ်။ အဝိုင်းကနေမြောက်ဘက်ကို အနည်းငယ်သွားလိုက်ရင် အမျိုးသားပြတိုက် ကိုရောက်ပါတယ်။

 

ကုမုဒြာကြာပန်းအဝိုင်းကနေ  အနောက်ဘက်ကိုသွားရင် ကြာပန်းအဝိုင်းကိုရောက်ပါတယ်။ ကြာပန်းဝိုင်းကနေ အနောက် ဘက်ကိုပဲဆက်သွားရင်  လွှတ်တော်အဆောက်အအုံတွေကိုတွေ့ရမှာဖြစ်ပါတယ်။ ဒီလောက်ဆိုရင်   နေပြည်တော်အဝန်း အဝိုင်းထဲက သွားသင့်သွားထိုက်တဲ့နေရာတွေ စုံသလောက်ရှိ သွားပါပြီ။

 

ငလိုက်ကန်သာ အပန်းဖြေစခန်း 


ဆက်လက်ပြီးတော့ နေပြည်တော်ဧရိယာထဲမှာရှိပေမယ့် အဝေးပိုင်းနေရာတွေအကြောင်း ပြောလိုပါတယ်။  ပျဉ်းမနား-တောင်ညိုလမ်းအတိုင်းသွားပြီး ကျွဲရှင်းတံတားအကျော်မှာ ငလိုက်ကန်သာအပန်းဖြေစခန်းရှိပါတယ်။  ငလိုက်ဆည်ပင်မ တမံဘေးမှာ ကပ်လျက်ပါပဲ။ ၂၀၁၃ ခုနှစ် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးကို  မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ်  ကျင်းပခဲ့ပါတယ်။ အဲဒီအားကစားပြိုင်ပွဲကြီးမှာ ပါဝင်တဲ့လှေလှော်ပြိုင်ပွဲတွေကို ငလိုက်ဆည်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ ဆည်ရေပြင်ကြီးနဲ့ ပတ်ဝန်းကျင်ရှုခင်းတွေက သာသာယာယာရှိလှတာမို့      သွားရောက်အပန်းဖြေသင့်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။

 

ငလိုက်ကန်သာအပန်းဖြေစခန်းမှာ  မိသားစုအလိုက်၊ အဖွဲ့လိုက်ဆည်အတွင်းမှာ  စက်လှေစီးနိုင်သလို  စက်လှေစီးပြီး ငလိုက်ဆင်စခန်းကိုလည်း   သွားရောက်လေ့လာနိုင်ပါတယ်။ ငလိုက်ဆင်စခန်းကို          ရန်ကုန်-မ္တလေးအမြန်လမ်းကနေ သွားမယ်ဆိုရင်တော့ မိုင်တိုင်အမှတ် ၂၁၇/ဝ မှာ အဝင်ဂိတ်ရှိ ပါတယ်။ ဆင်စခန်းအတွင်းမှာ ဆင်တွေကို လေ့လာနိုင်တဲ့အပြင် ကျွန်းတောကြီးထဲမှာ  တည်ဆောက်ထားတဲ့  ရွက်အုပ်ဖြတ် လျှောက်လမ်း  ကောင်းကင်သစ်သားတံတားကြီးပေါ်ကိုလည်း ဖြတ်လျှောက်နိုင်ပါတယ်။

 

ရေပူစမ်းအဝေးက နောက်နေရာတစ်ခုကတော့ ရန်ကုန်-မန္တလေး လမ်းဟောင်းမိုင်တိုင်အမှတ် ၂၇၁/၃    မှာရှိတဲ့    ကင်းသာ လမ်းဆုံကနေ  ပင်လောင်းဘက်ကို  ၂၅  မိုင်သွားရင်  နေပြည် တော်ရေပူစမ်းရှိပါတယ်။ အများသုံးရေပူစိမ်ကန်တွေနဲ့ သီးသန့် ရေစိမ်ခန်းတွေ ပြုလုပ်ထားပါတယ်။ အချို့က ရောက်တုန်းရောက် ခိုက် သဘာဝရေပူကန်ထဲမှာ ကြက်ဥပြုတ်ပြီး စားကြတာလည်း ရှိပါတယ်။ အဲဒီကနေ ပင်လောင်းဘက်ကို ၁၅ မိုင်ထပ်သွားလိုက်ရင်တော့ ပေါင်းလောင်းဆည်ကြီးကိုဖြတ်ထိုးထားတဲ့ လိန်းလီကြိုး  တံတားကြီးကို  ရောက်ပါတယ်။  ပေါင်းလောင်းမြို့ကနေ စက်လှေစီးပြီး နမ့်မွန်ရေတံခွန်ကိုလည်း သွားနိုင်ပါတယ်။

 

ဒီလောက်ဆိုရင် နေပြည်တော်မှာ ဘယ်နေရာတွေကို သွားရောက်လေ့လာ  လည်ပတ်နိုင်တယ်ဆိုတာ အကြမ်းဖျင်းသိလောက်ပါပြီ။ ဖော်ပြခဲ့တာတွေကတော့ အစီအစဉ်ကျချင်မှ ကျပါလိမ့်မယ်။   ဒါပေမယ့်လည်း   သွားသင့်တဲ့နေရာတွေရဲ့ အမည်နဲ့ အဲဒီနေရာတွေနဲ့ အနီးဆုံးနေရာတွေကို မူတည်ပြီး လမ်းòန်ရေးသားထားတာဖြစ်လို့  မသိတာထက်စာရင်  ရှာဖွေရတာ လွယ်ကူလိမ့်မယ်ထင်ပါတယ်။ နေပြည်တော်ကို လာလည်ရင်း ပျော်ရွှင်ကြည်နူးမှုတွေရရှိခံစားနိုင်ကြပါစေလို့။        ။

 

အန်ကယ်ပညာ